ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ပြည်သူများအတွက် အသိပညာပေးအစီအစဉ်

စက်တင်ဘာ ၁၆

မြန်မာနိုင်ငံ၌ ကိုဗစ် - ၁၉ ရောဂါ ၂၀၂၀ ပြည့်နှစ် မတ်လတွင် စတင်ဝင်ရောက်လာခဲ့သည်။ ကိုဗစ် - ၁၉ ရောဂါ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာသည့် အချိန်မှစပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။

လက်ရှိအချိန်တွင် ပြည်တွင်းကူးစက်မှုများ များပြားလာသည့်အတွက် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းအသင်းအဖွဲ့များကလည်း ဆေးရုံများ၊ Quarantine Center များတွင် အစဉ်တစိုက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှု များပြားလာသည့်အတွက် မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီ အထူးကုဆေးရုံ၊ တောင်ဥက္ကလာပ မြို့နယ်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးနှင့် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရှိ ကိုဗစ်စင်တာများ၌ လူနာများကို ကုသပေးနေမှုများနှင့်စပ်လျဉ်းပြီး ပြည်သူများသိရှိနိုင်ရန် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က ဆက်သွယ်မေးမြန်းထားမှုများကို တင်ပြလိုက်ပါသည် -

ပါမောက္ခဒေါက်တာဇော်ဝေစိုး

ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)

ကိုဗစ် - ၁၉ ကုသမှုအပိုင်းအနေနဲ့ ရန်ကုန်မှာဆိုရင် ဝေဘာဂီ၊ တောင်ဥက္ကလာပနဲ့ ဖောင်ကြီး ကိုဗစ်စင်တာတို့ ရှိပါတယ်။ အဲဒါတွေရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် ဝေဘာဂီနဲ့ တောင်ဥက္ကလာပက လူနာ ၇၀ စီဆံ့တဲ့အတွက် လူနာ ၁၄၀ ဆံ့ပါတယ်။  Intensive care unit (ICU) အနေနဲ့ ခုတင် ၂၀ လောက်ရှိပါတယ်။ ဖောင်ကြီး ကိုဗစ်စင်တာအနေနဲ့ အားလုံးပြင်ဆင်ပြီးရင် လူနာ ၁၀၀၀ ကျော် ထားနိုင်မှာ ဖြစ်ပါတယ်။ အထူးကြပ်မတ်ကုသဆောင် (Intensive care unit - ICU) အနေနဲ့ လူနာ ၄၀ ထားနိုင်မှာ ဖြစ်ပါတယ်။

ယခုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီး ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ရိုးမအိမ်ရာကို Asymptomatic Hospital (ရောဂါလက္ခဏာမပြင်းထန်တဲ့လူနာတွေ၊ ရောဂါလက္ခဏာ မရှိတဲ့ လူနာတွေကိုထားတဲ့ဆေးရုံ) အဖြစ်နဲ့ ကိုဗစ် - ၁၉ ဓာတ်ခွဲအတည်ပြုလူနာတွေထားဖို့အတွက် စီစဉ်နေပါတယ်။ အဲဒီမှာ ရေချိုးခန်းနဲ့ အိမ်သာပါတဲ့ ပေ ၂၀ ပတ်လည်အခန်းတွေ ရှိပါတယ်။ ဒီလိုမျိုး အခန်းပေါင်း ၁၅၀ လောက်ရှိပါတယ်။ အခန်း ၁၅၀ မှာ တစ်ခန်းကို ၂ ယောက်နှုန်းနဲ့ ထားမယ်ဆိုရင် လူနာ ၆၀၀ ဆံ့မှာ ဖြစ်ပါတယ်။ ဒီလူတွေကို ပြုစုကုသစောင့်ရှောက်မယ့် ဆရာဝန်/ ဆရာမတွေကိုလည်း အိမ်ရာရဲ့ ဘေးကပ်လျက်မှာ နေထိုင်ဖို့ စီစဉ်ထားပါတယ်။ ဆရာဝန်/ ဆရာမတွေအတွက် အခန်းပေါင်း ၃၂ ခန်း စီစဉ်ထားပါတယ်။ ဒီနေရာမှာ ရောဂါလက္ခဏာ မပြင်းထန်တဲ့ လူနာတွေကို ကုသဖို့ စီစဉ်ထားပါတယ်။

ဒါပေမယ့် ကျွန်တော်တို့တွက်ချက်မှုအရ ဒီလူနာ ၆၀၀ နဲ့ မလောက်ပါဘူး။ တစ်နေ့ကို ယခုလိုမျိုး ၁၅၀/ ၂၀၀ ဓာတ်ခွဲအတည်ပြုလူနာတွေ ထွက်ပေါ်နေတာနဲ့ ကာဗာဖြစ်အောင် အနည်းဆုံး ၁၅၀၀ / ၂၀၀၀ လျာထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ယခု သုဝဏ္ဏဘောလုံးအကယ်ဒမီကျောင်းမှာထားဖို့ အစီအစဉ်ရှိပါတယ်။

အလားတူ ရိုးမအိမ်ရာထဲမှာ ဆက်ပြီးထားနိုင်တဲ့ အခန်းတွေရှိပါသေးတယ်။ ဒါတွေကို ကျွန်တော်တို့ ဆက်ပြီးတိုးချဲ့မယ်ဆိုရင် လူ ၁၀၀၀ / ၁၅၀၀ လောက်ထားနိုင်မှာဖြစ်ပါတယ်။ ဖောင်ကြီး၊ တောင်ဥက္ကလာနဲ့ ဝေဘာဂီတို့မှာ ရောဂါပြင်းထန်တဲ့သူတွေကို ကုသပေးနေပါတယ်။ ဒီလိုရောဂါ ပြင်းထန်တဲ့သူတွေကို ကုသပေးဖို့အတွက် ခုတင် ၁၂၀၀ နီးပါးရှိပါတယ်။ အထူးကြပ်မတ်ကုသဆောင် (ICU) အနေနဲ့ ဝေဘာဂီမှာ ၁၂ ခုတင်နဲ့ တောင်ဥက္ကလာမှာ ၁၂ ခုတင် စုစုပေါင်း ၂၄  ခုတင်ရှိပါတယ်။ ဖောင်ကြီးက ခုတင် ၄၀ နဲ့ဆိုရင် ICU ၆၄ ခုတင် ရှိပါတယ်။ ဒါတွေနဲ့ ကုသပေးနေပါတယ်။ ဒီအနေအထားကိုကြည့်ပြီး ကျွန်တော်တို့ စီစဉ်နေတာက ယခုလာမယ့် တစ်ရက်/ နှစ်ရက်ကစပြီး ရောဂါလက္ခဏာပြင်းထန်တဲ့သူတွေကို ဖောင်ကြီး၊ ဝေဘာဂီနဲ့ တောင်ဥက္ကလာပ ဆေးရုံတွေမှာ ကုသပေးမှာဖြစ်ပါတယ်။

ကိုဗစ် - ၁၉ ရောဂါရဲ့ ၇၀ ရာခိုင်နှုန်း သို့မဟုတ် ၇၅ ရာခိုင်နှုန်းက ရောဂါလက္ခဏာမပြင်းထန်ပါဘူး။ ရောဂါလက္ခဏာမရှိပါဘူး။ ဒီလူနာတွေကို ၂ ပတ်ထားမယ်ဆိုရင် ရောဂါလက္ခဏာမရှိတဲ့အတွက် သူများကိုလည်း မကူးနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီလူနာတွေကို ၂ ပတ် ဆေးရုံတင်ထားဖို့ လိုပါတယ်။ ဒီ ၂ ပတ်လောက် ဆေးရုံတင်နိုင်မယ့် နေရာတွေကို စီစဉ်နေပါတယ်။ ကျွန်တော်တို့ ဒီလိုမျိုး ရောဂါလက္ခဏာ ၇၀ ရာခိုင်နှုန်းရှိတဲ့ လူနာတွေကို Field Center Medic တွေနဲ့ ထားနိုင်ဖို့လုပ်နေပါတယ်။ ရောဂါလက္ခဏာပြင်းထန်တဲ့သူတွေကို ကျွန်တော်တင်ပြခဲ့တဲ့ ဆေးရုံ ၃ ရုံမှာ ကုသဖို့ စီစဉ်ထားပါတယ်။ ယခုလို ဆောင်ရွက်နေတာကနေ ကျွန်တော်တို့ နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ပြီဆိုရင် ဒီရောဂါကိုကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုကျော်လွှားသွားနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားလျက်ရှိပါတယ်။

ကျွန်တော်အနေနဲ့ ပြည်သူလူထုကို တောင်းဆိုချင်တာက ဒီအချိန်မှာ ယခု တစ်ပတ်/ နှစ်ပတ် အတွင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားထားသလို ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေနဲ့အညီ နေပေးကြပါ။ တစ်ယောက်နဲ့ တစ်ယောက် ၆ ပေကွာအောင် နေပါဆိုလည်း နေပေးကြပါ။ တစ်ယောက်ချင်း၊ တစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ လိုက်နာမှု အသိစိတ်ဓာတ်က အရေးကြီးပါတယ်။

ကျွန်တော်တို့ ဒီကိစ္စက ဆေးကုလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ကျွန်တော်တို့ ကုသဖို့ လုပ်နေတာက ရောဂါပျောက်ဖို့ မဟုတ်ပါဘူး။ ယခုကုသဖို့ လုပ်နေတာတွေက ရောဂါကိုထိန်းဖို့ ဖြစ်ပါတယ်။ ဒီလိုထိန်းတာက ကျွန်တော်တို့ ကုသတဲ့ ဝန်ထမ်းတွေ/ ဆရာဝန်တွေကမှ ထိန်းနိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရှိနေတဲ့ တစ်ယောက်ချင်း၊ တစ်ဦးချင်းစီက ထိန်းနိုင်မှ ဖြစ်မှာပါ။ ထိန်းဖို့လိုပါတယ်။ ကိုယ်ရှူထုတ်လိုက်တဲ့ လေကို သူများတွေ မရှူဖို့လိုပါတယ်။ သူများတွေ ရှူထုတ်လိုက်တဲ့လေကိုလည်း ကိုယ်က မရှူဖို့လိုပါတယ်။ ကိုယ့်ဆီက ရောဂါပိုး သူများဆီ မကူးဖို့လိုပါတယ်။ သူများဆီက ရောဂါပိုး ကိုယ့်ဆီ မကူးဖို့လိုပါတယ်။ ဒါတွေကို တကယ်စောင့်ထိန်းလိုက်နာရမယ့် ကျွန်တော်တို့ ရန်ကုန်မြို့မှာ ရှိနေတဲ့ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းက ဒါကို အတိအကျ  ၂ ပတ် လိုက်နာကြရင် ဒီရောဂါကို ကျွန်တော်တို့ နိုင်ပါပြီ။

ဒါကိုနိုင်အောင် ကျွန်တော်တို့ လုပ်ရပါမယ်။ ဒီလိုမျိုး တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းက ထိန်းသိမ်းရင် တစ်ဖက်ကနေ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ကနေ အားလုံးပူးပေါင်းပြီးထိန်းရင် ဒီရောဂါကို နိုင်မှာဖြစ်ပါတယ်။

ဒီအချိန်မှာ လိုက်နာရင် လိုက်နာ၊ မလိုက်နာရင် ကျွန်တော်တို့ တစ်တိုင်းတစ်ပြည်လုံး ဒီရောဂါ ကူးစက်ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်က သိပ်ကိုအရေးကြီးတဲ့ အချိန်ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အပါအဝင် ဌာနပေါင်းစုံက အတိအကျ ဒါတွေကို လိုက်နာပေးပြီး ၂ ပတ် အသေအချာ လုပ်လိုက်မယ်ဆိုရင် နိုင်မှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ဒါကိုကျော်လွှားဖို့ ကျွန်တော်တို့ ခက်ပါပြီ။

 

ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများကို စောင့်ကြပ်ပေးနေမှုနှင့်စပ်လျဉ်းပြီး ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာဇော်လင်းအောင်က ယခုလို ပြောကြားသည် -

 

ပါမောက္ခ ဒေါက်တာဇော်လင်းအောင် (ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)၊ ဆေးပညာဌာန)

ဆေးရုံ တစ်ရုံကို ကိုဗစ် - ၁၉ သံသဃရှိတဲ့ လူနာတွေ ရောက်လာတဲ့အခါမှာ ကျွန်တော်တို့က အဲဒီကနေစပြီး သူတို့ကို ကုသတဲ့ ဖြစ်စဉ်လေးတွေ၊ နောက်ဆုံး ဆေးရုံကနေ ဆင်းတဲ့အထိ တိုင်အောင် အကျဉ်းချုံးပြီး တင်ပြသွားပါမယ်။

လူတစ်ယောက်က ကိုဗစ် - ၁၉ ကို သံသယရှိတယ်ဆိုတဲ့ လက္ခဏာတွေ ပေါ်လာပြီဆိုရင် သူတို့က ဆေးရုံကို ရောက်လာကြပါတယ်။ အထူးသဖြင့် ချောင်းဆိုးတယ်၊ ဖျားတယ်၊ မောတယ်။ ယခုနောက်ပိုင်း ထူးခြားတဲ့ လက္ခဏာတွေက အနံ့ပျောက်တယ်၊ အရသာပျောက်တယ်၊ တချို့ဆိုရင် ပျို့အန်တယ်၊ ဝမ်းသွားတယ်၊ နောက်တချို့က စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေရှိတယ်။ ဒီလက္ခဏာမျိုးတွေပေါ်မှာ မူတည်ပြီး သူ့ကို သံသယလူနာလို့ သတ်မှတ်လိုက်တာနဲ့ သူတို့ကို ဆေးရုံမှာ တင်ပါတယ်။ ဆေးရုံတင်တဲ့အခါမှာ သူတို့ကို စောင့်ကြည့်လူနာနေရာမှာထားပါတယ်။ သူတို့ရဲ့ နှာခေါင်းတို့ဖတ် နမူနာယူဖို့အတွက် စီစဉ်ပေးပါတယ်။ လူနာတစ်ယောက်က ဆေးရုံကို ရောက်လာရင် အဲဒီမှာစပြီး တက်ရောက်ရပါတယ်။ သံသယရှိတဲ့အတွက် အိမ်ပြန်လို့ မရပါဘူး။ အဲဒီနေရာမှာ စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ပြီး နှာခေါင်းတို့ဖတ် နမူနာကို ယူပါတယ်။ ရောဂါစစ်ဆေးပေးနိုင်တဲ့ အားတွေက များတဲ့အတွက် ၂၄ နာရီအတွင်းမှာ အဖြေရပါတယ်။

အဖြေရပြီဆိုရင် အဲဒီလူနာက ဘာလုပ်ရသလဲဆိုရင် Positive ထွက်တယ်လို့ သတ်မှတ်တဲ့ သူတွေကို ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာတွေကို ထားရှိတဲ့ ဆေးရုံကို သွားရပါတယ်။ သက်ဆိုင်ရာဆေးရုံတွေကနေပြီး စီစဉ်ပေးတဲ့ အရေးပေါ်လူနာတင်ယာဉ်တွေနဲ့ အဲဒီဆေးရုံကို သွားရပါတယ်။ အဲဒီမှာလည်း လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး ဆောင်ရွက်ရပါတယ်။ တချို့က ရောဂါလက္ခဏာတွေ လုံးဝမပြပါဘူး။

ဒီလူနာတွေရဲ့ ဆေးကုသရေး၊ ပြုစုစောင့်ရှောက်ရေး၊ စားသောက်ရေးတွေ အကုန်လုံးကို အဲဒီ ဆေးရုံတွေကနေ လူအင်အား၊ အစားအသောက်အင်အား စသဖြင့် ဖြည့်စွက်ထားပါတယ်။ အဲဒီဆေးရုံတွေမှာ မိမိတို့ရဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်ဖို့အတွက် အင်တာနက်တွေ တပ်ဆင်ပေးထားပါတယ်။ ဒီအင်တာနက်တွေကနေပြီး မိမိတို့ရဲ့ သက်ဆိုင်ရာ တယ်လီဖုန်းတွေကနေ Vedio Call တွေ၊ Viber, Massager စသဖြင့် စကားပြောလို့ ရနေပါပြီ။ ဒါကိုအစိုးရအနေနဲ့  ဒီဆေးရုံကြီးတွေမှာ အင်တာနက် Connection တွေကောင်းအောင် ဖန်တီးပေးထားတဲ့အတွက်ကြောင့်မို့၊ လူနာရှင်တွေအနေနဲ့ လိုက်ပါပြီး ပြုစုစောင့်ရှောက်ရခြင်း မရှိသော်လည်း ဒီလူနာတွေနဲ့ မိသားစုဝင်တွေက ဆက်တိုက် အဆက်မပြတ် ထိတွေ့နိုင်အောင် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

ယခင်တုန်းက ဆေးရုံက မဆင်းမချင်း နှာခေါင်းတို့ဖတ် နမူနာယူပြီး Negative ဖြစ်အောင် စောင့်ရတယ်။ ဒီလိုစောင့်ရတဲ့အချိန်ကာလသည် ၃ ပတ် သို့မဟုတ် ၄ ပတ် ဖြစ်နိုင်ပါတယ်။ အဲဒီကမှ တစ်ဆင့် နှာခေါင်းတို့ဖတ်ကနေ ပိုးမတွေ့တော့ဘူးဆိုရင် နောက်ဆေးရုံတစ်ခုကို ပြောင်းရပါတယ်။ အဲဒီတုန်းက ဖောင်ကြီးဆေးရုံကြီးကို ပြောင်းရတာဖြစ်ပါတယ်။ ဖောင်ကြီး ဆေးရုံမှာ နောက်ထပ် ၂ ပတ် ထပ်နေပြီး ဆေးရုံကဆင်းရတဲ့အတွက် လူနာတစ်ယောက်က ဆေးရုံမှာ အကြမ်းဖျင်း ၄ ပတ်က နေ ၅ ပတ်အထိ နေရပါတယ်။

ယခုကမ္ဘာနဲ့တစ်ဝန်းက သုတေသနပြုချက်တွေအရ ဆေးရုံကနေ ဆင်းခွင့်ပြုနိုင်တဲ့ သတ်မှတ်ချက်တွေကို ပြောင်းလိုက်ပါတယ်။ ဒါတွေက ဘာလဲဆိုရင် ဆေးရုံကိုရောက်ပြီး အနည်းဆုံး ၁၄ ရက် နေရပါမယ်။ ဒီ ၁၄ ရက်အတွင်းမှာ တချို့က ရောဂါလက္ခဏာပြပါတယ်။ တချို့က မပြပါဘူး။ ရောဂါလက္ခဏာမပြတဲ့သူတွေကို ၁၄ ရက်နေပြီးရင် ဆေးရုံကနေ ဆင်းခွင့်ပြုပါတယ်။

ရောဂါလက္ခဏာပြတဲ့သူတွေကို အနည်းဆုံး ၁၄ ရက်နေရမယ် ဆိုပေမယ့်၊ ရောဂါလက္ခဏာ မရှိတဲ့ရက် ၄ ရက်ရှိရမယ်ဆိုပြီး ထပ်ပြီးကန့်သတ်ထားပါတယ်။ ဥပမာ - လူနာတစ်ယောက်က ၅ ရက် ဖျားပြီး နောက်ပိုင်းမှာ ရောဂါလက္ခဏာမပြတဲ့ ၄ ရက်အပါ ၉ ရက်ဖြစ်သွားပါမယ်။ ဆေးရုံမှာ ၁၄ ရက် နေရမယ့်အချက်နဲ့ ရောဂါလက္ခဏာမပြတဲ့ ၄ ရက်ဆက်တိုက်ဖြစ်ရမယ်ဆိုတဲ့ အချက်တွေကို အကျုံးဝင်တဲ့ လူနာတွေကို သတ်မှတ်ရက်ပြည့်ရင် ဆေးရုံကနေ ပေးဆင်းလိုက်ပါတယ်။ ဒါက ဆေးရုံမှာ နေရမယ့် ကာလတိုသွားတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော် ပြောချင်တာက ဆေးရုံကို ရောက်ရှိလာတဲ့ လူနာတွေအားလုံးသည် ဒီဆေးရုံတွေမှာ ဂရုတစိုက်နဲ့ ဆောင်ရွက်ရမယ့် ဆောင်ရန်/ ရှောင်ရန် အချက်တွေ ရှိပါတယ်။ အစားအသောက်တွေကို အစိုးရကနေ ပံ့ပိုးပေးထားတဲ့အတွက် ဒီဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေက မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်နဲ့ ညနေတစ်ကြိမ် ဖြန့်ဖြူးပေးပြီး စားသောက်ပြီးတဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်သိမ်းပေးပါတယ်။ လူနာတွေအနေနဲ့ ဆေးရုံထဲမှာ စနစ်တကျ စားသောက်ပြီး စွန့်ပစ်ပစ္စည်းတွေ ပြန်စွန့်ပေးမယ့် အလုပ်သမားတွေ နေရာအထိကို စုစည်းပြီး လာပေးရပါတယ် ဒါက နံပါတ် ၁ ပါ။

နံပါတ် ၂ က ဒီဆေးရုံတွေမှာ အောက်စီဂျင်ပိုက်လိုင်းတွေရှိပါတယ်။ အလွန်အရေးကြီးပါတယ်။ အောက်စီဂျင်ပိုက်လိုင်းတွေက မီးလောင်လွယ်တဲ့အတွက်ကြောင့်မို့ ဒီထဲမှာ ဆေးလိပ်သောက်လို့ မရပါဘူး။ မီးခြစ်သုံးလို့ မရပါဘူး။ ဒါတွေက အရေးကြီးပါတယ်။ နောက်တစ်ခုက ဒီထဲကို မသယ်ရမယ့် ပစ္စည်းတွေရှိပါတယ်။ မူးယစ်ဆေးဝါးတွေ၊ အရက်သေစာတွေ မသယ်ပါရဘူး။ နောက်လူကို အန္တရာယ်ဖြစ်စေတတ်တဲ့ ချွန်ထက်တဲ့ လက်နက်ကိရိယာတွေ မသယ်ရဘူး။ အချင်းချင်း နေထိုင်တဲ့ အခါမှာလည်း သင့်တင့်မျှတစွာနဲ့ စိတ်ရှည်သည်းခံပြီး တစ်ယောက်နဲ့ တစ်ယောက် ရန်ဘက်မဖြစ်အောင် နေထိုင်ကြဖို့ လိုပါတယ်။ ဒါအပြင် ကန့်သတ်ထားတဲ့ နေရာတွေကို ကျော်လွန်ပြီး ဘယ်မှသွားလို့မရပါဘူး။ နေ့စဉ်နဲ့အမျှ ဆရာဝန်တွေကနေပြီး လိုအပ်တဲ့ အတိုင်းအတာကို မူတည်ပြီး စစ်ဆေးတာတွေကို ခံယူရပါမယ်။ ဒီလို စစ်ဆေးတဲ့နေရာမှာ သွေးဖောက်တာတွေ၊ ဓာတ်မှန်ရိုက်တာတွေ ရှိနိုင်ပါတယ်။ လိုအပ်ရင် လိုအပ်သလို ကုသမှုပေးတာတွေကို ခံယူရမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အဆောင်တွေမှာလည်း  တာဝန်ကျဆရာဝန်တွေ၊ ဆရာမတွေနဲ့ လုပ်သားတွေရဲ့ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး‌နေကြရမှာဖြစ်ပါတယ်။

သူတို့ကို ဆေးရုံကနေ ဆင်းချိန်တန်ရင် ဘယ်လိုဆင်းရမလဲဆိုတာရှိပါတယ်။ ဒီဆေးရုံတွေကနေ ဆင်းခွင့်ပေးလိုက်တဲ့ အနယ်နယ်အရပ်ရပ်ကနေ လာရောက်ကြသူတွေက အနယ်နယ်အရပ်ရပ်ကို ပြန်သွားကြတဲ့အခါ မိမိရဲ့ အိမ်မှာ နောက်ထပ်တစ်ပတ် အများကို မကူးစက်အောင်ဆိုပြီး ချမှတ်ထားတဲ့ Social distancing အတိုင်း လိုက်နာရပါမယ်။ အိမ်မှာ တစ်ယောက်နဲ့ တစ်ယောက်ခွာပြီး နေတာတွေ၊ မလိုလားအပ်ဘဲနဲ့ စုစုဝေးဝေး နေတာတွေကို ရှောင်ကျဉ်ပြီး မကြာခဏ လက်ဆေးတာတွေ၊ Mask တပ်တာတွေကို ဆောင်ရွက်ပါ။ ဒါမှနောက်တစ်ယောက်ကို ကူးစက်နိုင်ဖို့ အခွင့်အလမ်း နည်းသွားမှာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ သုတေသနတွေအရ ၂ ပတ်ကျော်ရင် ဒီလူနာကနေ နောက်တစ်ယောက်ကို ကူးစက်ဖို့ အခွင့်အလမ်း မရှိတော့ဘူးလို့ ပြောကြပေမယ့်၊ ဆေးရုံမှာ ၂ ပတ်နေပြီးတဲ့နောက်မှာ အိမ်မှာလည်း တစ်ပတ်နေဖို့ဆိုပြီး ချမှတ်ထားတဲ့ စည်းကမ်းတွေဖြစ်ပါတယ်။

ဆေးရုံကဆင်းတဲ့ လူနာတွေသည် ဆေးရုံနဲ့ အစိုးရကနေ သတ်မှတ်ထားတဲ့ စည်းမျဉ် စည်းကမ်းတွေကို လိုက်နာခြင်းဖြင့် ကျွန်တော်တို့ကို တစ်ဖက်တစ်လမ်းက ကူညီရာရောက်ပါတယ်။ ဒီတော့ စေတနာ၊ မေတ္တာတွေနဲ့အတူ အစိုးရဘက်ကနေ လိုလေသေးမရှိအောင် အခမဲ့ ပြုစုကုသပေးနေတဲ့ ဆေးရုံကြီးတွေရဲ့ စည်းကမ်းတွေကိုလိုက်နာပြီး ဆေးရုံကဆင်းတဲ့ချိန်မှာ ကိုဗစ်ရောဂါကင်းစင်တဲ့ လူနာတွေအဖြစ် ဆင်းသက်သွားတဲ့ လူနာတွေအများကြီးရှိပါတယ်။ ဒီလို အသိလေးတွေနဲ့ အားလုံးလိုက်နာပြီး ပူးပေါင်းကူညီဆောင်ရွက်ပါလို့ ပြောချင်ပါတယ်။

 

ကိုဗစ် - ၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာများကို သက်ဆိုင်ရာဆေးရုံများသို့ ပို့ဆောင်ရာ တွင် လူနာများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့် ပတ်သက်ပြီး ပါမောက္ခ ဒေါက်တာမော်မော်ဦးက ယခုလိုပြောကြားသည် -

 

ပါမောက္ခ ဒေါက်တာမော်မော်ဦး (အရေးပေါ်ဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး)

လူနာအမျိုးအစားတွေက ၃ မျိုးရှိပါတယ်။ နံပါတ် (၁) အထူးကြပ်မတ်ကုသဖို့ လိုအပ်တဲ့ အရေးပေါ်လူနာမျိုးတွေကို သယ်ယူပို့ဆောင်တာက တစ်မျိုးပါ။ နံပါတ် (၂) လူနာက သာမန်ရောဂါ လက္ခဏာပဲရှိတယ်။ ဖျားမယ်၊ နာမယ်၊ ချောင်းဆိုးမယ် ဒီလိုမျိုး ရောဂါလက္ခဏာရှိတာက နံပါတ် (၂) အမျိုးအစားဖြစ် ပါတယ်။ နံပါတ် (၃) အမျိုးအစားက အနံ့မရတာတို့၊ အရသာမသိတာတို့ ဒီလိုမျိုး လောက်ပဲရှိတဲ့ လူနာတွေကို အမျိုးအစား (၃) အနေနဲ့ ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။

ဒီတော့ အမျိုးအစား (၁) ၊ (၂) ၊ (၃) ဒီလူနာတွေကို သယ်ယူပို့ဆောင်ဖို့အတွက် လူနာတင်ယာဉ်ကလည်း အမျိုးစုံသုံးရပါတယ်။ အထူးကြပ်မတ်ကုသမှုကို လိုအပ်နေတဲ့ အရမ်းကို ရောဂါ ဝေဒနာ ဆိုးရွားနေတဲ့ လူနာတွေကို Advance Ambulance ခေါ်တဲ့ အဆင့်မြင့် အသက်ရှူစက်တွေပါသော လူနာတင်ယာဉ်ကို သုံးပါတယ်။ ဒီလို လူနာတင်ယာဉ် ၃ စီးနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။

နောက်တစ်ခုက သာမန်ရောဂါလက္ခဏာရှိပြီး လူနာဖျားနေမယ်ဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပိုင် လူနာတင်ယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ပေးလျက်ရှိပါတယ်။ အရေအတွက် ၁၀ စီးလောက်နဲ့ ကျွန်တော်တို့ အသုံးပြုနေပါတယ်။

ဒီထက်ပိုများတာက ၆၀ ရာခိုင်နှုန်းသော လူနာတွေက နှာခေါင်းကနေ အနံ့မရတာနဲ့ အရသာမသိတဲ့ လူနာမျိုးတွေကို ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ထောက်ပံ့ထားတဲ့ ဘတ်စ်ကားကြီးတွေရှိပါတယ်။ ယခင်တုန်းက လေဆိပ်ကို ပြေးဆွဲပေးနေတဲ့ YRTA ဘတ်စ်ကားကြီးတွေ ဖြစ်ပါတယ်။ ဒီဘတ်စ်ကားကြီး ၄ စီး ကျွန်တော်တို့မှာ ရှိပါတယ်။ ဒီဘတ်စ်ကား ၄ စီးနဲ့ ကျွန်တော်တို့က တစ်စီးကို ဓာတ်ခွဲအတည်ပြုလူနာ ၁၅ ယောက်ကို တင်ဆောင်ပြီး သက်ဆိုင်ရာ ဆေးရုံတွေကို ပို့ဆောင်ပေးပါတယ်။

ဒီလိုပို့ဆောင်ပေးရတဲ့ လူနာတွေကို ကြည့်မယ်ဆိုရင် ပို့ဆောင်ပေးရတဲ့ ဆေးရုံအမျိုးအစား ၂ မျိုးရှိပါတယ်။ နံပါတ် (၁) က ဆေးရုံတွေကနေထွက်တဲ့ Patient Under Investigation လို့ခေါ်တဲ့ PUI လူနာတွေကို ပို့ဆောင်ပေးရတာပါ။ နံပါတ် (၂) က Quarantine Center တွေက လူနာတွေကို ပို့ဆောင်ပေးရတာဖြစ်ပါတယ်။ ဒီလို ၂ မျိုးရှိပါတယ်။

ဆေးရုံတွေမှာ သွားခေါ်တာက ကျွန်တော်တို့ လက်ထဲမှာရှိတဲ့ ကိုယ့်လူနာတွေဖြစ်တဲ့အတွက် သယ်ယူပို့ဆောင်ပေးရတာ အဆင်ပြေပါတယ်။ သက်ဆိုင်ရာဆေးရုံအုပ်တွေနဲ့ ဆက်သွယ်ပြီး ဆရာဝန်နဲ့ သူနာပြု လိုအပ်တဲ့ လူနာမျိုးဆိုရင်လည်း လိုက်ပါစောင့်ရှောက်ပြီး ပို့ဆောင်ပေးပါတယ်။ Quarantine Center တွေက နေရာအနှံ့ရှိပါတယ်။ ရန်ကုန်မြို့ထဲမှာ Quarantine Center ၄၀ / ၅၀ ရှိပါတယ်။ ဒီလိုနေရာတွေက ပတ်ပြီးခေါ်တဲ့အခါမှာ တစ်ခါတစ်လေ ကော့မှူးတို့၊ တွံတေးတို့ကနေ သွားခေါ်ရတဲ့ အခြေအနေမျိုးတွေရှိပါတယ်။

ဒီအင်တာဗျူးမှာ ထည့်ပြီးပြောချင်တာက လူနာတွေအနေနဲ့ လာရောက်ခေါ်ယူပို့ဆောင်ပေး တဲ့အဖွဲ့တွေအပေါ်မှာ လိုက်နာရမယ် စည်းကမ်းချက်တွေကို ပြောချင်ပါတယ်။ Positive လူနာ အဖြစ် အဖြေသိရပြီဆိုရင် ကျွန်တော်တို့က လာခေါ်မှာဖြစ်ပါတယ်။ အိမ်မှာနေလို့ မရတော့ပါဘူး။ သက်ဆိုင်ရာ Positive လူနာတွေကို စုပြီးကုသပေးမယ် ဆေးရုံတွေကို ပို့ဆောင်ပေးပါတယ်။ ဒီလို ဆေးရုံတွေကို ပို့ဆောင်ပေးမှာဖြစ်တဲ့အတွက် တချို့ကို အိမ်ကနေ၊ တချို့ကို Quarantine Center တွေ ကနေ၊ ဟိုတယ်တွေကနေ သွားခေါ်ပေးရပါတယ်။

ဒီလိုလာခေါ်ဖို့ နီးပြီဆိုတာကို သတင်းရပြီဆိုရင် Positive လူနာတွေအနေနဲ့ ပြင်ဆင်ထားစေ ချင်တာက ကိုယ်ယူမယ့် ပစ္စည်းတွေ၊ ဖုန်းတွေ၊ လပ်တော့ကွန်ပျူတာတွေ၊ ကိုယ့်ရဲ့ တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းတွေ၊ အင်္ကျီတွေကို ကြိုတင်ပြင်ဆင်ထားစေချင်ပါတယ်။ ကျွန်တော်တို့ ယခု အသစ်ထပ်မံထွက်ရှိလာတဲ့ စည်းကမ်းချက်အသစ်အရ Positive လူနာက အနည်းဆုံး ၁၄ ရက် နေရမယ့်အခြေအနေရှိပါတယ်။ ၁၄ ရက်စာ ကိုယ်အသုံးပြုချင်တဲ့ ပစ္စည်းတွေကို စနစ်တကျ ထုပ်ပိုးထားကြဖို့ ကျွန်တော်တို့က တိုက်တွန်းချင်ပါတယ် ဒါက နံပါတ် (၁) ပါ။

နံပါတ် (၂) က မိမိ အမြဲသောက်နေရတဲ့ ဆေးတွေကို ထည့်ထားဖို့ လိုပါတယ်။ ကျွန်တော်တို့ လာကြိုမယ့်အချိန်သည် ထမင်းစားချိန် ကျော်နေမယ်ဆိုရင် ထမင်းစားပြီးသားဖြစ်နေရပါမယ်။ ကိုယ့်ရဲ့ တစ်ကိုယ်ရည် ကိစ္စတွေဖြစ်တဲ့ အပေါ့သွားတာတွေကိုလည်း ဖြေရှင်းထားပါ။ ဖောင်ကြီးလို နေရာမျိုးအထိ သွားရမယ်ဆိုရင် နေရာက နည်းနည်းဝေးတဲ့အတွက် လမ်းမှာပြဿနာရှိနိုင်ပါတယ်။ Positive လူနာတွေကို သယ်ဆောင်လာတဲ့အခါ ကျွန်တော်တို့အနေနဲ့ တခြားဘယ်နေရာမှ ရပ်ပေးလို့ မရပါဘူး။ တိုက်ရိုက်ဆေးရုံကို မောင်းနှင်ရမှာဖြစ်ပါတယ်။ ယခုပြောပြပေးတဲ့ အချက်တွေကို လူနာတွေအနေနဲ့ ကြိုတင်ပြင်ဆင်ပေးထားရင် ကျွန်တော်တို့ကို ကူညီရာရောက်ပါတယ်။

ဒါ့အပြင် လူနာတွေကို သွားရောက်ခေါ်ဆောင်တဲ့အခါမှာ အိမ်သားတွေက လူနာကို လိုက်ပါစောင့်ရှောက်ဖို့ တောင်းဆိုတာတွေကို မကြာခဏကြုံရပါတယ်။ ကျွန်တော်တို့က ကိုဗစ်ရောဂါ နောက်တစ်ယောက်ကို မကူးစက်နိုင်ရေး၊ နောက်တစ်ခုက ဆေးရုံမှာလည်း လူနာအစောင့်အနေနဲ့ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီလို အခြေအနေမျိုးတွေကြောင့် မည်သူမှ လိုက်လို့မရပါဘူး။ ကျွန်တော်တို့ လူနာတင်ယာဉ်တွေအနေနဲ့ မည်သည့်မိသားစုဝင်မှ လိုက်ပါလို့ မရပါဘူးဆိုတာကို ပြည်သူလူထုကို ကြိုတင်ပြီး သိစေချင်ပါတယ်။

အရေးကြီးဆုံးက Positive ဖြစ်ပြီဆိုတဲ့ အဖြေကို ကိုယ်သိတာနဲ့ တစ်ပြိုင်နက်တည်း ကျန်တဲ့အိမ်သားတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ချက်ချင်းခွဲပြီးနေပါ။ ကျွန်တော်တို့ လာခေါ်မယ့်အချိန်အထိ တခြားသူတွေနဲ့ ထိတွေ့မှုကို လုံးဝမပြုလုပ်ဖို့က အရေးကြီးပါတယ်။ ယခု Positive လူနာအရေအတွက် အလွန်များတဲ့အတွက်ကြောင့် လူနာတွေကို သယ်ယူပို့ဆောင်ပေးဖို့ လမ်းကြောင်းတွေကို ရေးဆွဲရပါတယ်။ ဒီရေးဆွဲထားတဲ့ လမ်းကြောင်းအတိုင်း ဖယ်ရီကားပြေးဆွဲသလို တစ်ယောက်ပြီး တစ်ယောက်ကို ဘတ်စ်ကားနဲ့ တင်မှာဖြစ်ပါတယ်။  ဒါက ကောင်းနေတဲ့ လူနာတွေဖြစ်ပါတယ်။ ဆေးရုံပေါ်မှာ တက်နေတဲ့ PUI လူနာတွေအတွက် ကျွန်တော်တို့မှာ သိပ်ပြီးအခက်အခဲ မရှိပါဘူး။ ဆိုးဝါးနေတဲ့ လူနာတွေရှိတယ်။ ဆိုးဝါးတယ်ဆိုတာ ရောဂါပြင်းထန်နေတဲ့ လူနာကို စောင့်ရှောက်ပေးဖို့  မိသားစုဝင်တွေက လိုက်ချင်တယ်ဆိုရင် ကျွန်တော်တို့က လူနာစောင့်ကို လုံးဝပေးမဝင်ပါဘူး။ လူနာတင်ယာဉ်နဲ့လည်း လိုက်ခွင့်မပေးပါဘူး။ တကယ်လို့ ကိုယ့်ကားနဲ့ ကိုယ်လိုက်လာမယ် ဆိုရင်လည်း လူနာဆောင်ကို ဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒါအများပြည်သူနဲ့ သက်ဆိုင်တဲ့ ရောဂါအမျိုးအစားဖြစ်တဲ့အတွက်ကြောင့် ဒါတွေကို သည်းခံပေးဖို့ လိုပါတယ်။

ကျေးဇူးတင်ပါတယ်။

သတင်းအဖွဲ့