ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ရက် ညနေ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး   ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုရဲ့ ဒုတိယလှိုင်းမှာ ရောဂါအတည်ပြုလူနာ အများဆုံးတွေ့ရှိရတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ် - ၁၉ ကို အတိုင်းအတာ တစ်ခုအထိ စတင် ထိန်းချုပ်လာနိုင်နေပြီလို့ သိရပါတယ်။

ဒါပေမယ့် သတိလက်လွတ်နဲ့ အမှုမဲ့အမှတ်မဲ့ နေထိုင်နေကြတဲ့ မိဘပြည်သူတွေကိုလည်း တွေ့ရှိနေရသေးတဲ့အတွက် မိမိကြောင့် မိမိနဲ့ပတ်ဝန်းကျင်ကို ရောဂါကူးစက်မှုကနေ ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကိုဗစ် - ၁၉ ကာကွယ်ရေး လမ်းညွှန်ချက်တွေကို လိုက်နာနေထိုင်ကြဖို့ တိုက်တွန်းပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံရဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ် - ၁၉ ဆိုင်ရာ ကာကွယ်ရေး လမ်းညွှန်ချက်တွေ၊ ထုတ်ပြန်ချက်တွေနဲ့အညီ ကျန်းမာရေးအရ ဘေးအန္တရာယ်အနည်းဆုံးနဲ့ လုံခြုံစိတ်ချစွာ မဲပေးနိုင်ဖို့အတွက် ဆောင်ရွက်ထားရှိတာတွေကို ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေက ပြည်သူတွေထံမှ ရွေးကောက်ပွဲအတွင်း ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး သိရှိလိုတဲ့အတွက် မေးမြန်းလာတဲ့ မေးခွန်းတွေကို ထည့်သွင်းပြီး ဖြေကြားဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့ရဲ့ မေးခွန်း မေးမြန်း / ဖြေကြားဆွေးနွေးမှုမှာ ဆရာကြီး ပါမောက္ခဒေါက်တာထင်အောင် စော [ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအားဖြည့် ဆောင်ရွက်ရေးအဖွဲ့ဝင်] ဆရာမကြီး ဒေါက်တာဒေါ်သီတာလှ [ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] ဆရာမကြီး ဒေါက်တာတိုးသီရိအောင် [ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါ နှိမ်နင်းရေးဌာနခွဲ) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] တို့နဲ့အတူ ဦးဆောင်ဆွေးနွေးသူအဖြစ် ဆရာကြီး ဒေါက်တာသန်းနိုင်စိုး [ညွှန်ကြားရေးမှူး (ကျန်းမာရေး အသိပညာမြှင့်တင်ရေး) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန] က ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

အခုလက်ရှိမှာဆိုရင်လည်း မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကြီးကလည်း မကြာခင်အချိန်အတွင်းမှာ ကျင်းပပြုလုပ်ဖို့အတွက် နီးကပ်နေပြီဆိုတော့ ရွေးကောက်ပွဲမှာလည်း ကျန်းမာရေးနဲ့အညီ လုံခြုံစိတ်ချစွာနဲ့ မဲပေးနိုင်ဖို့အတွက် ကိုဗစ် - ၁၉ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ထားရှိမှု အနေအထားတွေကိုလည်း ဆွေးနွေးပေးနိုင်ဖို့အတွက် ဒီနေ့မှာ ဆရာကြီး ဒေါက်တာသန်းနိုင်စိုးကနေ ဦးဆောင်ဆွေးနွေးပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။

ဒေါက်တာသန်းနိုင်စိုး   ကျွန်တော်တို့အနေနဲ့ ပြည်သူတွေ မေးမြန်းထားတဲ့ မေးခွန်းတွေ ထဲက   ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ မေးခွန်းတွေကော၊ တခြားမေးခွန်းတွေကော တွဲဖက်ဖြေကြားပေးမှာ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ဆရာကြီး ပါမောက္ခ ဒေါက်တာထင်အောင်စောကို ဖိတ်ခေါ်ပါတယ်။

ပါမောက္ခဒေါက်တာထင်အောင်စော။     ဆေးကုသမှုဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်လို့ မေးတဲ့ မေးခွန်းတွေထဲက ပထမဦးဆုံး ကျွန်တော် ဖြေကြားလိုတဲ့အုပ်စုက သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ရောဂါအခံရှိသူတွေဟာ ကိုဗစ်ရောဂါဖြစ်လို့ရှိရင် ပိုဆိုးတတ်တယ်လို့ သိတဲ့အခါကျတော့ စိုးရိမ်ပြီးမေးကြတဲ့ မေးခွန်းတွေဖြစ်ပါတယ်။

ကျွန်တော်အနေနဲ့ ဖြေကြားပေးရမယ်ဆိုရင် ဆေးရုံမှာ တာဝန်ကျသူဖြစ်စေ၊ မဲသွားပေးသူ ဖြစ်စေ ဒါမှမဟုတ် အိမ်မှာနေသည်ဖြစ်စေ ရောဂါအခံရှိတဲ့သူတွေ လိုက်နာသင့်တာတွေက ဘာတွေပါသလဲဆိုရင် မိမိရဲ့ ရောဂါအခံကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းကုသထားဖို့က အဓိက အရေးကြီးပါတယ်။ ဒီနေရာမှာ သောက်သုံးရမယ့် ဆေးဝါးတွေကို ပုံမှန်ဆေး မှန်မှန်သောက်သုံးခြင်းကလည်း အရေးကြီးပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ရောဂါ ပုံမှန် ရှိ / မရှိ ကိုလည်း စစ်ဆေးနေဖို့က အရေးကြီးပါတယ်။

အဲဒီတော့ မြန်မာနိုင်ငံ သွေးတိုးရောဂါပညာရှင်အဖွဲ့က ပညာရှင်တွေ၊ ဆီးချိုရောဂါပညာရှင်တွေနဲ့ ကျွန်တော် ဆွေးနွေးတဲ့အခါ သွေးပေါင်ချိန်ကို အိမ်မှာ မှန်မှန်ချိန်ပေးခြင်းသည် အရေးကြီးပါတယ်။ Home-based Blood Pressure Monitoring ဒါကို လုပ်ပေးဖို့ လိုအပ်တယ်။ ဆီးချိုရောဂါဆိုရင်လည်း ဆီးချိုကို ပုံမှန်စစ်ဆေးပေးနေဖို့ လိုအပ်တယ်ဆိုပြီး သူတို့ကဆိုထားကြပါတယ်။ ဒါတွေကို ပုံမှန်ဖြစ်အောင် ဖော်ထုတ်ထားနိုင်မယ်ဆိုရင် အကောင်းဆုံး အခြေအနေနဲ့ အန္တရာယ်အနည်းဆုံး အခြေအနေအဖြစ် သူတို့အနေနဲ့ သတ်မှတ်ထားပါတယ်။

ဒီနေရာမှာ သွေးချိုဆိုရင်လည်း မနက်စောစော သွေးချိုဟာ ၉၀ နဲ့ ၁၀၀ အကြားရှိသင့်တယ်။ သွေးပေါင်ချိန်ဆိုရင် ၁၁၀ / ၈၀ Normal ဒီလိုမျိုးရအောင် ထိန်းထားနိုင်တဲ့သူဆိုရင် မစိုးရိမ်ရဘူး။ မိမိရဲ့ရောဂါအခြေအနေက ထိန်းမထားနိုင်ဘူးဆိုရင် ပုံမှန်ပြနေကြ ဆရာဝန်တွေနဲ့ ဆွေးနွေး တိုင်ပင်သင့်တယ်။ တကယ်လို့ ကိုယ်တိုင် မတွေ့နိုင်ဘူးဆိုရင်လည်း တယ်လီဖုန်းနဲ့ အွန်လိုင်းကနေ ဆွေးနွေးတိုင်ပင်နိုင်နဲ့ အခြေအနေတွေ ဖန်တီးပေးထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ Call Center တွေဖြစ်တဲ့ 2019 ကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းရဲ့ Facebook Page မှာရေးထားတဲ့ တယ်လီဖုန်းနံပါတ်တွေကနေ တစ်ဆင့်သော်လည်းကောင်း၊ ဒါမှမဟုတ် မြန်မာနိုင်ငံ သွေးတိုးရောဂါပညာရှင်အဖွဲ့ကနေ Facebook Page မှာ တင်ထားတဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးတာတွေကို လိုက်နာခြင်းအားဖြင့် မိမိရဲ့ရောဂါကို ထိန်းသိမ်းထားနိုင်တယ်ဆိုရင် ဒီလိုမျိုး စိုးရိမ်စရာ မရှိဘူးလို့ ဆရာတွေအားလုံးရဲ့ မှတ်ချက်နဲ့ ကျွန်တော် ပြောကြားလိုပါတယ်။

နောက်ထပ် မေးခွန်းတစ်ခုက သွေးရည်ကြည်သွင်းတာနဲ့ ပတ်သက်တဲ့ မေးခွန်းဖြစ်ပါတယ်။ မေးခွန်းရှင်က ဆရာကြီး ပါမောက္ခဒေါက်တာဦးရဲမြကို တိုက်ရိုက်မေးထားတဲ့ မေးခွန်းဖြစ်ပါတယ်။ သို့သော် ကျွန်တော်ကပဲ ဆရာကြီးဦးရဲမြကိုယ်စား ဖြေကြားပေးမှာဖြစ်ပါတယ်။ ဆရာကြီးဦးရဲမြကို တယ်လီဖုန်းနဲ့ ခွင့်တောင်းပြီး ဖြေကြားခြင်းဖြစ်ပါတယ်။

မေးခွန်းရှင်က သွေးရည်ကြည် သွင်းတဲ့အခါမှာ သွေးအုပ်စု တူမှသာလျှင် သွင်းလို့ရတာလား၊ သွေးအုပ်စု မတူရင်လည်း သွင်းလို့ရလားဆိုပြီး မေးထားပါတယ်။ သီအိုရီအရ ပြောမယ်ဆိုရင် သွေး အုပ်စုမတူရင်လည်း သွင်းလို့ရပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံမှာ အန္တရာယ်အနည်းဆုံးဖြစ်အောင်လို့ သွေးအုပ်စုတူတဲ့သူ အချင်းချင်းရဲ့ သွေးရည်ကြည်ကိုသာလျှင် သွင်းပေးနေတယ်လို့ သိရပါတယ်။

မေးခွန်းရှင်က တခါထပ်ပြီး သူ့ရဲ့ သွေးအုပ်စုက ရှားပါးတဲ့ သွေးအုပ်စု အမျိုးအစားဆိုရင် အခက်အခဲ ရှိမလားလို့ မေးထားပါတယ်။ မစိုးရိမ်ပါနဲ့ ဒီလိုမျိုး သွေးအုပ်စု မတူသော်လည်း စောစောက သွေးအုပ်စုတွေ လုံလောက်အောင် စုဆောင်းထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သွေးရည်ကြည်တွေကို လုံလောက်အောင် စုဆောင်းထားတဲ့အတွက် ရှားပါးတဲ့ သွေးအုပ်စုအမျိုးအစားတွေကို ရရှိအောင် လုပ်ပေးနိုင်တယ်လို့ ဆိုတာပါ။ ဒီနေရာမှာ သွေးရည်ကြည် လှူဒါန်းလိုသူများရှိရင်လည်း သတင်းစာထဲမှာ သွေးရည်ကြည်လှူလို့ရအောင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စီစဉ်ဖော်ပြပေးထားပါတယ်။ ဖုန်းနံပါတ် ၀၉ - ၅၁၃၀၄၁၈ အပါအဝင် ဖုန်းဆက်လို့ရတဲ့ နေရာတွေ အများကြီးရှိပါတယ်။ အဲဒီနေရာကနေ ဆက်သွယ်ပြီး လှူဒါန်းချင်ရင် လှူဒါန်းလို့ရပါတယ်။

နောက်တစ်ဆက်တည်း ပြောလိုတာက အခြားသော ရောဂါအခံရှိတဲ့သူတွေအနေနဲ့ ဆေးကုသမှု ခံယူနိုင်အောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဆေးကုသမှုဌာနတွေအားလုံးမှာ စီမံပေးထားပါတယ်။ ဒါကြောင့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ကိုဗစ်ဖြစ်လာရင် ဆေးကုသမှုတွေကို လုံလောက်အောင် စီမံပေးထားပြီးဖြစ်ကြောင်း ပြောချင်ပါတယ်။

နောက်ထပ် မေးခွန်းတစ်ခုက Positive ဖြစ်ပြီးသားသူတွေက ကောင်းသွားပြီ၊ သက်သာသွားပြီ၊ ဆေးရုံက ဆင်းခွင့်ရပြီ၊ Quarantine လည်း ရက်ပြည့်သွားပြီ အဲဒီမှာ သူတို့တွေသည် ထပ်ကူးနိုင်သေးလား၊ လုပ်ငန်းခွင်ဝင်နိုင်ပြီလား ဆိုပြီး မေးခွန်းမေးလာပါတယ်။ အဖြေက သူတို့တွေသည် သတ်မှတ်ရက် ပြည့်ပြီးသွားပြီ အိမ်မှာလည်း ရက်နေပြီးသွားပြီဆိုရင် သူတို့တွေကနေ တစ်ဆင့်မကူးနိုင်တော့ပါဘူး။ ဒီလူများသည် လုပ်ငန်းခွင်ထဲ ပြန်ဝင်လို့ရပါပြီ။ မဲရုံကိုလည်း မဲသွားပေးလို့ ရနေတဲ့အဆင့် ရောက်နေပါပြီ။  သို့သော်လည်း ပြည်သူများသည် မျက်နှာဖုံးနဲ့ နှာခေါင်းစည်း တပ်ရမယ်၊ ခပ်ခွာခွာနေရမယ်၊ လက်ဆေးရမယ်ဆိုတဲ့ အများပြည်သူ ကျင့်သုံးတဲ့ ရောဂါကာကွယ်ရေး နည်းစနစ်တွေကို ဆက်လက်ကျင့်သုံးရဦးမှာ ဖြစ်ပါတယ်။

အဲဒီမှာ တစ်ဆက်တည်း မေးထားတဲ့ မေးခွန်းက Mask တွေ အကြာကြီး တပ်ထားရင် နှလုံးရောဂါ၊ အဆုတ်တွေကို ထိခိုက်နိုင်သလားလို့ မေးထားတဲ့ မေးခွန်းရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ သုတေသနတွေ ပြုလုပ်ပြီးဖြစ်ပါတယ်။ နှလုံးတို့၊ အဆုတ်တို့ကို ထိခိုက်တတ်ခြင်းမရှိပါဘူးလို့ ကျွန်တော်အနေနဲ့ ဒီနေရာကနေ အများပြည်သူ သိရှိအောင်လို့ ဖြေကြားခွင့်ပြုပါ။

နောက်ဆုံးမေးခွန်းတစ်ခုက ရောဂါလက္ခဏာ သိပ်မရှိတဲ့သူတွေ၊ Positive ဖြစ်တယ် ရောဂါ နည်းနည်းပဲဖြစ်တဲ့သူတွေဟာ အဆုတ်ပျက်စီးပြီး ကျန်နိုင်ခဲ့သလားဆိုပြီး မေးခွန်းမေးထားပါတယ်။ အဖြေက ရောဂါလက္ခဏာ နည်းနည်းပဲရှိတဲ့သူ၊ လုံးဝမရှိတဲ့သူသည် အဆုတ်မှာ ပျက်စီးပြီး မကျန်နိုင်ပါဘူး။ စိုးရိမ်သောက မဖြစ်ပါနဲ့လို့ ကျွန်တော်အနေနဲ့ ဒီနေရာကနေ ပြောကြားလိုပါတယ်။ ဒီလိုမျိုးမေးခွန်းတွေ ဖြေကြားခွင့်ရတဲ့အတွက်ကြောင့်မို့ အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဒေါက်တာသန်းနိုင်စိုး    အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီးခင်ဗျာ။ ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) အစ်မ ဒေါက်တာသီတာလှကို မေးခွန်း တွေ ဖြေကြားပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။

ဒေါက်တာဒေါ်သီတာလှ    လောလောဆယ်အနေနဲ့လည်း မကြာခင်မှာ ကျင်းပတော့မယ့် အထွေထွေရွေးကောက်ပွဲကြီးမှာ ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ကော်မတီဗဟိုအဆင့်မှာ ကျွန်မကအဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။ ကျွန်မအနေနဲ့ မေးခွန်းတွေထဲမှာ ပါဝင်တဲ့ မေးခွန်းတစ်ခုဖြစ်တဲ့ မဲပေးမယ့်အချိန် ဆေးရုံမှာ တက်ရောက်ပြီး ကုသမှုခံယူနေရတဲ့ လူနာတွေအတွက် ဘယ်လိုစီစဉ် ဆောင်ရွက်ထားတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေသိရှိအောင် အနည်းငယ် ရှင်းလင်းတင်ပြလိုပါတယ်။

အဓိက ဆေးရုံဆိုတဲ့နေရာမှာ ပြည်သူ့ဆေးရုံတွေ ရှိသလို၊ ပုဂ္ဂလိကဆေးရုံတွေလည်း ရှိပါတယ်။ ပြည်သူ့ဆေးရုံတွေမှာ တက်ရောက်ကုသမှုခံယူနေတဲ့ လူနာတွေကလည်း ကိုဗစ် - ၁၉ ဓာတ်ခွဲ အတည်ပြု လူနာတွေရှိသလို၊ကိုဗစ်မဟုတ်သော တခြားရောဂါတွေနဲ့ ဆေးရုံတက်ရောက်ပြီး ကုသမှုခံယူနေရတဲ့ လူနာတွေလည်း ရှိပါတယ်။ မီးဖွားလူနာတွေ အပါအဝင် ဖြစ်ပါ တယ်။ ဒါကြောင့် ဒီလိုလူနာတွေအတွက် ယခင်ထဲက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေ၊ နည်းဥပဒေတွေ၊ လုပ်ငန်းလမ်းညွှန်တွေမှာလည်း ပါပြီးသားဖြစ်ပါတယ်။

ဒီလိုဆေးရုံတက်ရောက်နေတဲ့ လူနာတွေအတွက် ကြိုတင်မဲပေးတဲ့ စာရင်းထဲမှာ ပါဝင်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်မဲပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များအတိုင်း ကျွန်မတို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ယခုကာလက ကိုဗစ် - ၁၉ ဖြစ်နေတဲ့ကာလမှာ ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်နေတဲ့အတွက်ကြောင့် ကိုဗစ် - ၁၉ အတည်ပြုလူနာတွေ၊ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံးဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ အားလုံးသိကြတဲ့အတိုင်း ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာပ ဆေးရုံကြီး၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတို့မှာ ကိုဗစ်လူနာတွေကို လက်ခံကုသပေးနေပြီ ဖြစ်ပါတယ်။ ယာယီ ဆေးရုံသဘောမျိုး ဖွင့်ထားရတဲ့ ကုသရေးဌာနက ၁၅ ခုရှိပါတယ်။ ဒီနေရာတွေမှာ တက်ရောက်ပြီး ကုသမှုခံယူနေတဲ့ လူနာတွေ ကြိုတင်မဲပေးနိုင်ဖို့အတွက် အထူးအလေးထားပြီး ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။

ဒီလို ပြင်ဆင်ဆောင်ရွက်တဲ့နေရာမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်၊ ယခုဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ကော်မတီတို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ကော်မတီကို အဆင့် ဆင့်နဲ့ ဖွဲ့စည်းထားပါတယ်။ ဗဟိုအဆင့်၊ တိုင်းဒေသကြီး /ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဆိုပြီး ဖွဲ့ထားပါတယ်။ ဒီကော်မတီတွေရယ်၊ နောက်ဆေးရုံတွေက ဆေးရုံအုပ်ကြီးတွေရယ်၊ နောက်တစ်ခုက ရွေးကောက်ပွဲ ကော်မရှင်ရယ် ရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကလည်း အဆင့်ဆင့်ရှိပါတယ်။ ရပ်ကွက် / ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် စသည်ဖြင့် ရှိပါတယ်။ ဒီလို ဦး ဖလှယ် ပူးပေါင်းပြီး ကြိုတင်မဲအတွက် ဆောင်ရွက်တဲ့နေရာမှာ ကိုယ့်ရဲ့ဆေးရုံသော်လည်းကောင်း၊ ကုသရေးဌာန သော်လည်းကောင်း ကိုဗစ်ရောဂါဖြစ်စေ၊ တခြားရောဂါဖြစ်စေ တက်ရောက်ကုသမှု ခံယူနေတဲ့ လူနာတွေအနေနဲ့ ကြိုတင်မဲပေးနိုင်ဖို့ ထုတ်ပြန်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ လုပ်ငန်းလမ်းညွှန်တွေအတိုင်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မိဘပြည်သူတွေကို အသိပေးပြောကြားလိုပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ပေါင်းစပ်ညှိနှိုင်းမှုသည် အရမ်းအရေးကြီးပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်း လုပ်လို့မရတဲ့အတွက်ကြောင့်မို့ ဒါလေးကို ပေါင်းစပ်ညှိနှိုင်းပြီးတော့ ကြိုတင်မဲပေးလိုသော လူနာတွေ အဓိက လုံခြုံစိတ်ချစွာပေးနိုင်ဖို့အတွက် ဒါတွေကို ကျွန်မတို့ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒီလိုကြိုတင်မဲပေးတဲ့နေရာမှာလည်း အဓိက ဓာတ်ခွဲအတည်ပြုလူနာတွေက ပိုပြီးအရေးကြီး ပါတယ်။ ကိုဗစ် - ၁၉ လူနာတွေထံကနေ ဆန္ဒမဲသွားပြီး ကောက်ယူမယ့်တဲ့သူတွေကို ကျန်းမာရေးဝန်ထမ်းတွေက ကူညီပေးမှာ ဖြစ်ပါတယ်။ လူနာဆီကနေ ရောဂါပိုးကို တာဝန်ထမ်းဆောင်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲက ဝန်ထမ်းတွေရော၊ ကျန်းမာရေးဝန်ထမ်းတွေကော ကူးစက်မှု မခံရအောင်လို့ လုပ်ထုံး၊ လုပ်နည်းတွေ၊ လုပ်ငန်းလမ်းညွှန်တွေကို သေသေချာချာ ရေးဆွဲထားပြီး ကြိုတင်မဲပေးမှုစနစ်ကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြား လိုပါတယ်။

ဥပမာ - အတည်ပြုလူနာတွေ ဆေးရုံတွေပေါ်မှာ မဲပေးရာတွင် လိုက်နာရမည့်လုပ်ငန်းစဉ် ချက်ကို ရေးဆွဲထားပါတယ်။ နံပါတ် () က ကိုဗစ် - ၁၉ အတည်ပြုလူနာတွေက အထူးသီးသန့်ခန်းတွေ၊ အထူးကြပ်မတ် ကုသဆောင်တွေမှာ နေရတဲ့အတွက်ကြောင့် ဒီလူတွေသည် လူနာဖြစ်နေပင်မဲ့ နိုင်ငံသားတစ်ယောက်ရဲ့ မဲပေးခွင့် မဆုံးရှုံးရအောင် ကြိုတင်စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်။ အဲဒီနေရာတွေကို ကျန်းမာရေးဝန်ထမ်းတွေက ကာကွယ်ရေးဝတ်စုံ အပြည့်အစုံ စနစ်တကျဝတ်ဆင် သွားရောက်ပြီး ဆန္ဒမဲကို ရယူမှာဖြစ်ပါတယ်။ ဒါက လမ်းမလျှောက်နိုင်တဲ့ လူနာတွေအတွက်ပါ။ တကယ်လို့ ဒီလိုလူနာက လူနာလည်းဖြစ်တယ်။ လမ်းလည်း လျှောက်နိုင်တယ်ဆိုရင် အထူးသဖြင့် ကုသရေးစင်တာတွေက လူနာတွေဆိုရင် မဲပေးမယ့်နေရာကို စနစ်တကျ သတ်မှတ်ထားတဲ့နေရာမှာ လာရောက် မဲပေးရမှာဖြစ်ပါတယ်။

အဲဒီလို မဲပေးတဲ့အခါမှာ မဲဆန္ဒရယူမယ့် ဝန်ထမ်းဖက်ကလည်း အကာအကွယ်တွေ လုပ်ထားရမှာဖြစ်သလို မဲပေးမယ့် လူနာကလည်း သေချာသတ်မှတ်ထားတဲ့ KN95 Mask တွေ ဝတ်မယ်။ Gloves တွေဝတ်မယ်။ အဲဒီလိုဝတ်ပြီးမှ အဓိကကတော့ မဲစာရွက်ကို မထိတွေ့ဘဲ မဲပေးနိုင်တဲ့ စနစ်ကို ကျွန်မတို့ ကျင့်သုံးမှာဖြစ်ပါတယ်။ လူတစ်ယောက်က မဲပေးတဲ့အခါ  သူ့မှာရှိတဲ့ Privacy သူ့မှာရှိတဲ့ လုံခြုံမှုပေါ့။ လုံခြုံမှုဆိုတာ ရောဂါကိုလည်း လုံခြုံရမယ်။ သူဘာကို မဲပေးတယ်ဆိုတာ အများမသိအောင် ဒီလိုမျိုး Privacy ရရှိရေးကိုလည်း ဦးစားပေးပြီး စီစဉ်သွားမှာဖြစ်ကြောင်း အသိပေးတင်ပြလိုပါတယ်။ ဒါက ပြည်သူ့ဆေးရုံနဲ့ စင်တာပါ။

နောက်တစ်ခု ကျွန်မပြောချင်တာက ပုဂ္ဂလိကဆေးရုံတွေပါ။ ပုဂ္ဂလိကဆေးရုံတွေမှာလည်း တက်ရောက်ကုသနေတဲ့ လူနာတွေ ရှိပါတယ်။ လောလောဆယ် ဒီနေ့အထိကတော့ ပုဂ္ဂလိကဆေးရုံတွေမှာ တက်ရောက်ကုသနေတာက Non Covid လူနာတွေ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါကို ကုသခွင့်မပြုသေးပါဘူး။ ဒါပေမယ့်လည်း ဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ မကြာမီ အချိန်အတွင်းမှာ ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်လူနာတွေကို ရောဂါ ရှိ / မရှိ စစ်ဆေးခွင့်နဲ့ ကုသခွင့်တွေပေးဖို့အတွက် မူအရတော့ ခွင့်ပြုထားပါပြီ။ အသေးစိတ်လုပ်ငန်းတွေကို ဆက်လက်ပြီးတော့ စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီကိစ္စကိုလည်း တစ်ပါတည်း မိဘပြည်သူတွေကို အသိပေးရင်းနဲ့ ပုဂ္ဂလိကဆေးရုံမှာ တက်ရောက်နေတဲ့ Non Covid လူနာတွေအတွက်က ဒီဖက်ပြည်သူ့ဆေးရုံတွေမှာ လုပ်နေတဲ့ လုပ်ငန်းစဉ်အတိုင်း ကြိုတင်မဲစနစ်နဲ့ စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း မိဘပြည်သူတွေကို အသိပေးလိုပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

ဒေါက်တာသန်းနိုင်စိုး    ဆက်လက်ပြီးတော့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်ကို မေးခွန်းများဖြေကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။

ဒေါက်တာတိုးသီရိအောင်။    ကျွန်မ ဆွေးနွေးမယ့် အကြောင်းအရာကတော့ ပြည်သူအများ စိတ်ဝင်စားနေတဲ့၊ မေးခွန်းတွေ မေးမြန်းမှုတွေရှိတဲ့ ကွာရန်တင်းစင်တာတွေမှာ ကြိုတင်မဲပေးရာမှာ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ထားရှိမှု အခြေအနေကို မေးမြန်းထားတဲ့ မေးခွန်းတွေကို ခြုံငုံပြီး ပြန်လည်ဆွေးနွေး ဖြေကြားသွားမှာ ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပရာမှာ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများနဲ့အညီ ဆောင်ရွက်နိုင်ဖို့ကို ဆွေးနွေးသွားခဲ့ပြီး ဖြစ်ပါတယ်။ ဒီအထဲမှာ ကွာရန်တင်းစင်တာတွေကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ ပြည်သူလူထုသည် ကြိုတင်မဲပေးခွင့်ရဖို့၊ မဆုံးရှုံးဖို့၊ မဲပေးခြင်း လုပ်ငန်းစဉ်ကနေ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေဖို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ထားရှိဖို့အတွက် စံလုပ်ငန်းလမ်းညွှန်ချက်ကို ချမှတ်ပြီးဖြစ်ပါတယ်။

ချမှတ်ထားတဲ့ လုပ်ငန်းလမ်းညွှန်ချက်ကိုလည်း တိုင်းဒေသကြီး / ပြည်နယ်၊ မြို့နယ်အဆင့်ဆင့်ကို သင်တန်းတွေ ပို့ချပေးပြီးဖြစ်ပါတယ်။ ပထမအနေနဲ့ ကွာရန်တင်းစင်တာမှာ တာဝန်ယူထားတဲ့၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကနေ စီစဉ်ဆောင်ရွက်ပေးရမယ့် လုပ်ငန်းတွေ ဖြစ်ပါတယ်။

နောက်တစ်ခုက ကွာရန်တင်းစင်တာမှာ တာဝန်ထမ်းဆောင်မယ့် ကြိုတင်မဲကောက်ယူရာမှာ ပါဝင် တာဝန်ထမ်းဆောင်ကြမယ့် ဝန်ထမ်းတွေအားလုံး ပူးပေါင်းဆောင်ရွက်ပေးရမယ့် လုပ်ငန်းတွေ ဖြစ်ပါတယ်။ နောက်တစ်ခုက ကြိုတင်မဲပေးမယ့် မဲဆန္ဒရှင်တွေက ပူးပေါင်းဆောင်ရွက်ပေးရမယ့် လုပ်ငန်းစဉ်တွေဆိုပြီး လုပ်ငန်းစဉ် ပိုင်း ခွဲကြည့်လို့ရပါတယ်။

ဒီအထဲမှာ ပထမဆုံးက ကွာရန်တင်းစင်တာတွေမှာ တာဝန်ရှိတဲ့သူတွေအနေနဲ့ ကြိုတင်မဲပေးဖို့အတွက် နေရာလေးပါ၊ ဒီနေရာလေးက လေဝင်လေထွက် ကောင်းမွန်ပြီး ကျယ်ကျယ်ဝန်းဝန်း ရှိမယ်။ မဲပေးမယ့်သူတွေ တစ်ယောက်နဲ့ တစ်ယောက် ပေခြားတန်းစီ စောင့်နိုင်မယ့်နေရာဖြစ်ရမယ်။ ကြိုတင်မဲ ကောက်ယူမယ့်သူတွေကလည်း ပေအကွာအဝေးနဲ့ နေနိုင်မယ့် အနေအထားရှိရမယ့် နေရာကို စီစဉ်ပေးထားဖို့ လိုပါတယ်။ ဒီလိုစီစဉ်ပေးထားဖို့လည်း လမ်းညွှန်ချက်တွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။

နောက်တစ်ချက်က ဒီကွာရန်တင်းစင်တာတွေကို ကြိုတင်မဲကောက်ယူခြင်း မစတင်စဉ်မှာဘဲ မဲပေးတဲ့နေရာတွေကို ပိုးသန့်စင်ခြင်းလုပ်ငန်းတွေ လုပ်ပေးထားဖို့ လမ်းညွှန်ထားပါတယ်။ မဲပေးပြီး သွားရင်လည်း ဒီနေရာကို ပိုးသန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးဖို့ လိုပါတယ်။

ကွာရန်တင်းစင်တာမှာရှိတဲ့ ပြည်သူတွေ မဲလာရောက်ပေးတဲ့အချိန်မှာ အချင်းချင်း ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိအောင်၊ နောက် ပါဝင်တာဝန်ထမ်းဆောင်တဲ့ သူတွေကလည်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမဖြစ်အောင် စသည်ဖြင့် အားလုံးက လုံလုံခြုံခြုံ ဘေးကင်းဖို့အတွက် လိုအပ်တဲ့ ရောဂါကာကွယ်ရေးဝတ်စုံတွေ ဝတ်ဆင်ဖို့အတွက် ကြီးကြပ်ဆောင်ရွက်ပေးသွားဖို့ တာဝန်ရှိသူတွေက ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

မဲပေးမယ့်နေရာကို သူတို့လာမယ့်အချိန်မှာ အဝင်အထွက်မှာ လက်သန့်စင်ဖို့၊ လက်ဆေးဖို့အတွက် ဘေစင်၊ ဆပ်ပြာ ဒါမှမဟုတ်ရင်လည်း ရေမလို လက်သန့်စင်ဆေးရည် Hand Gel တွေကို အဝင်အထွက်မှာ ထားရှိပေးသွားဖို့ ဖြစ်ပါတယ်။ ပြီးရင် မဲရုံထဲမှာ မဲပေးတဲ့ လုပ်ငန်းစဉ် ဆောင်ရွက်ရာမှာလည်း အမှိုက်ထွက်ရှိလာခဲ့ရင် စွန့်ပစ်ဖို့အတွက် စနစ်တကျ ခြေနင်းပါတဲ့ အမှိုက်ပုံးကို ထားရှိပေးဖို့ ကျွန်မတို့ စီစဉ်ဆောင်ရွက်ထားပါတယ်။

မဲကောက်ယူတဲ့ လုပ်ငန်းစဉ်မှာလည်း စောင့်တဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့မှု မရှိအောင် စောင့်ဆိုင်းနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ ဝတ်ဆင်မယ့် ဝတ်စုံတွေကို အောက်ခြေအထိ ဖြန့်ဝေထားပြီးဖြစ်ပါတယ်။ ဒီဝတ်စုံတွေသည် လိုအပ်တဲ့၊ ဝတ်ဆင်မယ့်သူတွေဆီ ရောက် / မရောက်ကိုလည်း ကွာရန်တင်းစင်တာ ကြီးကြပ်တာဝန်ယူတဲ့ သူတွေက ဆောင်ရွက်ပေးသွားဖို့ ဖြစ်ပါတယ်။

နောက်တစ်ပိုင်းက ကွာရန်တင်းစင်တာမှာ ကြိုတင်မဲကောက်ယူတဲ့နေရာမှာ ပါဝင်ဆောင်ရွက် မယ့် ဝန်ထမ်းတွေ ဖြစ်ပါတယ်။ ကြိုတင်မဲကောက်ယူရာမှာ ပါဝင်ဆောင်ရွက်မယ့် ဝန်ထမ်းတွေက သူတို့အနေနဲ့ လိုအပ်တဲ့ ရောဂါကာကွယ်ရေး ဝတ်စုံတွေကို အပြည့်အစုံ ဝတ်ဆင်ဖို့လိုပါ တယ်။

ဒီလိုဝတ်ဆင်ရာမှာ Surgical Grown Cap နဲ့ KN95 Mask ကို ဝတ်ဆင်ရာမှာ ဖြစ်ပါတယ်။ Face Shield ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ Gloves ကိုဝတ်ဆင်ဖို့ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း သူတို့တွေမှာ သူတို့ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ သူတို့မိသားစုတွေမှာပဲဖြစ်ဖြစ် ဖျားနာတာတွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ ရှိတယ်ဆိုရင် ကြိုတင်မဲကောက်ယူတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ခြင်းမပြုဘဲ ခွင့်တိုင်ပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူဖို့ အဆင့်ဆင့်ညွှန်ကြား ထားရှိပြီး ဖြစ်ပါတယ်။

နောက်တစ်ခုက ကွာရန်တင်းစင်တာထဲကနေ ဆန္ဒမဲပေးမယ့်သူတွေကို ပုံမှန်လည်း ကျွန်မတို့ ကွာရန်တင်းစင်တာမှာ ရောဂါစောင့်ကြပ်ကြည့်ရှုတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပြီး ကြိုတင်ဆန္ဒမဲ ကောက်ယူတဲ့အချိန်မှာလည်း ထပ်မံပြီး အဖျားတိုင်းဖို့ကိုလည်း လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီလိုအဖျားတိုင်းတဲ့အချိန်မှာလည်း ဆောင်ရွက်မယ့်သူတွေသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုယ်အပူချိန်တိုင်းတာခြင်း လုပ်ငန်းလမ်းညွှန်နဲ့အညီ အဖျားတိုင်းကြဖို့ ဖြစ်ပါတယ်။ ပါဝင်ဆောင်ရွက်တဲ့သူတွေ အားလုံးကလည်း မဲပေးခြင်းလုပ်ငန်းစဉ်မှာ လုံခြုံစိတ်ချရဖို့အတွက်၊ ကိုဗစ် - ၁၉ ရောဂါကူးစက်မှု ကင်းဝေးစေဖို့အတွက်ကို အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။

ပြီးရင် မဲဆန္ဒရှင်တွေ ဆောင်ရွက်ရမယ့် လုပ်ငန်းရှိပါတယ်။ မဲဆန္ဒရှင်တွေကလည်း မဲကောက်ယူတဲ့သူတွေ ဝတ်ဆင်သလိုမျိုး ရောဂါကာကွယ်ရေး ဝတ်စုံဝတ်ဆင်ရပါမယ်။ သူတို့အတွက်က KN95 Mask နဲ့ Face Shield ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီလို ကာကွယ်ရေးပစ္စည်းကို သေချာဝတ်ဆင်ပြီးတော့မှ မဲပေးတဲ့နေရာကို လာရောက်ဖို့ ဖြစ်ပါတယ်။ လာရောက်ချိန်မှာလည်း အသင့်ထားရှိပေးထားမယ့် လက်သန့်စင်ဆေးရည်ကို အသုံးပြုပြီး လက်သန့်စင်ဖို့ဖြစ်ပါတယ်။ ပြီးရင် မဲပေးဖို့စောင့်ဆိုင်းတဲ့အချိန်မှာလည်း တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ်မနေဘဲ ခပ်ခွာခွာနေပြီး စောင့်ဆိုင်းပေးဖို့ ဖြစ်ပါတယ်။ အနည်းဆုံး ပေ အကွာအဝေးမှာ တစ်ယောက်နဲ့ တစ်ယောက်နေထိုင်ဖို့ ဖြစ်ပါတယ်။

မဲပေးမယ့်လုပ်ငန်းစဉ်ကတော့ မဲဆန္ဒပြုမယ့်သူက မဲကောက်ယူမယ့် ကျန်းမာရေးဝန်ထမ်းကို ဆန္ဒမဲပေးချင်တဲ့ သူ့ဆန္ဒကိုပြောပြီးတော့ ဆန္ဒမဲကို ကျန်းမာရေးဝန်ထမ်းက ကိုယ်စားဆန္ဒမဲပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် မဲလက်မှတ်က မဲဆန္ဒရှင်နဲ့ တိုက်ရိုက်ထိတွေ့မှုမရှိပါဘူး။ ဒါပေမယ့် အဲဒီလို ကောက်ယူရာမှာ တစ်ဦးနဲ့တစ်ဦး မနီးကပ်ဖို့တော့ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။

အဲဒီလို ဆန္ဒမဲပေးရာမှာ ဘေးလူတွေလည်း မသိရအောင်၊ လုံခြုံမှုရှိအောင်ပေးနိုင်မယ့် နေရာတွေဖြစ်ဖို့ကိုလည်း စီစဉ်ထားဖို့အရေးကြီးပါတယ်။ ဒါကိုလည်း ကျွန်မတို့ အဆင့်ဆင့် ညွှန်ကြားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

ဒေါက်တာသန်းနိုင်စိုး   အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးသွားတဲ့ ဆရာမဒေါ်တိုးသီရိအောင်ကို အထူးကျေးဇူးတင်ရှိပါတယ်။ ကျန်ရှိတဲ့ မေးခွန်းတွေကို ကျွန်တော့်အနေနဲ့ ခြုံငုံပြီး ဖြေကြားပေးပါမယ်။

အခုလက်ရှိအခြေအနေကို ပြန်လည်ပြီးသုံးသပ်ကြည့်တဲ့အခါ ဒီနှစ်ကတော့ ကိုဗစ် - ၁၉ ဖြစ်တဲ့ကာလနဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမယ့် အချိန်ကာလနဲ့တိုက်ဆိုင်တယ်။ အဲဒီလိုပဲ ကျွန်တော်တို့လို တိုက်ဆိုင်တဲ့ နိုင်ငံတော်တော်များများလည်း ရှိပါတယ်။ ဒီနိုင်ငံတကာ ရွေးကောက်ပွဲအတွေ့အကြုံတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ကို Experiences Sharing တွေရှိပါတယ်။ အထူးသဖြင့် ကိုရီးယားနိုင်ငံနဲ့ ဗွီဒီယိုကွန်ဖရင့်တွေ လုပ်ခဲ့ပါတယ်။ ဉရောပသမဂ္ဂနဲ့လည်း ဗွီဒီယိုကွန်ဖရင့်တွေ လုပ်ခဲ့ပါတယ်။ US CDC က ထုတ်ပြန်တဲ့ ရွေးကောက်ပွဲဆိုင်ရာ Guideline WHO က ထုတ်ပြန်တာတွေလည်း ရှိတယ်။

ဒါတွေအကုန်လုံးကို ကျွန်တော်တို့က လေ့လာသုံးသပ်ပြီး မိမိတို့နိုင်ငံနဲ့ ကိုက်ညီမယ့် အနေအထားမျိုးတွေကို ပြန်လည်ပြီး ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေ အားလုံးက ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်တဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ကော်မတီတို့ အကြိမ်ကြိမ်အခါခါ ဆွေးနွေးခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်မှုတွေလည်း ကျွန်တော်တို့ အများကြီးရခဲ့ပါတယ်။ အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်မှု၊ ပံ့ပိုးမှုတွေလည်း အများကြီးရခဲ့ပါတယ်။ ကိုဗစ်ကိုကာကွယ်ရင်းနဲ့ ရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်ကြမယ်ဆိုပြီး ကျွန်တော်တို့အားလုံး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ တစ်ဖက်ကလည်း မိဘပြည်သူတွေအနေနဲ့ တက်တက်ကြွကြွ အားလုံးပူးပေါင်းပါဝင်မှသာလျှင် ဒီလုပ်ငန်းစဉ်ကြီးကလည်း အောင်မြင်မှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ခြုံငုံပြီးပြောရရင် နိုဝင်ဘာ ရက်ဆိုရင် မဲပေးရတော့မယ်။ တချို့အချက်တွေကို ထပ်မံပြီး ပြောကြားလိုပါတယ်။ နံပါတ်တစ် မဲပေးမယ့်လူတစ်ယောက်က အိမ်ကထွက်မယ်ဆိုရင် Mask ကို မဖြစ်မနေတပ်ရမှာ ဖြစ်ပါတယ်။ မဲရုံကိုရောက်ရင် သတ်မှတ်ထားတဲ့ KN95 Mask ကို မိမိဖာသာ လဲလှယ်တပ်ဆင်ရမှာ ဖြစ်ပါတယ်။ လက်ကိုလည်း လက်ဖြန်းဆေးရည် အသုံးပြုပြီး ဆေးကြောပေးမှာ ဖြစ်တယ်။ အဲဒီအခါ အရေးကြီးတာက လက်သည်းရှည်တွေကို ညှပ်လာဖို့လိုပါတယ်။ လက်သည်းရှည်တွေ မညှပ်ထားရင် ခုနပြောတဲ့ လက်ဖြန်းဆေးရည်ဖြန်းတဲ့အခါ လက်သည်းတွေကြားထဲကို ပိုးသန့်စင်ဆေးရည်က မဝင်ရောက်နိုင်ရင် လက်သည်းကြားထဲမှာ ပိုးရှိရင် အဲဒီပိုးက မသေနိုင်ဘူး။ ဒါကြောင့် လက်သည်းရှည်တွေကို ညှပ်လာပေးပါလို့ ပန်ကြားလိုပါတယ်။

ပြီးရင် လက်ဖြန်းဆေးရည်ဖြန်းတဲ့အခါ အရေးကြီးတဲ့အချက်က လက်ဖဝါးကို အရင်ဖြန်းမယ်။  အဲဒီအခါ လက်ချောင်းတွေကို ကားထားပေးရမှာ ဖြစ်ပါတယ်။ လက်ချောင်းလေးတွေ ကားမှသာလျှင် လက်ဖြန်းဆေးရည်က လက်ချောင်းလေးတွေကြားထဲကိုလည်း ဝင်ရောက်မှာဖြစ်ပါတယ်။ ပြီးတဲ့အခါ လက်ခုံလေး သေသေချာချာ မှောက်ပေးမယ်။ အဲဒီအခါကျရင်လည်း သေသေချာချာ လက်ချောင်းတွေကို ကားထားပေးရမှာ ဖြစ်ပါတယ်။ အဲဒီအခါကျတော့မှ ပိုးသန့်စင်ဆေးရည်က လက်ဖဝါး၊ လက်ချောင်း၊ လက်သည်းခွံအောက်ပါမကျန် အကုန်လုံးအနှံ့ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

အဲဒီလို ရောက်ရှိပြီးရင်တော့ လက်ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြား၊ လက်မ မကျန်စေရ ဆိုတဲ့ လက်ဆေးခြင်းအဆင့် ဆင့်နဲ့ နှံ့စပ်အောင်ပွတ်ပြီး ဆေးကြောရမှာ ဖြစ်ပါတယ်။ အဲဒါပြီးရင် စက္ကန့်၊ ၁၀ စက္ကန့်လောက် စောင့်လိုက်ရင်တော့ ခြောက်သွေ့တဲ့၊ ပိုးကင်းစင်တဲ့ လက်တစ်စုံကိုရပါပြီ။ အဲဒီအခါကျရင် မိမိတို့ ဆောင်ရွက်လိုတဲ့ မဲပေးခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်လို့ရပါတယ်။

ပြီးတော့ တချို့နေရာတွေမှာ မှတ်ပုံတင်ထည့်ဖို့ လည်ဆွဲတွေလည်း မဲရုံမှာ အဆင်သင့်ရရှိမှာ ဖြစ်ပါတယ်။ အဲဒီအခါ မှတ်ပုံတင်ကို ကိုယ့်အိတ်ထဲကနေထုတ်ပြီး မှတ်ပုံတင်နဲ့ တိုက်ဆိုင်စစ်ဆေးမယ့် မဲစာရင်းစစ်တဲ့အဖွဲ့ကို လက်ကနေ ထုတ်ပြီးပေးရမယ်ဆိုရင် ထပ်ပြီးပေးနိုင်တယ်၊ ပိုးတွေရှိရင်လည်း ကိုယ့်လက်မှာ ကပ်ငြိနိုင်တယ်။ အဲဒီလို မဖြစ်အောင် အိတ်ကလေးထဲမှာ ထည့်ပြီးပေးမယ်ဆိုရင်တော့ မိမိကိုယ်တိုင်အတွက်ရော တစ်ဖက်က ကိုင်တွယ်မယ့်လူအတွက်လည်း အင်မတန်ကောင်းမွန်မယ့် အနေအထားဖြစ်ပါတယ်။

အဲဒီလို မဲပေးခြင်းလုပ်ငန်းစဉ်ပြီးဆုံးရင် လက်ဖြန်းဆေးရည်နဲ့ တစ်ခေါက်ထပ်ပြီး ဖြန်းမှာဖြစ်ပါတယ်။ အဲဒီအခါကျတော့ အခြောက်မြန်ဖို့အတွက်ကို အယ်လ်ကိုဟော ပမာဏပိုမိုပြင်းတာကို သုံးမှာ ဖြစ်ပါတယ်။ ခဏလေး စက္ကန့်၊ ၁၀ စက္ကန့်လောက်တော့ အခြောက်ခံရမှာဖြစ်ပါတယ်။ ခြောက်တယ်ဆိုတာ သေချာမှ လက်သန်းမင်တို့ခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်ပြီးရင်တော့ ပြီးပါပြီ။

အဲဒီတော့ ကျွန်တော့်အနေနဲ့ အားလုံးကို ပြန်ပြီးခြုံငုံသုံးသပ်ရရင် ရွေးကောက်ပွဲ ကျင်းပတဲ့ လုပ်ငန်းစဉ်က နိုင်ငံတကာရဲ့ တွေ့ရှိမှုတွေကိုလည်း အခြေခံထားတယ်။ နိုင်ငံတကာမှာ ကျင်းပအောင်မြင်ပြီးတဲ့ အဖွဲ့အစည်းတွေဆီကလည်း အတွေ့အကြုံတွေ အများကြီးရရှိထားတယ်။ တစ်ဖက်ကလည်း ကိုဗစ် - ၁၉ ရဲ့ ကူးစက်မှုကိုတော့ ကောင်းကောင်းသိနေပြီ။ ကူးစက်နိုင်တာကို ကာကွယ်ဖို့ Surgical Mask နဲ့ Cloth Mask တို့ ဘာပဲတပ်ထား တပ်ထား နှစ်ဖက်တပ်ထားရင် တော်တော် လုံနေပြီ။

လေထဲက ကူးစက်ဖို့ဆိုတာ တော်တော်နဲ့တော့ မဖြစ်နိုင်ဘူး။ အဲဒီထက်ပိုပြီး စိတ်ချရတာက KN 95 Mask ဆိုတာ ဒသမ မိုက်ခရွန်ရှိတဲ့ အစက်အမှုန်လေးတွေရဲ့ ၉၅ ရာခိုင်နှုန်းကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပါဝင်တဲ့ အစက်အမှုန်လေးတွေက ဒသမ မိုက်ခရွန် ထက်စာရင် တော်တော်ကြီးတယ်။ ဒီKN 95 mask ကို လူနှစ်ယောက်က နှစ်ဖက်ပြိုင်တပ်ထားရင် အင်မတန်မှ ကူးစက်ဖို့ နည်းသွားပြီ။ မကူးစက်နိုင်သလောက်ကို ဖြစ်သွားပြီ။

နောက်ပြီး ကူးစက်မှု များပြားရာဒေသတွေမှာလည်း Face Shield လေးပါ တွဲပြီး အသုံးပြုမယ့် အခါကျတော့ နှစ်ထပ်ကွမ်း ကာကွယ်မှုရတယ်။ တစ်ဖက်ကလည်း မဲရုံမှာတာဝန်ကျတဲ့ စေတနာ့ဝန်ထမ်းတွေ၊ တာဝန်ရှိသူတွေကလည်း Face Shield တို့၊ အပူချိန်တိုင်းမယ့်သူဆိုရင် Apron ဝတ်တာတို့ ဒီလိုမျိုး သူတို့ဖက်ကလည် ကာကွယ်ထားမှာ ဖြစ်တာမို့ ဒါသည် ဘာပဲပြောပြော ရောဂါကူးစက်နိုင်ချေက အလွန့်အလွန်နည်းသွားတဲ့ အနေအထားဖြစ်တယ်။

တစ်ဖက်ကလည်း လူအုပ်စုလည်း မဖြစ်ရအောင် အတွင်းစည်း၊ အပြင်စည်း ဆောင်ရွက်မယ့် အစီအစဉ်တွေကို ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတွေကလည်း ပြောကြားပြီး ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ အင်မတန်မှ ကောင်းမွန်ပါတယ်။ ဒီလို အနေအထားမျိုးမှာ စိတ်ချလက်ချ မဲပေးလို့ရပါတယ်။ ကျန်းမာရေးအရ လုံခြုံစိတ်ချစွာနဲ့ မဲပေးလို့ရတယ်ဆိုတဲ့ Message ကိုလည်း ဒီနေရာကနေ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အဲဒီနေ့ကျရင် မဲရုံကို သွားပေးမှာပါ။

ဒီလိုမျိုးကျွန်တော်တို့ အပြင်ထွက်တာနဲ့ Mask ကို တပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ တစ်ဖက်ကလည်း လူစုလူဝေး ရှောင်ကြဉ်ခြင်း၊ တစ်နည်းအားဖြင့် ခပ်ခွာခွာနေခြင်း ဒီအလေ့အကျင့်လေးတွေကို ရွေးကောက်ပွဲမှာ မဲပေးတာကနေတစ်ဆင့် မိမိအိမ်ကိုလည်း ပါအောင်ဆောင်ယူသွား စေချင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးမှာ အလွန်ထိရောက်တဲ့၊ တစ်ကမ္ဘာလုံးလက်ခံထားတဲ့ ကာကွယ်ရေး နည်းလမ်းတွေ ဖြစ်ပါတယ်။

မိဘပြည်သူအားလုံးက ဝိုင်းဝန်းပြီး ဆောင်ရွက်လိုက်မယ်ဆိုရင် မကြာခင်မှာ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်တဲ့၊ ပြည်တွင်းကူးစက်မှုကင်းစင်တဲ့ လမ်းကြောင်းပေါ်ကို ကျွန်တော်တို့ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေရာကနေ တင်ပြရင်းနဲ့ အားလုံးကို နှုတ်ဆက်လိုက်ပါတယ်။ ဒီနေ့ အစီအစဉ်မှာ ပါဝင်ဖြေကြားပေးကြတဲ့ ဆရာကြီး၊ ဆရာမကြီးတွေအားလုံး၊ စီစဉ်ပေးတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ။