ကိုဗစ် - ၁၉ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ပြည်သူများအတွက် အသိပညာပေးအစီအစဉ်

သတင်းဆောင်းပါး - သတင်းအဖွဲ့

 

မြန်မာနိုင်ငံ၌ ကိုဗစ် - ၁၉ ရောဂါ ၂၀၂၀ ပြည့်နှစ် မတ်လတွင် စတင်ဝင်ရောက် လာခဲ့သည်။ ကိုဗစ် - ၁၉ ရောဂါ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာသည့် အချိန်မှစပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။


လက်ရှိအချိန်တွင် ပြည်တွင်းကူးစက်မှုများ များပြားလာသည့်အတွက် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းအသင်းအဖွဲ့များကလည်း ဆေးရုံများ၊ Quarantine Center များတွင် အစဉ်တစိုက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှု များပြားလာသည့်အတွက် မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီ အထူးကုဆေးရုံ၊ တောင်ဥက္ကလာပမြို့နယ်ရှိ အမျိုးသမီးနှင့် ကလေး ဆေးရုံကြီးနှင့် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရှိ ကိုဗစ်စင်တာများ၌ လူနာများကို ကုသပေးနေမှုများနှင့်စပ်လျဉ်းပြီး ပြည်သူ များသိရှိနိုင်ရန် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က ဆက်သွယ်မေးမြန်း ထားမှုများကို တင်ပြလိုက်ပါသည် -


ပါမောက္ခဒေါက်တာဇော်ဝေစိုး
ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)


ကိုဗစ် - ၁၉ ကုသမှုအပိုင်းအနေနဲ့ ရန်ကုန်မှာဆိုရင် ဝေဘာဂီ၊ တောင်ဥက္ကလာပနဲ့ ဖောင်ကြီး ကိုဗစ်စင်တာတို့ ရှိပါတယ်။ အဲဒါတွေရဲ့ အနေ အထားကို ကြည့်မယ်ဆိုရင် ဝေဘာဂီနဲ့ တောင်ဥက္ကလာပက လူနာ ၇၀ စီ ဆံ့တဲ့အတွက် လူနာ ၁၄၀ ဆံ့ပါတယ်။ ICU (Intensive care unit - ICU) အနေနဲ့ ခုတင် ၂၀ လောက် ရှိပါတယ်။ ဖောင်ကြီး ကိုဗစ်စင်တာအနေနဲ့ အားလုံးပြင်ဆင်ပြီးရင် လူနာ ၁၀၀၀ ကျော်ထားနိုင်မှာ ဖြစ်ပါတယ်။ အထူး ကြပ်မတ်ကုသဆောင် (ICU) အနေနဲ့ လူနာ ၄၀ ထားနိုင်မှာဖြစ်ပါတယ်။


ယခု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီး ဒဂုံဆိပ်ကမ်းမြို့နယ် မှာရှိတဲ့ ရိုးမအိမ်ရာကို Asymptomatic Hospital (ရောဂါလက္ခဏာမပြင်းထန်တဲ့ လူနာတွေ၊ ရောဂါလက္ခဏာမရှိတဲ့ လူနာတွေကို ထားတဲ့ဆေးရုံ) အဖြစ်နဲ့ ကိုဗစ် - ၁၉ ဓာတ်ခွဲအတည်ပြုလူနာတွေထားဖို့အတွက် စီစဉ်နေပါတယ်။ အဲဒီမှာ ရေချိုးခန်းနဲ့ အိမ်သာပါတဲ့ ပေ ၂၀ ပတ်လည်အခန်းတွေ ရှိပါတယ်။ ဒီလိုမျိုး အခန်းပေါင်း ၁၅၀ လောက်ရှိပါတယ်။ အခန်း ၁၅၀ မှာ တစ်ခန်းကို ၂ ယောက်နှုန်းနဲ့ ထားမယ်ဆိုရင် လူနာ ၆၀၀ ဆံ့မှာ ဖြစ်ပါတယ်။ ဒီလူတွေကို ပြုစုကုသစောင့်ရှောက်မယ့် ဆရာဝန်/ ဆရာမတွေကိုလည်း အိမ်ရာရဲ့ ဘေးကပ်လျက်မှာ နေထိုင်ဖို့ စီစဉ်ထားပါတယ်။ ဆရာဝန်/ ဆရာမတွေ အတွက် အခန်းပေါင်း ၃၂ ခန်း စီစဉ်ထားပါတယ်။ ဒီနေရာမှာ ရောဂါလက္ခဏာ မပြင်းထန်တဲ့ လူနာတွေကို ကုသဖို့ စီစဉ်ထားပါတယ်။


ဒါပေမယ့် ကျွန်တော်တို့တွက်ချက်မှုအရ ဒီလူနာ ၆၀၀ နဲ့ မလောက်ပါဘူး။ တစ်နေ့ကို ယခုလို မျိုး ၁၅၀/ ၂၀၀ ဓာတ်ခွဲအတည်ပြုလူနာတွေ ထွက်ပေါ် နေတာနဲ့ ကာဗာဖြစ်အောင် အနည်းဆုံး ၁၅၀၀ / ၂၀၀၀ လျာထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ယခု သုဝဏ္ဏဘောလုံးအကယ်ဒမီ ကျောင်းမှာထားဖို့ အစီအစဉ်ရှိပါတယ်။


ရောဂါပြင်းထန်သူတွေကို ကုသပေးနေ


အလားတူ ရိုးမအိမ်ရာထဲမှာ ဆက်ပြီးထားနိုင်တဲ့ အခန်းတွေရှိပါသေးတယ်။ ဒါတွေကို ကျွန် တော်တို့ ဆက်ပြီးတိုးချဲ့မယ်ဆိုရင် လူ ၁၀၀၀ / ၁၅၀၀ လောက် ထားနိုင်မှာဖြစ်ပါတယ်။ ဖောင်ကြီး၊ တောင်ဥက္ကလာနဲ့ ဝေဘာဂီတို့မှာ ရောဂါ ပြင်းထန်တဲ့သူတွေကို ကုသပေးနေပါတယ်။ ဒီလို ရောဂါ ပြင်းထန်တဲ့သူတွေကို ကုသပေးဖို့အတွက် ခုတင် ၁၂၀၀ နီးပါးရှိပါတယ်။ အထူးကြပ်မတ်ကုသဆောင် (ICU) အနေနဲ့ ဝေဘာဂီမှာ ၁၂ ခုတင်နဲ့ တောင်ဥက္ကလာမှာ ၁၂ ခုတင် စုစုပေါင်း ၂၄ ခုတင် ရှိပါတယ်။ ဖောင်ကြီးက ခုတင် ၄၀ နဲ့ဆိုရင် ICU ၆၄ ခုတင် ရှိပါတယ်။ ဒါတွေနဲ့ ကုသပေးနေပါတယ်။ ဒီအနေအထားကိုကြည့်ပြီး ကျွန်တော်တို့ စီစဉ်နေတာက ယခုလာမယ့် တစ်ရက်/ နှစ်ရက်ကစပြီး ရောဂါ လက္ခဏာပြင်းထန်တဲ့သူတွေကို ဖောင်ကြီး၊ ဝေဘာဂီနဲ့ တောင်ဥက္ကလာဆေးရုံ တွေမှာ ကုသပေးမှာဖြစ်ပါတယ်။


ကိုဗစ် - ၁၉ ရောဂါရဲ့ ၇၀ ရာခိုင်နှုန်း သို့မဟုတ် ၇၅ ရာခိုင်နှုန်းက ရောဂါ လက္ခဏာမပြင်းထန်ပါဘူး။ ရောဂါလက္ခဏာမရှိပါဘူး။ ဒီလူနာတွေကို နှစ်ပတ် ထားမယ်ဆိုရင် ရောဂါလက္ခဏာမရှိတဲ့အတွက် သူများကိုလည်း မကူးနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီလူနာတွေကို နှစ်ပတ် ဆေးရုံ တင်ထားဖို့ လိုပါတယ်။ ဒီ နှစ်ပတ်လောက် ဆေးရုံတင်နိုင်မယ့် နေရာတွေကို စီစဉ်နေပါတယ်။ ကျွန်တော်တို့ ဒီလိုမျိုး ရောဂါလက္ခဏာ ၇၀ ရာခိုင်နှုန်းရှိတဲ့ လူနာတွေကို Asymptomatic Hospital တွေနဲ့ ထားနိုင်ဖို့လုပ်နေပါတယ်။ ရောဂါလက္ခဏာ ပြင်းထန်တဲ့သူတွေကို ကျွန်တော်တင်ပြခဲ့တဲ့ ဆေးရုံသုံးရုံမှာ ကုသဖို့စီစဉ် ထားပါတယ်။ ယခုလို ဆောင်ရွက်နေတာကနေ ကျွန်တော်တို့ နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ပြီဆိုရင် ဒီရောဂါကို ကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ကျော်လွှားသွားနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားလျက်ရှိပါတယ်။


ကျွန်တော့်အနေနဲ့ ပြည်သူလူထုကို တောင်းဆိုချင်တာက ဒီအချိန်မှာ ယခု တစ်ပတ်/ နှစ်ပတ် အတွင်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား ထားသလို ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေနဲ့အညီ နေပေးကြပါ။ တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေကွာအောင် နေပါဆိုလည်း နေပေးကြပါ။ တစ်ယောက်ချင်း၊ တစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ လိုက်နာမှု အသိစိတ်ဓာတ်က အရေးကြီးပါတယ်။


တစ်ဦးချင်းစီက ထိန်းဖို့လို


ဒီကိစ္စက ဆေးကုလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ကျွန်တော်တို့ ကုသဖို့လုပ်နေ တာက ရောဂါပျောက်ဖို့ မဟုတ်ပါဘူး။ ယခုကုသဖို့ လုပ်နေတာတွေက ရောဂါကို ထိန်းဖို့ဖြစ်ပါတယ်။ ဒီလိုထိန်းတာက ကျွန်တော်တို့ ကုသတဲ့ ဝန်ထမ်းတွေ/ ဆရာဝန်တွေကမှ ထိန်းနိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရှိနေတဲ့ တစ်ယောက်ချင်း၊ တစ်ဦးချင်းစီက ထိန်းနိုင်မှ ဖြစ်မှာပါ။ ထိန်းဖို့လိုပါ တယ်။ ကိုယ်ရှူထုတ်လိုက်တဲ့လေကို သူများတွေ မရှူဖို့လိုပါတယ်။ သူများတွေ ရှူထုတ်လိုက်တဲ့ လေကိုလည်း ကိုယ်က မရှူဖို့လိုပါတယ်။ ကိုယ်ဆီက ရောဂါပိုး သူများဆီ မကူးဖို့လိုပါတယ်။ သူများဆီက ရောဂါပိုး ကိုယ့်ဆီ မကူးဖို့လိုပါတယ်။ ဒါတွေကို တကယ်စောင့်ထိန်းလိုက်နာရမယ့် ကျွန်တော်တို့ ရန်ကုန်မြို့မှာ ရှိနေတဲ့ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းက ဒါကို အတိအကျ နှစ်ပတ် လိုက်နာကြရင် ဒီရောဂါကို ကျွန်တော်တို့ နိုင်ပါပြီ။


ဒါကိုနိုင်အောင် ကျွန်တော်တို့ လုပ်ရပါမယ်။ ဒီလိုမျိုး တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းက ထိန်းသိမ်းရင် တစ်ဖက်ကနေ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ကနေ အားလုံး ပူးပေါင်းပြီးထိန်းရင် ဒီရောဂါကို နိုင်မှာဖြစ်ပါတယ်။
ဒီအချိန်မှာ လိုက်နာရင် လိုက်နာ၊ မလိုက်နာရင် ကျွန်တော်တို့ တစ်တိုင်း တစ်ပြည်လုံး ဒီရောဂါ ကူးစက်ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်က သိပ်ကိုအရေးကြီးတဲ့ အချိန်ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအပါအဝင် ဌာနပေါင်းစုံက အတိအကျ ဒါတွေကို လိုက်နာပေးပြီး နှစ်ပတ် အသေအချာ လုပ်လိုက်မယ်ဆိုရင် နိုင်မှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဒါကိုကျော်လွှားဖို့ ခက်ပါပြီ။


(ဆက်လက်ဖော်ပြပါမည်)