ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

ထက်လျှံ၊ ဓာတ်ပုံ- ဇော်မင်းလတ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၁၇ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။   ။           မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်ဖြစ်ပွားလျက်ရှိနေတဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဟာ အသက်အရွယ်မရွေး၊ လူတန်းစားမရွေး ကူးစက်ဖြစ်ပွားနိုင်တဲ့ ရောဂါဆိုးကြီးဖြစ်သလို ဒီနေ့အချိန်အထိ ရောဂါကုသဖို့ ဆေးရော၊ ကြိုတင်ကာကွယ်ဖို့ ဆေးပါ တရားဝင်မတွေ့ရှိရသေးတာကို မိဘပြည်သူများ အသိပဲဖြစ်ပါတယ်။

ဒီရောဂါကို မဖြစ်ပွားရအောင်၊ ကူးစက်မခံရအောင် အထိရောက်ဆုံး ကာကွယ်နိုင်တဲ့ နည်းလမ်းတွေက လက်ကို မကြာခဏဆေးတာ၊ Mask ကို စနစ်တကျ အသုံးပြုတာနဲ့ လူထူထပ်တဲ့ နေရာတွေကို ရှောင်ကျဉ်ပြီး အိမ်မှာဘဲနေတာ အစရှိတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားလာမှုဟာ အချိန်ကြာလာတာနဲ့အမျှ လူသားတွေအနေနဲ့ မိမိတို့ နေ့စဉ်ပုံမှန် သွားလာလှုပ်ရှားမှုတွေကနေ Stay at Home နေထိုင်နေရတဲ့ အခြေအနေတွေကို ညီးငွေ့စိတ်ပျက်လာတာ၊ အလိုမကျအားငယ်လာတာမျိုးတွေလည်း ဖြစ်လာနေကြပြီဆိုတာကိုလည်း တွေ့မြင်နေရပါတယ်။

သို့သော် ရောဂါကူးစက်နိုင်မှု အရှိန်အဟုန်ကို ထိန်းချုပ်နိုင်ဖို့အတွက် လတ်တလောမှာ ဒီနည်းလမ်းတွေက အထိရောက်ဆုံးနဲ့ အကောင်းဆုံး ဖြစ်တာကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကိုဗစ် - ၁၉ ကာကွယ်ရေးလမ်းညွှန်ချက်တွေကို လိုက်နာရင်း ဆက်လက်သတိ ပြုနေထိုင်ကြဖို့ စဉ်ဆက်မပြတ် တိုက်တွန်းနှိုးဆော်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လတ်တလော ကြုံတွေ့နေရတဲ့ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု အခြေအနေ၊ ကုသပေးနေမှု အနေအထားနဲ့ ဆောင်ရန် / ရှောင်ရန် ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေက အပတ်စဉ်တိုင်း ရှင်းလင်းဖြေကြားပေးလျက်ရှိရာမှာ ဒီနေ့ရဲ့ ကိုဗစ်အ ကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်မှာ ပါမောက္ခဒေါက်တာမြင့်ဟန် [ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင်]၊ ပါမောက္ခ ဒေါက်တာဇော်ဝေစိုး [ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်-၁(ရန်ကုန်)၊ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့] တို့နဲ့အတူ ဦးဆောင်ဆွေးနွေးသူအဖြစ် ပါမောက္ခဒေါက်တာမြတ်ဝဏ္ဏစိုး [ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] က ပါဝင်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ရဲ့ ဆွေးနွေးဖြေကြားမှုတွေ စတင်နိုင် ဖို့အတွက် ပါမောက္ခဒေါက်တာမြတ်ဝဏ္ဏစိုးက ဦးဆောင်ဆွေးနွေးပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။

ပါမောက္ခဒေါက်တာမြတ်ဝဏ္ဏစိုး။          ။           ဟုတ်ကဲ့၊ မိဘပြည်သူများအားလုံး မင်္ဂလာပါခင်ဗျာ။ ကျွန်တော်က နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုး ဖြစ်ပါတယ်။ ဒီနေ့ ကိုဗစ်-၁၉ အကြောင်းသိကောင်းစရာ အမေး / အဖြေ အစီအစဉ်မှာ ကျွန်တော်နဲ့အတူ ဆရာကြီး ပါမောက္ခဒေါက်တာမြင့်ဟန်နဲ့ ဆေးတက္ကသိုလ်-၁ ပါမောက္ခချုပ် ဆရာကြီးပါမောက္ခ ဒေါက်တာဇော်ဝေစိုးတို့က ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ဆရာကြီးပါမောက္ခ ဒေါက်တာမြင့်ဟန် ကနေပြီး မေးခွန်းများကို ဖြေကြားပေးဖို့ ကျွန်တော်အနေနဲ့ ပန်ကြားအပ်ပါတယ် ခင်ဗျာ။

ပါမောက္ခဒေါက်တာမြင့်ဟန်။                ။           ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီနေ့ မေးခွန်း(၃) ခုကို ဖြေဆိုသွားဖို့ ရှိပါတယ်။ ပထမဆုံး မေးခွန်းက ကျွန်မဟာ ကိုဗစ် Positive ဖြစ်ပြီး ဆေးရုံကဆင်းပြီး အိမ်မှာ Home Quarantine တစ်ပတ်ပြီးပါပြီ။ အခုဆို Home Quarantine ပြီးတာ ၄ ရက်ရှိပါပြီ။ အခု ၄ နှစ် ကလေး၊ ၈ နှစ် ကလေးတို့နဲ့ ထိတွေ့လို့ ရပါပြီလား။ ကလေးတွေနဲ့ ထိတွေ့ တဲ့အခါမှာ ဆောင်ရန် / ရှောင်ရန်တွေကို ကျေးဇူးပြု၍ ညွှန်ကြားပေးပါရှင့်လို့ မေးထားပါတယ်။

ဟုတ်ပါတယ်။ ကျွန်တော်တို့ ကိုဗစ် Positive ဖြစ်ပြီး အိမ်မှာ မိသားစုကလေးတွေရှိတဲ့သူတွေ အတွက်က မေးခွန်းရှင် မိခင်အနေနဲ့ စိတ်ပူပန်မှုတွေ ရှိနေတယ်လို့ ကျွန်တော်တို့ မှန်းဆမိပါတယ်။ ကိုဗစ် Positive ဖြစ်ပြီး ဆေးရုံက ဆင်းလာပြီဆိုရင် ဆေးရုံကလည်း ရောဂါလက္ခဏာတွေ သက်သာမှ၊ လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ ပြန်လည်ပေးဆင်းခြင်းဖြစ်ပါတယ်။ ပြီးတော့ Home Quarantine အိမ်မှာလည်းဆက်ပြီး တစ်ပတ်ကို တိတိပပ လိုက်နာပြီးနေဖို့ ညွှန်ကြားပြီးလည်း ဖြစ်ပါတယ်။

ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး အဓိက မိသားစုတွေ စိုးရိမ်တာက မိမိတို့ရဲ့ မိသားစုဝင်၊ အထူးသဖြင့် ကလေးတွေကိုပါ။ ကလေးတွေ ကူးစက်သွားမှာ စိုးရိမ်ကြတဲ့ သဘောရှိပါတယ်။ သို့သော်လည်း Home Quarantine တစ်ပတ်နေထိုင်ပြီးရင် ကိုဗစ်ရဲ့သဘောက သူက တခြားသူကို ဆက်ပြီး ကူးစက်နိုင်ခြေ အတိုင်းအတာက နှစ်ပတ်ဆိုရင် စိတ်ချရပါတယ်။ အဲဒီတော့ Positive ဖြစ်ပြီး အခုဆိုရင် နှစ်ပတ်လည်း ကျော်သွားပြီလို့ သိရပါတယ်။ ဒါဆိုရင် မိမိရဲ့ကလေးတွေနဲ့ ပုံမှန်ထိတွေ့ ဆက်ဆံလို့ ရနေပါပြီလို့ ဖြေကြားချင်ပါတယ်။

ကလေးတွေကို ကြည့်လိုက်တော့ အသက်က ၄ နှစ်နဲ့ ၈ နှစ်ဆိုတော့ နို့တိုက်ရတဲ့အရွယ်၊ ရင်ခွင်ပိုက်ကလေးအရွယ်တွေ မဟုတ်တော့တဲ့အတွက် ဆက်လက်ပြီး ဆောင်ရန် / ရှောင်ရန်တွေကို ပြောရမယ်ဆိုရင် ကိုဗစ်ကူးစက်မှုမြင့်မားတဲ့ကာလမှာ ကျွန်တော်တို့ အမြဲတမ်းအကြံပြုနေတဲ့ အချက် ၄ ချက်ကို ဆက်လက်ပြီး လိုက်နာဖို့ လိုပါတယ်။ အဲဒီတော့ မလိုအပ်ဘဲနဲ့ ထိတွေ့မှုတွေကို ရှောင်ရပါမယ်။ လက်ကို မကြာခဏ ဆေးရပါမယ်။ Mask ကို တပ်ရပါမယ်။ လူစုလူဝေးရှိတဲ့နေရာတွေကို တတ်နိုင်သမျှ ရှောင်ကျဉ်ရပါမယ်။ အမေအနေနဲ့စိတ်ပူတဲ့ သူကနေတစ်ဆင့် ကူးစက်ဖို့ လမ်းကတော့ တော်တော်လေး နည်းပါတယ်။ ဒါပေမယ့် ကလေးတွေအနေနဲ့ ပြင်ကနေပြီး တခြားကနေ ကူးစက်နိုင်တဲ့ အနေအထားတွေ ရှိနိုင်တဲ့အတွက် ဒါကို ကျွန်တော်အနေနဲ့ သတိပြုစေချင်ပါတယ်။

အထူးသဖြင့် ကလေးတွေ ဆော့ကစားတဲ့အချိန်တို့၊ ကလေးချင်း တွေ့ထိတဲ့အချိန်တွေ၊ ဈေးတို့ ဘာတို့ကို မိဘတွေက ခေါ်သွားခဲ့ရင်ဖြစ်ဖြစ် လူအုပ်ရှိတဲ့ နေရာတွေကို သွားမယ်ဆိုရင် ၈ နှစ် ကလေးက Mask တပ်ဖို့ လိုပါလိမ့်မယ်။ ၄ နှစ်အရွယ်ကလေးက Mask တပ်ရတာ အခက်အခဲရှိနိုင်တဲ့ အတွက် Social Distancing နဲ့အညီ ခပ်ခွာခွာလေးနေဖို့ ဒါတွေကို သတိပြုစေချင်ပါတယ်။ ကျွန် တော်အနေနဲ့ ခြုံပြောရရင် ကူးစက်မှုအခွင့်အလမ်းက မိမိကလေးတွေကို အလွန်နည်းသွားပါပြီ။ ဒါပေမယ့်လည်း ကိုဗစ်နဲ့ ပတ်သက်ပြီး ဆောင်ရန် / ရှောင်ရန်တွေကို ဆက်လက်ပြီး လိုက်နာဖို့ ကျွန်တော်အနေနဲ့ အကြံပြုချင်ပါတယ်။

တစ်ဆက်တည်းမှာပဲ ကလေးတွေဟာ ယေဘုယျအားဖြင့် ကိုဗစ်ရောဂါဖြစ်ပွားမှုအနေနဲ့ ကလေးတွေမှာ ကူးစက်ခံရနိုင်တဲ့ အနေအထား အင်မတန် နည်းပါးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သတိရှိဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်ရောဂါသည် အသက်အရွယ်မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးကို ကူးစက်နိုင်တဲ့ အနေအထားရှိတဲ့အတွက် ဒါတွေကို သတိထား ရှောင်ကျဉ် သင့်ပါတယ်လို့ ကျွန်တော်အနေနဲ့ ဖြေကြားချင်ပါတယ်။

နောက်ဒုတိယမေးခွန်းက ကိုဗစ် Positive ဖြစ်လို့သာ Quarantine Center ကို သွားလိုက်ရတယ်။ နှာစေးချောင်းဆိုးခြင်းလည်း မရှိဘူး။ အနံ့အရသာပျောက်ခြင်းလည်း မရှိဘူး။ ဖျားနာခြင်းလည်း မရှိပါ။ ကိုဗစ် လက္ခဏာတွေ တစ်ခုမှ မဖြစ်ပါဘူး။ ပုံမှန်စားကောင်း၊ သောက်ကောင်း၊ အိပ်ကောင်းပဲ အဲဒါဘာဖြစ်လို့ပါလဲ။ ကိုယ်နဲ့ နီးနီးကပ်ကပ်နေမီတဲ့ Quarantine ဝင်နေဆဲ ကျွန်မ အမျိုးသားနဲ့ ၃ နှစ်အရွယ်ကလေးက Negative ပါ။ အဲဒါဘယ်လိုဖြစ်တာပါလဲရှင် ဆိုပြီး မေးထားပါတယ်။

ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ကိုဗစ်မှာ ၈၀ ရာခိုင်နှုန်းသော ကူးစက်ခံရသူတွေက ရောဂါလက္ခဏာ သာမန်လောက် ပြတာတွေလည်းရှိတယ်။ တချို့တွေဆိုရင် မသိမသာ ပြလိုက်တဲ့ လူနာတွေနဲ့ သတိမထားမိတာတွေလည်း ရှိပါတယ်။ တချို့ဆိုရင် စောစောက မေးခွန်းရှင် မေးထားသလို ဘာလက္ခဏာ တစ်ခုမှမရှိဘူး။ ဒါပေမယ့် Positive ဖြစ်သွားတယ်။ ဒီလိုမျိုးလည်း ရှိပါတယ်။

ဒီရောဂါလက္ခဏာ ပြင်းထန်တာတွေက ၅ ရာခိုင်နှုန်းလောက်ဖြစ်တယ်။ အတန်အသင့် ပြင်းထန်တာတွေက ၁၅ ရာခိုင်နှုန်းလောက်ဖြစ်တယ်ဆိုတော့ ကိုဗစ်ရောဂါကူးစက်တိုင်း ရောဂါလက္ခဏာ မပြပါဘူး။ သို့သော် ရောဂါလက္ခဏာမပြတဲ့သူကလည်း တခြားသူကို ကူးစက်နိုင်တဲ့ အခွင့်အလမ်းတွေ၊ အနေအထားမျိုးတွေ ရှိနေပါသေးတယ်။ ဒါပေမယ့် သူရဲ့ အမျိုးသားနဲ့ ၃ နှစ်အရွယ် ကလေးက Negative ဖြစ်တယ်။ အဲဒါဘာဖြစ်လို့ပါလဲဆိုတော့ ကျွန်တော်အနေနဲ့ စောစောက ကျွန်တော်ဆွေးနွေးသလိုပါပဲ။ ကလေးတွေက အခြေခံယေဘုယျ သဘောတရားအားဖြင့်ကိုက ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ကူးစက်ခံရတဲ့နှုန်းထားက လူကြီးတွေလို မများပါဘူး။ ဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက ရောဂါကူးစက်မှုမှာ မိမိမှာရှိတဲ့ ကိုယ်ခံအားပေါ်မှာလည်း မူတည်ပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်ပိုးရဲ့ ပြင်းထန်မှုအားပေါ်မှာလည်း မူတည်ပါတယ်။ သူရဲ့ ပိုးကောင်ရေ အရည်အတွက် ဒါမျိုးတွေလည်း မူတည်နေပါတယ်။

ဒါ့အပြင် ကူးစက်ပုံနည်းလမ်း ဖြစ်ပါတယ်။ အထူးသဖြင့် ကူးစက်တာများတာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေရှိရင် ပိုပြီးကူးစက်တာ များပါတယ်။ ဥပမာ - ချောင်းဆိုးနေမယ်။ နှာစည်းနေမယ် စသဖြင့် ဒီလိုမျိုးတွေရှိရင် ကူးစက်မှုဖြစ်စေတဲ့အတွက် မေးခွန်းရှင်က သူ့မှာ ဒီလက္ခဏာတွေ ဘာမှမရှိတဲ့အတွက် မိမိရဲ့ အမျိုးသားမှာကော၊ ကလေးမှာကော ကူးစက်မှုမရှိတာ ဖြစ်နိုင်ပါတယ်လို့ ကျွန်တော်အနေနဲ့ ဖြေကြားလိုပါတယ်။

ဘယ်လိုပဲပြောပြောပေါ့နော်၊ ရောဂါလက္ခဏာတွေ မရှိဘူးဆိုတာ ဝမ်းသာဖို့လည်း ကောင်းပါတယ်။ မိမိရဲ့ ကလေးနဲ့ အမျိုးသားက Quarantine ဝင်ရတယ်ဆိုတာက သူတို့ကိုလည်း စောင့်ကြည့်ရတာပါ။ အထူးသဖြင့် ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာတွေ ပေါ်လာနိုင်တယ်ဆိုတော့ ဒါကို စောင့်ကြည့်တဲ့အနေအထားဖြစ်တယ်လို့ ကျွန်တော်အနေနဲ့ ဖြေကြားချင်ပါတယ်။

နောက်ဆုံးမေးခွန်းက ကျွန်တော်တို့ ဒီအစီအစဉ်တွေမှာ မကြာခဏလည်း ဖြေကြားပြီးဖြစ် ပါတယ်။ ဒါပေမယ့် မေးလာတဲ့အတွက်လည်း ထပ်ပြီးဖြေပါမယ်။ မေးခွန်းက ကိုဗစ်ဗိုင်းရပ်စ်က ကိုယ်ခန္ဓာထဲမှာ တစ်လခွဲလောက် ရှိနေတယ်ဆိုရင် အဲဒီလူကို ထိခိုက်လား၊ အသက်ဆုံးရှုံးမှုရော ဖြစ်ပေါ်နိုင်သလား၊ ၁၁ ရက်ပြည့်ပြီး ဆေးရုံက ဆင်းလာတဲ့နောက်ပိုင်းကို ဆိုလိုပါတယ်လို့ မေးထားပါတယ်။

ဟုတ်ပါတယ်။ ကိုဗစ်ရောဂါရဲ့ နောက်ဆက်တွဲတွေက ကျွန်တော်တို့ အရင်ကလည်း ပြောထားခဲ့ပါတယ်။ ကိုဗစ်ရောဂါ ဖြစ်တဲ့အချိန်မှာ ဘယ်လောက်ထိဆိုးလဲပေါ်မှာလည်း မူတည်ပါတယ်။ တချို့တွေ ကျတော့လည်း ပြင်းပြင်းထန်ထန် အဆုပ်နဲ့ပတ်သက်ပြီး အသက်ရှူရကြပ်တယ်။ ICU ထဲမှာ ကုသမှုခံယူရတယ်။ အသက်ရှူ ပံ့ပိုးစက်တွေရဲ့ အကူအညီယူရတယ်။ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်း ချို့ယွင်းမှုတွေ ဖြစ်ပေါ်တဲ့အထိလည်း ဒါဖြစ်နိုင်ပါတယ်။

ယေဘုယျအားဖြင့် ၁၁ ရက်ပြည့်ပြီး ဆေးရုံက ဆင်းလာတယ်ဆိုရင် ကုသမှုအပိုင်းအရ တော်တော်လေး လုံလောက်ပြီလို့ ယူဆရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကိုဗစ်နဲ့ တွေ့ရှိချက်တွေအရ အချိန်အတန်အကြာ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ရင်ဘတ်အောင့်တာတွေ၊ ရင်ဘတ်လေးလံတာတွေ၊ ချောင်းဆိုးတာဆက်ပြီး ကျန်တာတွေ၊ အသိဉာဏ်၊ မှတ်ဉာဏ်တွေ လျော့နည်းလာတာတွေ ညအိပ်တဲ့အခါမှာ အိပ်မပျော်တဲ့ ပြဿနာတွေ၊ စိတ်ဖိစီးမှုများတာနဲ့ စိတ်ကျဝေဒနာဖြစ်တာတွေ ဒါတွေလည်း ရှိတတ်ပါတယ်။ တချို့တွေကလည်း အသက်ရှူမဝတာတွေလည်း ခံစားရပါတယ်။ တော်တော်များများ ခံစားရတဲ့ လက္ခဏာတစ်ခုက အားအင်ချိနဲ့ပြီး နုန်းနယ်နေတာမျိုးကို လူနာ ၅၀ ရာခိုင်နှုန်းကျော်က ခံစားရတာကို တွေ့ရှိရပါတယ်။ ဦးနှောက်နဲ့ အာရုံကြောပိုင်းဆိုင်ရာတွေမှာလည်း ခံစားရမှုတွေ ရှိတတ်ပါတယ်။ တချို့ကျတော့ ခန္ဓာကို အောက်ပိုင်း လှုပ်ရှားရမှုူ အားနည်းတာတွေ၊ ဟန်ချက် မထိန်းနိုင်တာတွေ၊ ခြေတုန်၊ လက်တုန် ရောဂါတွေဖြစ်တာမျိုးကိုလည်း ကျွန်တော်တို့ တွေ့ရှိရပါတယ်။ တချို့ဆိုရင် အနံ့ပျောက်တာနဲ့ အရသာပျောက်တာကို တာရှည်စွာခံစားရတဲ့ လူနာမျိုးတွေလည်း ရှိပါတယ်လို့ ကျွန်တော်အနေနဲ့ ဖြေကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ပါမောက္ခဒေါက်တာမြတ်ဝဏ္ဏစိုး။                      ။ ကျေးဇူးတင်ပါတယ်ဆရာ။ ဆက်လက်ပြီး ဆရာကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးက ဖြေကြားပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

ပါမောက္ခဒေါက်တာဇော်ဝေစိုး။  ။ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကို မေးထားတဲ့ မေးခွန်းတစ်ခုကတော့ ကျွန်တော့်အတွက်သိပ်ပြီး ဟန်မကျဘူး။ ဘာလဲဆိုတော့ ဆရာဝန်ကြီးများရှင့်။ ကိုဗစ် - ၁၉ ရောဂါပိုးသည် ဆံပင်များပေါ်တွင် ကပ်ငြိ၍ အသက်ရှင်နေနိုင်ပါသလားရှင့် ဆိုတာဖြစ်ပါတယ်။ ကျွန်တော့်မှာ ဆံပင်သိပ်မရှိပါဘူး။ ကျွန်မတို့မှာ နေ့တိုင်းလုပ်ငန်းခွင်သို့ သွားရသော်လည်း အသက်အရွယ်အရ နေ့တိုင်းခေါင်းမလျှော်နိုင်သောကြောင့်သိလို၍ ဖြေကြားပေးစေလိုပါတယ်ရှင့် ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဆံပင်မရှိတဲ့သူကို ဆံပင်အကြောင်းမေးတော့ ဘယ်လိုဖြေရမလဲ စဉ်းစားရပါ တယ်။

တကယ်တော့ လေ့လာထားတာက The Lancet ထဲမှာရှိပါတယ်။ ဆံပင်နဲ့ ပတ်သက်ပြီးတော့ လေ့လာထားချက် The Lancet ဆိုတဲ့ သိပ္ပံဂျာနယ်ထဲမှာ အဝတ်အစားတွေနဲ့ ပတ်သက်ပြီး လေ့လာထားတာ၊ မျက်နှာပြင်တွေနဲ့ပတ်သက်ပြီး လေ့လာထားတာရှိပါတယ်။ အဝတ်အစားနဲ့ဆိုရင်တော့ သူက အဝတ်အစားပေါ်မှာ ပိုးက တစ်ရက်လောက် အသက်ရှင်နေနိုင်တယ်။ ဒါပေမယ့် Hard Surface လို မာတဲ့နေရာတွေ၊ Stainless Steel တွေ၊ ပလတ်စတစ်တွေ အပေါ်မှာဆိုရင် ၄ / ၅ ရက်လောက်အထိ အသက်ရှင်နေနိုင်ပါတယ်။

ဆံပင်ကိုတော့ အတိအကျလေ့လာထားတဲ့ လေ့လာချက်တော့ ရှာလို့မတွေ့ပါဘူး။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး ရေးထားတာတော်တော်များများ ရှိပါတယ်။ နာရီပိုင်းကနေ ရက်ပိုင်းအထိ ဒီပိုးက ရှိနေနိုင်တယ်လို့ တော်တော်များများကယူဆပြီး ရေးထားတာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး တကယ်တော့ ဆံပင်ကတစ်ဆင့်  ကူးစက်နိုင်တာက ဆံပင်ကနေ လက်ကိုကူးမယ်၊ လက်ကနေတစ်ဆင့် အဓိက ကူးနိုင်မယ်။ ဒါနဲ့ပတ်သက်ပြီး လိုက်နာရမှာက လက်ဆေးတာဟာ အရေးကြီးပါတယ်။ အခုလည်း တော်တော်များများ ဆံပင်ကို ကာကွယ်ထားကြတယ်။ Cap စွပ်ထားကြတယ်။ အစိမ်း တွေ၊ အပြာတွေ ဒီလိုစွပ်ထားရင်လည်းရတယ်။ အချို့လည်း အဝတ်နဲ့ ပေါင်းထားတယ်။ အချို့လည်း ဦးထုပ်ဆောင်းထားတယ်။ အဲဒီလိုမျိုး ကာကွယ်ထားရင်လည်း ရပါတယ်။ နောက် Social Distancing ၆ ပေအကွာမှာနေမယ်ဆိုရင်လည်း ကိုယ့်ဆံပင်မှာ ဘာပိုးမှ အခြားသူဆီက ကပ်စရာအကြောင်း မရှိဘူး။ ဒါ့အပြင် အားလုံးက Mask ကိုတပ်မယ်။ အခုလည်း Campaign လုပ်နေတယ်။ ရန်ကုန်မှာဆိုရင် နေရာအနှံ့အပြားမှာ ဒါကို  Campaign လုပ်တယ်။ ပြည်သူလူထုကို သိအောင် နှိုးဆော်တာတွေနဲ့ အသိပေးတာတွေလုပ်တယ်။ Mask  ရယ်၊ Face Shield ရယ်။ ကျွန်တော်တို့ မဲပေးတုန်းကလည်း Mask ရော၊ Face Shield ရော တပ်ရပါတယ်။ ဒီလိုသာ လူတိုင်း၊ လူတိုင်း Mask ရော၊ Face Shield ရော တပ်မယ်ဆိုရင် ကျွန်တော်တို့ ဆံပင်မှာ ဒီလိုပိုးတွေ ကပ်ငြိစရာအကြောင်းမရှိဘူး။

ဒါကြောင့် အရေးကြီးတာက ကိုဗစ် - ၁၉ ရဲ့ သတ်မှတ်ချက်တွေဖြစ်တဲ့ လိုက်နာရမယ့် အချက်တွေကိုသာ လိုက်နာမယ်ဆိုရင် ကျွန်တော်တို့ ဆံပင်တွေမှာ ကပ်ငြိမှာမဟုတ်ဘူး။ တကယ်လို့ မတော်တဆများ လူတစ်ယောက်က ကိုယ်နဲ့ကပ်ပြီး ချောင်းဆိုးလိုက်တာ၊ နှာချေလိုက်တာတို့ ဖြစ်သွားရင် ဆံပင်မှာ ကပ်သွားနိုင်သလားဆို‌တော့ ကပ်သွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အခုနောက်ပိုင်းမှာ ဆံပင်ကို ခဏခဏသပ်တာ၊ ခဏခဏဖြီးတာ မလုပ်သင့်ဘူး။ အဲဒါတွေဟာ သတိထားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စောစောကလို ဖြစ်ပွားခဲ့မယ်ဆိုရင် သန့်ရှင်းဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် စာအုပ်တော်တော်များများထဲမှာ ရေးထားတာက တစ်နေ့ကို တစ်ကြိမ်ခေါင်းလျှော်ဖို့ Recommend လုပ်ပါတယ်။ ဒါပေမယ့် တော်တော်ခက်ခဲပါတယ်။ နေ့တိုင်းသာ ခေါင်းလျှော်ရမယ်ဆိုရင် ကျွန်တော့်လို လူမျိုးအတွက် ပြဿနာမရှိပေမယ့် ဆံပင်ရှည်တဲ့သူတွေအတွက်ဆို ‌နေ့တိုင်းခေါင်းလျှော်ဖို့ အတော်ခက်ပါတယ်။ ဆိုတော့ ဒါဟာ မဖြစ်နိုင်ဘူး။ ခဏခဏခေါင်းတွေ လျှော်နေရင်လည်း ဆံပင်တွေ ပျက်စီးမှာပါ။

ဒါကြောင့် တကယ်လိုက်နာသင့်တာက ကျွန်တော်တို့အားလုံး အခုသတ်မှတ်ထားတဲ့အတိုင်းပဲ Mask ကိုတပ်ပါ။ Face Shield ကိုတပ်ပါ။ Protection အနေနဲ့ ဆံပင်ကို၊ ခေါင်းကို Cap စွပ်ပါ။ ဈေးတွေ၊ လူများတဲ့နေရာတွေ၊ လူစုလူဝေး ဖြစ်တဲ့နေရာတွေကို သွားမယ်ဆိုရင် Cap ကိုစွပ်ထားဖို့၊ ဖြစ်နိုင်ရင် တစ်နေ့တစ်ကြိမ် ခေါင်းလျှော်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် တတ်နိုင်သမျှ အလုံအခန်း ကျဉ်းကျဉ်းထဲမှာ လူအများကြီးနေတာဆိုရင် ဆံပင်မှာ ပိုးတွေကပ်ငြိနိုင်ပါတယ်။ ဒါကြောင့် အဲဒီ မေးခွန်းကို ကျွန်တော်အခုလိုပဲ ဖြေကြားပါရစေ။

နောက်မေးခွန်းနံပါတ် ၂ ကတော့ ကျွန်တော်မှတ်မိပါတယ်။ ပြီးခဲ့တဲ့ မေးခွန်းနဲ့ အဖြေကဏ္ဍမှာ ပါမောက္ခ ဆရာကြီးဦးထင်အောင်စော ဖြေကြားပြီးသားပါ။ ခုခံအားကျဆင်းတဲ့သူ ကူးစက်ရင် ပြန် ပျောက်နိုင်ပါသလား၊ အသက်ဆုံးရှုံးမှုဖြစ်နိုင်ပါသလား ဆိုတာ ဖြစ်ပါတယ်။

ခုခံအားကျဆင်းတဲ့သူတွေမှာ ခုခံအားကျဆင်းတဲ့ရောဂါ HIV လိုဟာမျိုးဆိုရင် ဒီဟာကိုသာ ပုံမှန်ဆေးကုသမှုတွေ ခံယူနေမယ်ဆိုရင်၊ ဆေးပုံမှန်သောက်နေမယ်ဆိုရင် ကျွန်တော်တို့တွေနဲ့ အတူ တူပါပဲ။ သာမန်လူတွေနဲ့ အတူတူပါပဲ။ သူရဲ့ပိုးဝင်ရင်ဖြစ်မယ့် ရောဂါလက္ခဏာတွေ၊ ခံစားရမှာတွေ၊ အသက်အန္တရာယ်တွေဟာ အတူတူပါပဲ။ ဘာမှကွဲပြားခြင်း မရှိပါဘူး။ ဒါကြောင့် ခုခံအားကျဆင်း တဲ့သူ၊ ကိုယ်ခံအားကျဆင်းတဲ့ရောဂါ ခံစားနေရသူနဲ့ မခံစားရတဲ့သူဟာ မကွာပါဘူး။

ဒါပေမယ့် ကျွန်တော်တို့ရဲ့ Body Resistance သိပ်နည်းနေတဲ့သူတွေဆိုရင်တော့ ကိုယ်ခံအား ကောင်းအောင် စားတာ၊ သောက်တာ၊ Vitamin C တွေကို ဒါနဲ့ပတ်သက်ပြီးတော့လည်း ပြီးခဲ့တဲ့ အင်တာဗျူးတွေမှာ၊ အမေးအဖြေတွေမှာ ဆွေးနွေးပြီးသား ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အထူး အများကြီး မဖြေကြားတော့ပါဘူး။ တကယ်တော့ HIV ကူးစက်တဲ့သူတွေဟာ ဆေးသာ ပုံမှန်သောက်နေမယ်၊ ပုံမှန်ကုသမှုခံယူနေမယ်ဆိုရင် ကျွန်တော်တို့တစ်တွေနဲ့အတူတူပဲ ဖြစ်ပါတယ်။

နောက်ဆုံးမေးခွန်းက ကိုဗစ် - ၁၉ ရောဂါဖြစ်ပြီးနောက် ထပ်ပြီးကူးစက်နိုင်ပါသလား။ ပျောက်သွားရင်လည်း နောက်ဆက်တွဲဆိုးကျိုး၊ ကောင်းကျိုးတွေ ဘယ်လိုဖြစ်နိုင်ပါသေးလဲ ဖြေပေးစေချင်ပါ တယ်ဆိုတော့ ဒါနဲ့ပတ်သက်ပြီး ၂ ပိုင်းဖြစ်ပါတယ်။ ပထမပိုင်းက ကူးစက်နိုင်ပါသလား၊ နောက်တစ်ပိုင်းက ပျောက်သွားရင် နောက်ဆက်တွဲတွေ ဖြစ်ပါတယ်။ ခုနဆရာကြီး ဦးမြင့်ဟန်လည်း နောက်ဆက်တွဲဆိုးကျိုးတွေ ဖြေကြားသွားပြီးသားဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ပထမပိုင်းကို ဖြေရမယ်ဆိုရင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားပြီးနောက်ထပ် ကူးစက်နိုင်ပါသလားဆိုတော့ ဒါကိုတစ်ကမ္ဘာလုံးက ဒါနဲ့ပတ်သက်ပြီး လေ့လာချက်တွေနဲ့ Report လုပ်ထားတာကတော့ ၄ ယောက်ပဲ ရှိပါသေးတယ်။ ကျွန်တော် ဒီနေ့နံနက်ပဲ အင်တာနက်က ရှာပါတယ်။ ရှာကြည့်တော့ ကမ္ဘာပေါ်မှာ နိုင်ငံအနှံ့က ဒီလူကတော့ အရင်တုန်းက ကိုဗစ်ဖြစ်တယ်။ ဖြစ်ပြီးတော့ ပျောက်သွားတယ်။ Negative ဖြစ်သွားပြီးတော့ နောက်တစ်ခေါက်ပြန်ပြီး ကိုဗစ်ဖြစ်တယ် ဆိုတာ လေ့လာတွေ့ရှိပြီး တရားဝင် Report လုပ်ထားတာ ၄ ယောက်ပဲ ရှိပါသေးတယ်။

အခုလိုမျိုး သန်းနဲ့ချီပြီး ဖြစ်နေတဲ့အချိန်မှာ ၄ ယောက်ပဲ ဖြစ်တယ်ဆိုတော့ ရှားပါတယ်လို့ ပြောရင်လည်း ရပါတယ်။ ဖြစ်ဖို့ အခွင့်အလမ်း တော်တော်လေးကို နည်းပါတယ်။ ဒါပေမယ့် ကိုဗစ် - ၁၉ အကြောင်းကို ကျွန်တော်တို့ တိတိကျကျ သိတဲ့သူမရှိသေးဘူး။ ကျွန်တော်တို့အားလုံးဟာ ဒါကို လေ့လာနေကြတုန်း၊ ရှာဖွေနေကြတုန်းဖြစ်တဲ့အတွက် လောလောဆယ် နိုင်ငံတကာမှာ ဖြစ်တဲ့အနေ အထားကို ဖြေကြားခြင်းဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ပါမောက္ခဒေါက်တာမြတ်ဝဏ္ဏစိုး။                      ။ ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာကြီးတို့ဖြေပြီးတဲ့နောက် ကျွန်တော်အနေနဲ့ Quarantine ဆိုင်ရာမေးခွန်း ၃ ခုနဲ့ ပိုးသတ်ဆေးဖြန်းခြင်းဆိုင်ရာ မေးခွန်း ၁ ခုကို ဖြေကြားသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးမေးခွန်းအနေနဲ့ အလုပ်ကိစ္စနဲ့ ရန်ကုန်မှ နေပြည်တော်သို့ လာရောက်ရာတွင် Quarantine ရက်မည်မျှနေထိုင်ရမည်ကို သိရှိလိုပါတယ်။ တရားဝင်အမိန့်စာ ထုတ်ပြန်ထားခြင်း ရှိ / မရှိ သိလိုပါတယ်ဆိုပြီး မေးမြန်းထားပါတယ်။

ဒီမေးခွန်းက တစ်နိုင်ငံလုံးက ပြည်သူတွေလည်း စိတ်ဝင်စားမှာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အကျယ်တဝံ့ ဖြေကြားသွားဖို့ စီစဉ်ထားပါတယ်။ နေပြည်တော်ကောင်စီအနေနဲ့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်ကစပြီး အမိန့်အမှတ် ၉၄ / ၂၀၂၀ နဲ့ ၉၅ / ၂၀၂၀ ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီအမိန့်တွေက ပြည်ထောင်စုနယ်မြေနေပြည်တော်သို့ လာရောက်သူများနဲ့ နေပြည်တော်မှ တိုင်းဒေသကြီး/ပြည်နယ်များသို့ သွားရောက်ပြီး နေပြည်တော်သို့ ပြန်လည်ဝင်ရောက်သူများ သိရှိလိုက်နာရန် အသိပေးကြေညာချက်ဖြစ်ပါတယ်။

ထို့အတူပဲ အမိန့်အမှတ် ၉၅ / ၂၀၂၀ ကတော့ နေပြည်တော်သို့ လာရောက်မယ့် ဝန်ထမ်းများနဲ့ နေပြည်တော်သို့ ပြန်လည်ဝင်ရောက်မယ့် ဝန်ထမ်းများသိရှိလိုက်နာစေရန် ဖြစ်ပါတယ်။ အဲဒီအမိန့် ကြေညာစာတွေမှာ ဖော်ပြထားတဲ့ အဓိကအချက်ကတော့ နေပြည်တော်ကို ပြန်လည်ဝင်ရောက်မယ့် မည်သူမဆို Facility Quarantine ကို အတိုင်းအတာ တစ်ခုဝင်ရမယ်။ ပြီးရင် ဆေးစစ်ဆေးမှုခံယူပြီး ရောဂါကင်းရှင်းကြောင်းရရှိမှသာ နေပြည်တော်ထဲကို ဝင်ရောက်ခွင့်ပြုမယ်လို့ ဆိုထားတာဖြစ်ပါတယ်။

အဲဒီမှာလည်း ကျွန်တော်တို့က ဘယ်လိုစီစစ်ထားသလဲဆိုတော့ လာရောက်တဲ့ဒေသ ဘယ်ဒေသက လာသလဲ။ ရောဂါဖြစ်ပွားခြင်းမရှိတဲ့ မြို့နယ်တွေက လာတယ်ဆိုရင် ကျွန်တော်တို့ဆီမှာ Facility Quarantine ဝင်တယ်။ တစ်ရက်အကြာမှာ Swab ယူပြီး စစ်ဆေးတယ်။ စစ်ဆေးပြီး ၃ ရက် အကြာမှာ ရောဂါပိုးမရှိဘူးဆိုရင် နေပြည်တော်ထဲကို ဝင်ရောက်ခွင့်ပြုပါတယ်။

Stay at Home လို့ခေါ်တဲ့ ရောဂါဖြစ်ပွားမှုရှိတဲ့ မြို့နယ်တွေက လာမယ်ဆိုရင်တော့ ပြည်သူတွေအနေနဲ့ Facility Quarantine ကို ၁၄ ရက်ထားပြီး Swab နှစ်ကြိမ် စစ်ရပါမယ်။ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ နေပြည်တော်မှာရှိတဲ့ ဝန်ကြီးဌာနတွေမှာ လုပ်ငန်းဆောင်ရွက်ဖို့ ခေါ်ယူခြင်းခံရတဲ့ ဝန်ထမ်းတွေဆိုရင် ၇ ရက်နဲ့ Swab နှစ်ကြိမ်စစ်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့ ပြောကြားလိုတာက အခုတည်ဆဲအမိန့်တွေအရ နေပြည်တော်ကို ဝင်ရောက်မယ်ဆိုရင် Facility Quarantine မဖြစ်မနေ ဆောင်ရွက်ပြီး Swab စစ်ခံရမှာ ဖြစ်ပါတယ်လို့ ဖြေကြားလိုပါတယ်။

အဲဒီမှာ ဒုတိယအချက်အနေနဲ့ Hotel Quarantine ဝင်ရောက်ဖို့ ကိစ္စဖြစ်ပါတယ်။ နေပြည်တော်မှာ Quarantine ဝင်ရောက်ဖို့အတွက် Facility Based Quarantine အနေနဲ့ နေပြည်တော်စည်ပင်ဧည့်ရိပ်သာနဲ့ ရွာတော်စစ်ကြောရေး တည်းခိုရေးစခန်းတွေကို ထားရှိလေ့ရှိပါတယ်။

ထို့အတူ ဟိုတယ်တွေကိုလည်း ချိတ်ဆက်ထားပြီး ဟိုတယ်မှာ နေရာရှိရင် Hotel Quarantine ပေးဝင်လေ့ရှိပါတယ်။ Hotel Quarantine ဝင်ဖို့အတွက်ကို နေပြည်တော်ကောင်စီကို တင်ပြပြီး နေပြည်တော်ကောင်စီရဲ့ ကြိုတင်ခွင့်ပြုချက်နဲ့ ဆောင်ရွက်ရတာဖြစ်ပါကြောင်း ကျွန်တော့်အနေနဲ့ ဖြေကြားလိုပါတယ်။

ဒုတိယအချက်အနေနဲ့ ခရီးသွားလာတာနဲ့ဆက်စပ်ပြီး အခု ကျွန်တော့်အမျိုးသမီး မီးဖွားတာနဲ့ ဆက်စပ်လို့ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ကနေ ဧရာဝတီတိုင်း ပုသိမ်မြို့ကိုသွားရင် Q ဝင်ရမှာလား။ ဆေးစစ်ချက် မယူထားရင် လမ်းမှာ တားထားတာခံရမှာလားဆိုပြီး မေးထားတာရှိပါတယ်။

အဲဒီအတွက်တော့ နွားထိုးကြီးမြို့နယ်က Stay at Home မြို့နယ် မဟုတ်တဲ့အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ပုသိမ်မြို့ကို တိုက်ရိုက်သွားရင် Quarantine ဝင်စရာမလိုပါဘူး။ တကယ်လို့ Stay at Home မြို့နယ်ကတစ်ဆင့် လာမယ်ဆိုရင်တော့ Quarantine ဝင်ရမှာဖြစ်ကြောင်း ကျွန်တော့်အနေနဲ့ဖြေကြားလိုပါတယ်။

နောက်ပြီး တတိယအချက်အနေနဲ့ ဆေးစစ်ပြီး ရောဂါပိုးမတွေ့ရှိသူကို ရပ်ကျေးမှာ Quarantine ဝင်ခိုင်းတာ ဘာကြောင့်လဲ။ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတာ ရှိပါသလား။ သိရှိနိုင်ရန် မေးမြန်းအပ်ပါသည် ဆိုပြီး မေးထားပါတယ်။ ခုန ဆရာကြီးပါမောက္ခ ဒေါက်တာမြင့်ဟန် ဖြေကြားတဲ့ အထဲမှာလည်း ပါပါတယ်။ ကျွန်တော်တို့သည် Facility Quarantine ပြီးရင် Home Quarantine တစ်ပတ် ဆောင်ရွက်ရပါတယ်။  ဒါသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ထားတဲ့ Guideline ဖြစ်ပါတယ်။ ဒါကြောင့် ဆေးစစ်ပြီး ပိုးမတွေ့ရှိတဲ့သူတွေလည်း လွတ်လွတ်လပ်လပ် မသွားရသေးဘဲ တစ်ပတ်ခန့် အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုခြင်း Quarantine ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားလိုပါတယ်။

နောက်ဆုံးမေးခွန်းက ကြေးချွတ်ဆေးကို ရေနဲ့ရောပြီး ပိုးသတ်ဆေးအဖြစ် အသုံးပြုနေတာတွေ့လို ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေတွေမှာ သုံးသင့် / မသုံးသင့် သိချင်ပါတယ်။ အန္တရာယ် မရှိအောင် ဘယ်လိုလုပ်ဆောင်ရလဲဆိုပြီး မေးထားပါတယ်။

အဲဒီတော့ကျွန်တော့်အနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အများပြည်သူနဲ့ သက်ဆိုင်သောနေရာများတွင် ပိုးသတ်ဆေးဆိုင်ရာ သိကောင်းစရာများဆိုတဲ့ စာစောင်လေးကို ညွှန်းလိုပါတယ်။ အဲဒါသည် MOHS Website ထဲမှာ ကြည့်လို့ရပါတယ်။ အဲဒီမှာ ဖော်ပြထားတာကတော့ အများပြည်သူအသုံးပြုတဲ့နေရာတွေ၊ ရုံးတွေ၊ ကျောင်းတွေ၊ စားသောက်ဆိုင် အဲလိုနေရာမျိုးတွေမှာရှိတဲ့ ဉပမာ - တံခါးလက်ကိုင်၊ အိမ်သာ၊ လှေကားလက်ရန်း၊ ရေပိုက်ခေါင်း၊ အလုပ်စားပွဲ စတဲ့နေရာတွေရဲ့ Hard Surface တွေမှာ ရောဂါပိုးက ၄/ ၅ ရက်ခန့် နေနိုင်တဲ့ အဲဒီဟာတွေကို ပိုးသတ်ဆေးဖြန်းသင့်ပါတယ်လို့ ကျွန်တော်တို့ အကြံပြုထားပါတယ်။

ဘယ်လိုနေရာမျိုးတွေ မဖြန်းသင့်ဘူးလဲဆိုတော့ ဈေးတွေ၊ လမ်းမကြီးပေါ်တွေ၊ Open Space တွေမှာ မဖြန်းရပါဘူး။ လူသွားလျှောက်လမ်းတွေမှာ မဖြန်းရပါဘူး။ နောက်ပြီး သေတ္တာတွေ၊ အကန့်တွေ၊ အခန်းငယ် အလုံပိတ်တွေထဲမှာလည်း လူခန္ဓာကိုယ်အပေါ်ကို အငွေ့တွေ၊ ဆေးတွေဖြန်းတာ မဆောင်ရွက်ဖို့ပြောထားပါတယ်။

အသုံးပြုဖို့ဆေးပစ္စည်းအနေနဲ့ Bleaching Powder နဲ့ ကလိုရင်းကွန်ပေါင်းတွေ၊ ဆိုဒီယမ်ဟိုက် ဒရိုက်ကလိုရိုက်၊ အဝတ်လျှော်ဆေး၊ ချေးချွတ်ဆေးတွေကို အသုံးပြုနိုင်ကြောင်း ဖြေကြားရင်းနဲ့ ဒီနေ့ ဖြေကြားတဲ့ ကျွန်တော်ရဲ့ ဖြေကြားချက်တွေကို နိဂုံးချုပ်လိုက်ပါတယ်။ မိဘပြည်သူအားလုံး ကျန်းမာရွှင်လန်းပါစေ။