ကိုဗစ် - ၁၉ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ပြည်သူများအတွက် အသိပညာပေးအစီအစဉ်

မြန်မာနိုင်ငံ၌ ကိုဗစ် - ၁၉ ရောဂါ ၂၀၂၀ ပြည့်နှစ် မတ်လတွင် စတင်ဝင်ရောက်လာခဲ့သည်။ ကိုဗစ် - ၁၉ ရောဂါ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာသည့် အချိန်မှစပြီး နိုင်ငံတော် အစိုးရအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။

 

လက်ရှိအချိန်တွင် ပြည်တွင်းကူးစက်မှုများ များပြားလာသည့်အတွက် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းအသင်းအဖွဲ့များကလည်း ဆေးရုံများ၊ Quarantine Center များတွင် အစဉ်တစိုက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု များပြားလာသည့်အတွက် မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီအထူးကု ဆေးရုံ၊ တောင်ဥက္ကလာပမြို့နယ်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးနှင့် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရှိ ကိုဗစ်စင်တာများ၌ လူနာများကို ကုသပေးနေမှုများနှင့် စပ်လျဉ်းပြီး ပြည်သူများသိရှိနိုင်ရန် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က ဆက်သွယ် မေးမြန်းထားမှုများကို တင်ပြလိုက်ပါသည် -

ပါမောက္ခ ဒေါက်တာဇော်ဝေစိုး

ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)

ကိုဗစ် - ၁၉ ကုသမှုအပိုင်းအနေနဲ့ ရန်ကုန်မှာဆိုရင် ဝေဘာဂီ၊ တောင်ဥက္ကလာပနဲ့ ဖောင်ကြီး ကိုဗစ်စင်တာတို့ ရှိပါတယ်။ အဲဒါတွေရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် ဝေဘာဂီနဲ့ တောင်ဥက္ကလာပက လူနာ ၇၀ စီဆံ့တဲ့ အတွက် လူနာ ၁၄၀ ဆံ့ပါတယ်။ ICU (Intensive care unit)အနေနဲ့ ခုတင် ၂၀ လောက် ရှိပါတယ်။ ဖောင်ကြီး ကိုဗစ်စင်တာအနေနဲ့ အားလုံးပြင်ဆင်ပြီးရင် လူနာ ၁၀၀၀ ကျော်ထားနိုင်မှာ ဖြစ်ပါတယ်။ အထူးကြပ်မတ် ကုသဆောင်(ICU)အနေနဲ့ လူနာ ၄၀ ထားနိုင်မှာ ဖြစ်ပါတယ်။

 

လူနာ ၆၀၀ ဆံ့

 

ယခုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီး ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ရိုးမအိမ်ရာကို Asymptomatic Hospital (ရောဂါလက္ခဏာ မပြင်းထန်တဲ့လူနာတွေ၊ ရောဂါလက္ခဏာမရှိတဲ့ လူနာတွေကိုထားတဲ့ဆေးရုံ) အဖြစ်နဲ့ ကိုဗစ် - ၁၉ ဓာတ်ခွဲအတည်ပြုလူနာတွေထားဖို့အတွက် စီစဉ်နေပါတယ်။ အဲဒီမှာ ရေချိုးခန်းနဲ့ အိမ်သာ ပါတဲ့ ပေ ၂၀ ပတ်လည်အခန်းတွေ ရှိပါတယ်။ ဒီလိုမျိုး အခန်းပေါင်း ၁၅၀ လောက်ရှိပါတယ်။ အခန်း ၁၅၀ မှာ တစ်ခန်းကို ၂ ယောက်နှုန်းနဲ့ ထားမယ်ဆိုရင် လူနာ ၆၀၀ ဆံ့မှာ ဖြစ်ပါတယ်။ ဒီလူနာတွေကို ပြုစုကုသ စောင့်ရှောက်မယ့် ဆရာဝန်/ ဆရာမတွေကိုလည်း အိမ်ရာရဲ့ ဘေးကပ်လျက်မှာနေထိုင်ဖို့ စီစဉ်ထားပါတယ်။ ဆရာဝန်/ ဆရာမတွေအတွက် အခန်းပေါင်း ၃၂ ခန်း စီစဉ်ထားပါ တယ်။ ဒီနေရာမှာ ရောဂါလက္ခဏာ မပြင်းထန်တဲ့ လူနာ တွေကို ကုသဖို့ စီစဉ်ထားပါတယ်။

 

ဒါပေမယ့် ကျွန်တော်တို့တွက်ချက်မှုအရ ဒီလူနာ ၆၀၀ နဲ့ မလောက်ပါဘူး။ တစ်နေ့ကို အခုလို မျိုး ၁၅၀/ ၂၀၀ ဓာတ်ခွဲအတည်ပြုလူနာတွေ ထွက်ပေါ်နေတာနဲ့ ကာဗာဖြစ်အောင် အနည်းဆုံး ၁၅၀၀ / ၂၀၀၀ လျာထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ယခု သုဝဏ္ဏ ဘောလုံးအကယ်ဒမီကျောင်းမှာထားဖို့ အစီအစဉ်ရှိပါတယ်။

 

အလားတူ ရိုးမအိမ်ရာထဲမှာ ဆက်ပြီးထားနိုင်တဲ့ အခန်း တွေရှိပါသေးတယ်။ ဒါတွေကို ကျွန်တော်တို့ ဆက်ပြီးတိုးချဲ့ မယ်ဆိုရင် လူ ၁၀၀၀ / ၁၅၀၀ လောက်ထားနိုင်မှာဖြစ်ပါတယ်။ ဖောင်ကြီး၊ တောင်ဥက္ကလာနဲ့ ဝေဘာဂီတို့မှာ ရောဂါပြင်းထန် တဲ့သူတွေကို ကုသပေးနေပါတယ်။ ဒီလို ရောဂါ ပြင်းထန်တဲ့သူတွေကို ကုသပေးဖို့အတွက် ခုတင် ၁၂၀၀ နီးပါးရှိပါ တယ်။ အထူးကြပ်မတ်ကုသဆောင်(ICU)အနေနဲ့ ဝေဘာဂီ မှာ ၁၂ ခုတင်နဲ့ တောင်ဥက္ကလာမှာ ၁၂ ခုတင် စုစုပေါင်း ၂၄ ခုတင် ရှိပါတယ်။ ဖောင်ကြီးက ခုတင် ၄၀ နဲ့ဆိုရင် ICU ၆၄ ခုတင် ရှိပါတယ်။ ဒါတွေနဲ့ ကုသပေးနေပါတယ်။ ဒီအနေ အထားကိုကြည့်ပြီး ကျွန်တော်တို့ စီစဉ်နေတာက ယခု လာမယ့် တစ်ရက်/နှစ်ရက်ကစပြီး ရောဂါလက္ခဏာ ပြင်းထန်တဲ့သူတွေကို ဖောင်ကြီး၊ ဝေဘာဂီနဲ့ တောင်ဥက္ကလာပ ဆေးရုံတွေမှာ ကုသပေးမှာဖြစ်ပါတယ်။

 

ကျော်လွှားသွားနိုင်

 

ကိုဗစ် - ၁၉ ရောဂါရဲ့ ၇၀ ရာခိုင်နှုန်း သို့မဟုတ် ၇၅ ရာခိုင်နှုန်းက ရောဂါလက္ခဏာမပြင်းထန်ပါဘူး။ ရောဂါလက္ခဏာမရှိပါဘူး။ ဒီလူနာတွေကို နှစ်ပတ် ထားမယ်ဆိုရင် ရောဂါလက္ခဏာမရှိတဲ့အတွက် သူများကိုလည်း မကူးနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီလူနာတွေကို နှစ်ပတ် ဆေးရုံ တင်ထားဖို့ လိုပါတယ်။ ဒီနှစ်ပတ်လောက် ဆေးရုံတင်နိုင် မယ့်နေရာတွေကို စီစဉ်နေပါတယ်။ ကျွန်တော်တို့ ဒီလိုမျိုး ရောဂါလက္ခဏာ ၇၀ ရာခိုင်နှုန်းရှိတဲ့ လူနာတွေကို Asymptomatic Hospital တွေနဲ့ ထားနိုင်ဖို့လုပ်နေပါတယ်။ ရောဂါလက္ခဏာပြင်းထန်တဲ့သူတွေကို ကျွန်တော်တင်ပြ ခဲ့တဲ့ ဆေးရုံ သုံးရုံမှာ ကုသဖို့ စီစဉ်ထားပါတယ်။ ယခုလို ဆောင်ရွက်နေတာကနေ ကျွန်တော်တို့ နိုင်နိုင်နင်းနင်း ထိန်း ချုပ်နိုင်ပြီဆိုရင် ဒီရောဂါကိုကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုကျော်လွှားသွားနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားလျက်ရှိပါတယ်။

 

ကျွန်တော့်အနေနဲ့ ပြည်သူလူထုကို တောင်းဆိုချင်တာက ဒီအချိန်မှာ တစ်ပတ်/နှစ်ပတ်အတွင်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားထားသလို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေနဲ့အညီ နေပေးကြပါ။ တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေကွာ အောင်နေပါဆိုလည်း နေပေးကြပါ။ တစ်ယောက်ချင်း၊ တစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့လိုက်နာမှု အသိစိတ်ဓာတ်က အရေးကြီးပါတယ်။

 

ဒီကိစ္စက ဆေးကုလို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကုသဖို့ လုပ်နေတာက ရောဂါပျောက်ဖို့ မဟုတ်ပါဘူး။ ယခုကုသဖို့ လုပ်နေတာတွေက ရောဂါကို ထိန်းဖို့ ဖြစ်ပါတယ်။ ဒီလိုထိန်းတာက ကျွန်တော်တို့ ကုသတဲ့ ဝန်ထမ်းတွေ/ ဆရာဝန်တွေကမှ ထိန်းနိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရှိနေတဲ့ တစ်ယောက်ချင်း၊ တစ်ဦးချင်းစီကထိန်းနိုင်မှ ဖြစ်မှာပါ။ ထိန်းဖို့လိုပါတယ်။ ကိုယ်ရှူထုတ်လိုက်တဲ့လေကို သူများတွေမရှူဖို့လိုပါ တယ်။ သူများတွေ ရှူထုတ်လိုက်တဲ့လေကိုလည်း ကိုယ်က မရှူဖို့ လိုပါတယ်။ ကိုယ့်စီက ရောဂါပိုးသူများစီ မကူးဖို့ လိုပါတယ်။ သူများစီက ရောဂါပိုး ကိုယ့်စီ မကူးဖို့လိုပါ တယ်။ ဒါတွေကို တကယ်စောင့်ထိန်းလိုက်နာရမယ့် ကျွန်တော်တို့ ရန်ကုန်မြို့မှာရှိနေတဲ့ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းက ဒါကို အတိအကျ နှစ်ပတ် လိုက်နာကြရင် ဒီရောဂါကို ကျွန်တော်တို့ နိုင်ပါပြီ။

 

ဒါကိုနိုင်အောင် ကျွန်တော်တို့ လုပ်ရပါမယ်။ ဒီလိုမျိုး တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းက ထိန်းသိမ်းရင် တစ်ဖက်ကနေ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကနေ အားလုံး ပူးပေါင်းပြီးထိန်းရင် ဒီရောဂါကို နိုင်မှာဖြစ်ပါတယ်။

 

ဒီအချိန်မှာ လိုက်နာရင် လိုက်နာ၊ မလိုက်နာရင် ကျွန်တော်တို့ တစ်တိုင်းတစ်ပြည်လုံး ဒီရောဂါ ကူးစက်ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်က အလွန်ကိုအရေး ကြီးတဲ့ အချိန်ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အပါအဝင် ဌာနပေါင်းစုံက အတိအကျဒါတွေကို လိုက်နာပေးပြီး နှစ်ပတ် အသေအချာ လုပ်လိုက်မယ်ဆိုရင် နိုင်မှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ဒါကိုကျော်လွှားဖို့ ကျွန်တော်တို့ ခက်ပါပြီ။

 

သတင်းအဖွဲ့

 

(ဆက်လက်ဖော်ပြပါမည်)