ကိုဗစ် - ၁၉ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ပြည်သူများအတွက် အသိပညာပေးအစီအစဉ်

သတင်းအဖွဲ့

 

ယမန်နေ့မှအဆက်
ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများကို စောင့်ကြပ်ပေးနေမှုနှင့် စပ်လျဉ်းပြီး ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာဇော်လင်းအောင်က ယခုလို ပြောကြားသည် -


ပါမောက္ခ ဒေါက်တာဇော်လင်းအောင်

(ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)၊ ဆေးပညာဌာန)

ဆေးရုံတစ်ရုံကို ကိုဗစ် - ၁၉ သံသယရှိတဲ့လူနာတွေ ရောက်လာတဲ့အခါမှာ ကျွန်တော်တို့က အဲဒီကနေစပြီး သူတို့ကို ကုသတဲ့ ဖြစ်စဉ်လေးတွေ၊ နောက်ဆုံး ဆေးရုံကနေ ဆင်းတဲ့အထိတိုင်အောင် အကျဉ်းချုံးပြီး တင်ပြသွားပါမယ်။
လူတစ်ယောက်က ကိုဗစ် - ၁၉ ကို သံသယရှိတယ်ဆိုတဲ့ လက္ခဏာတွေ ပေါ်လာပြီဆိုရင် သူတို့က ဆေးရုံကို ရောက်လာကြပါတယ်။ အထူးသဖြင့် ချောင်းဆိုးတယ်၊ ဖျားတယ်၊ မောတယ်။ ယခု နောက်ပိုင်း ထူးခြားတဲ့ လက္ခဏာ တွေက အနံ့ပျောက်တယ်၊ အရသာပျောက်တယ်၊ တချို့ဆိုရင် ပျို့အန်တယ်၊ ဝမ်းသွားတယ်၊ နောက်တချို့က စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေရှိတယ်။ ဒီလက္ခဏာမျိုးတွေပေါ်မှာ မူတည်ပြီး သူ့ကို သံသယလူနာလို့ သတ်မှတ်လိုက် တာနဲ့ သူတို့ကို ဆေးရုံမှာ တင်ပါတယ်။ ဆေးရုံတင်တဲ့အခါမှာ သူတို့ကို စောင့်ကြည့်လူနာနေရာမှာထားပါတယ်။ သူတို့ရဲ့ နှာခေါင်းတို့ဖတ်နမူနာ ယူဖို့ အတွက် စီစဉ်ပေးပါတယ်။ လူနာတစ်ယောက်က ဆေးရုံကို ရောက်လာရင် အဲဒီမှာစပြီး တက်ရောက်ရပါတယ်။ သံသယရှိတဲ့အတွက် အိမ်ပြန်လို့ မရပါဘူး။ အဲဒီနေရာမှာ စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ပြီး နှာခေါင်းတို့ဖတ် နမူနာကို ယူပါတယ်။ ရောဂါစစ်ဆေးပေးနိုင်တဲ့ အားတွေကများတဲ့အတွက် ၂၄ နာရီ အတွင်းမှာ အဖြေရပါတယ်။
အဖြေရပြီဆိုရင် အဲဒီလူနာက ဘာလုပ်ရသလဲဆိုရင် Positive ထွက်တယ် လို့ သတ်မှတ်တဲ့ သူတွေကို ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာတွေကို ထားရှိတဲ့ ဆေးရုံကို သွားရပါတယ်။ သက်ဆိုင်ရာဆေးရုံတွေကနေပြီး စီစဉ်ပေး တဲ့ အရေးပေါ်လူနာတင်ယာဉ်တွေနဲ့ အဲဒီဆေးရုံကို သွားရပါတယ်။ အဲဒီမှာ လည်း လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး ဆောင်ရွက်ရပါတယ်။ တချို့က ရောဂါလက္ခဏာတွေ လုံးဝမပြပါဘူး။


ဒီလူနာတွေရဲ့ ဆေးကုသရေး၊ ပြုစုစောင့်ရှောက်ရေး၊ စားသောက်ရေးတွေ အကုန်လုံးကို အဲဒီ ဆေးရုံတွေကနေ လူအင်အား၊ အစားအသောက်အင်အား စသဖြင့် ဖြည့်စွက်ထားပါတယ်။ အဲဒီဆေးရုံတွေမှာ မိမိတို့ရဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်ဖို့အတွက် အင်တာနက်တွေ တပ်ဆင်ပေးထားပါတယ်။ ဒီအင်တာနက်တွေကနေပြီး မိမိတို့ရဲ့ သက်ဆိုင်ရာ တယ်လီဖုန်းတွေကနေ Video Call တွေ၊ Viber Messenger စသဖြင့် စကားပြောလို့ ရနေပါပြီ။ ဒါကိုအစိုးရအနေနဲ့ ဒီဆေးရုံကြီးတွေမှာ အင်တာနက် Connection တွေ ကောင်းအောင် ဖန်တီးပေးထားတဲ့အတွက်ကြောင့်မို့၊ လူနာရှင်တွေ အနေနဲ့ လိုက်ပါပြီး ပြုစုစောင့်ရှောက်ရခြင်း မရှိသော်လည်း ဒီလူနာတွေနဲ့ မိသားစုဝင် တွေက ဆက်တိုက်အဆက်မပြတ် ထိတွေ့နိုင်အောင် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။
ယခင်တုန်းက ဆေးရုံက မဆင်းမချင်း နှာခေါင်းတို့ဖတ် နမူနာယူပြီး Negative ဖြစ်အောင် စောင့်ရတယ်။ ဒီလိုစောင့်ရတဲ့အချိန်ကာလသည် သုံးပတ် သို့မဟုတ် လေးပတ် ဖြစ်နိုင်ပါတယ်။ အဲဒီကမှတစ်ဆင့် နှာခေါင်းတို့ဖတ်ကနေ ပိုးမတွေ့တော့ဘူးဆိုရင် နောက်ဆေးရုံတစ်ခုကို ပြောင်းရပါတယ်။ အဲဒီတုန်းက ဖောင်ကြီးဆေးရုံကြီးကို ပြောင်းရတာဖြစ်ပါတယ်။ ဖောင်ကြီးဆေးရုံမှာ နောက်ထပ် နှစ်ပတ်ထပ်နေပြီး ဆေးရုံကဆင်းရတဲ့အတွက် လူနာတစ်ယောက် က ဆေးရုံမှာ အကြမ်းဖျင်း လေးပတ်ကနေ ငါးပတ်အထိ နေရပါတယ်။
ယခုကမ္ဘာနဲ့တစ်ဝန်းက သုတေသနပြုချက်တွေအရ ဆေးရုံကနေ ဆင်းခွင့် ပြုနိုင်တဲ့ သတ်မှတ်ချက်တွေကို ပြောင်းလိုက်ပါတယ်။ ဒါတွေက ဘာလဲဆိုရင် ဆေးရုံကိုရောက်ပြီး အနည်းဆုံး ၁၄ ရက် နေရပါမယ်။ ဒီ ၁၄ ရက်အတွင်းမှာ တချို့က ရောဂါလက္ခဏာပြပါတယ်။ တချို့က မပြပါဘူး။ ရောဂါလက္ခဏာ မပြတဲ့သူတွေကို ၁၄ ရက်နေပြီးရင် ဆေးရုံကနေ ဆင်းခွင့်ပြုပါတယ်။


ရောဂါလက္ခဏာပြတဲ့သူတွေကို အနည်းဆုံး ၁၄ ရက်နေရမယ် ဆိုပေမယ့်၊ ရောဂါလက္ခဏာ မရှိတဲ့ရက် လေးရက်ရှိရမယ်ဆိုပြီး ထပ်ပြီးကန့်သတ်ထား ပါတယ်။ ဥပမာ - လူနာတစ်ယောက်က ငါးရက် ဖျားပြီး နောက်ပိုင်းမှာ ရောဂါလက္ခဏာမပြတဲ့ လေးရက်အပါ ကိုးရက်ဖြစ်သွားပါမယ်။ ဆေးရုံမှာ ၁၄ ရက် နေရမယ့်အချက်နဲ့ ရောဂါလက္ခဏာမပြတဲ့ လေးရက်ဆက်တိုက်ဖြစ်ရမယ် ဆိုတဲ့ အချက်တွေ အကျုံးဝင်တဲ့ လူနာတွေကို သတ်မှတ်ရက်ပြည့်ရင် ဆေးရုံ ကနေ ပေးဆင်းလိုက်ပါတယ်။ ဒါက ဆေးရုံမှာနေရမယ့် ကာလတိုသွားတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော် ပြောချင်တာက ဆေးရုံကို ရောက်ရှိလာတဲ့ လူနာ တွေအားလုံးသည် ဒီဆေးရုံတွေမှာ ဂရုတစိုက်နဲ့ ဆောင်ရွက်ရမယ့် ဆောင်ရန်/ ရှောင်ရန် အချက်တွေ ရှိပါတယ်။ အစားအသောက်တွေကို အစိုးရကနေ ပံ့ပိုး ပေးထားတဲ့အတွက် ဒီဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေက မနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်နဲ့ ညနေ တစ်ကြိမ် ဖြန့်ဖြူးပေးပြီး စားသောက်ပြီးတဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်သိမ်းပေးပါတယ်။ လူနာတွေအနေနဲ့ ဆေးရုံထဲမှာ စနစ်တကျ စားသောက်ပြီး စွန့်ပစ်ပစ္စည်းတွေ ပြန်စွန့်ပေးမယ့် အလုပ်သမားတွေနေရာအထိကို စုစည်းပြီး လာပေးရပါတယ်။ ဒါက နံပါတ် (၁) ပါ။

 

‌ေ်‌ေ်


စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး‌နေကြရမှာဖြစ်

နံပါတ် (၂) က ဒီဆေးရုံတွေမှာ အောက်ဆီဂျင်ပိုက်လိုင်းတွေ ရှိပါတယ်။ အလွန်အရေးကြီးပါတယ်။ အောက်ဆီဂျင်ပိုက်လိုင်းတွေက မီးလောင်လွယ်တဲ့ အတွက်ကြောင့်မို့ ဒီထဲမှာ ဆေးလိပ်သောက်လို့ မရပါဘူး။ မီးခြစ်သုံးလို့ မရ ပါဘူး။ ဒါတွေက အရေးကြီးပါတယ်။ နောက်တစ်ခုက ဒီထဲကို မသယ်ရမယ့် ပစ္စည်းတွေရှိပါတယ်။ မူးယစ်ဆေးဝါးတွေ၊ အရက်သေစာတွေ မသယ်ရပါဘူး။ နောက် လူကို အန္တရာယ်ဖြစ်စေတတ်တဲ့ ချွန်ထက်တဲ့ လက်နက်ကိရိယာတွေ မသယ်ရဘူး။ အချင်းချင်းနေထိုင်တဲ့ အခါမှာလည်း သင့်တင့်မျှတစွာနဲ့ စိတ်ရှည် သည်းခံပြီး တစ်ယောက်နဲ့ တစ်ယောက် ရန်ဘက်မဖြစ်အောင် နေထိုင်ကြဖို့ လိုပါတယ်။ ဒါ့အပြင် ကန့်သတ်ထားတဲ့ နေရာတွေကို ကျော်လွန်ပြီး ဘယ်မှ သွားလို့မရပါဘူး။ နေ့စဉ်နဲ့အမျှ ဆရာဝန်တွေကနေပြီး လိုအပ်တဲ့ အတိုင်း အတာကို မူတည်ပြီး စစ်ဆေးတာတွေကို ခံယူရပါမယ်။ ဒီလို စစ်ဆေးတဲ့နေရာမှာ သွေးဖောက်တာတွေ၊ ဓာတ်မှန်ရိုက်တာတွေ ရှိနိုင်ပါတယ်။ လိုအပ်ရင် လိုအပ် သလို ကုသမှုပေးတာတွေကို ခံယူရမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အဆောင် တွေမှာလည်း တာဝန်ကျဆရာဝန်တွေ၊ ဆရာမတွေနဲ့ လုပ်သားတွေရဲ့ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး‌ နေကြရမှာ ဖြစ်ပါတယ်။


သူတို့ကို ဆေးရုံကနေ ဆင်းချိန်တန်ရင် ဘယ်လိုဆင်းရမလဲဆိုတာ ရှိပါ တယ်။ ဒီဆေးရုံတွေကနေ ဆင်းခွင့်ပေးလိုက်တဲ့ အနယ်နယ်အရပ်ရပ်ကနေ လာရောက်ကြသူတွေက အနယ်နယ်အရပ်ရပ်ကို ပြန်သွားကြတဲ့အခါ မိမိရဲ့ အိမ်မှာ နောက်ထပ်တစ်ပတ် အများကို မကူးစက်အောင်ဆိုပြီး ချမှတ်ထားတဲ့ Social distancing အတိုင်း လိုက်နာရပါမယ်။ အိမ်မှာ တစ်ယောက်နဲ့ တစ်ယောက်ခွာပြီး နေတာတွေ၊ မလိုလားအပ်ဘဲနဲ့ စုစုဝေးဝေး နေတာတွေကို ရှောင်ကြဉ်ပြီး မကြာခဏ လက်ဆေးတာတွေ၊ Mask တပ်တာတွေကို ဆောင် ရွက်ပါ။ ဒါမှနောက်တစ်ယောက်ကို ကူးစက်နိုင်ဖို့ အခွင့်အလမ်းနည်းသွားမှာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ သုတေသနတွေအရ နှစ်ပတ်ကျော်ရင် ဒီလူနာ ကနေ နောက်တစ်ယောက်ကို ကူးစက်ဖို့ အခွင့်အလမ်း မရှိတော့ဘူးလို့ ပြော ကြပေမယ့် ဆေးရုံမှာ နှစ်ပတ်နေပြီးတဲ့နောက်မှာ အိမ်မှာလည်း တစ်ပတ်နေဖို့ ဆိုပြီး ချမှတ်ထားတဲ့ စည်းကမ်းတွေဖြစ်ပါတယ်။


ဆေးရုံကဆင်းတဲ့ လူနာတွေသည် ဆေးရုံနဲ့ အစိုးရကနေ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာခြင်းဖြင့် ကျွန်တော်တို့ကို တစ်ဖက် တစ်လမ်းက ကူညီရာရောက်ပါတယ်။ ဒီတော့ စေတနာ၊ မေတ္တာတွေနဲ့အတူ အစိုးရဘက်ကနေ လိုလေသေးမရှိအောင် အခမဲ့ ပြုစုကုသပေးနေတဲ့ ဆေးရုံကြီး တွေရဲ့ စည်းကမ်းတွေကိုလိုက်နာပြီး ဆေးရုံကဆင်းတဲ့အချိန်မှာ ကိုဗစ်ရောဂါ ကင်းစင်တဲ့ လူနာတွေအဖြစ် ဆင်းသက်သွားတဲ့ လူနာတွေအများကြီးရှိပါတယ်။ ဒီလို အသိလေးတွေနဲ့ အားလုံးလိုက်နာပြီး ပူးပေါင်းကူညီဆောင်ရွက်ပါလို့ ပြောချင်ပါတယ်။


ကိုဗစ်- ၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာများကို သက်ဆိုင်ရာ ဆေးရုံများ သို့ ပို့ဆောင်ရာတွင် လူနာများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်း ချက်များနှင့် ပတ်သက်ပြီး ပါမောက္ခ ဒေါက်တာမော်မော်ဦးက ယခုလိုပြော ကြားသည်။

 

‌ေိ‌ေ်ထ


ပါမောက္ခ ဒေါက်တာမော်မော်ဦး

(အရေးပေါ်ဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး)


လူနာအမျိုးအစားတွေက သုံးမျိုးရှိပါတယ်။ နံပါတ် (၁) အထူးကြပ်မတ်ကုသဖို့ လိုအပ်တဲ့ အရေးပေါ်လူနာ မျိုးတွေကို သယ်ယူပို့ဆောင်တာက တစ်မျိုးပါ။ နံပါတ် (၂) လူနာက သာမန်ရောဂါ လက္ခဏာပဲရှိတယ်။ ဖျားမယ်၊ နာမယ်၊ ချောင်းဆိုးမယ် ဒီလိုမျိုး ရောဂါ လက္ခဏာရှိတာက နံပါတ် (၂) အမျိုးအစားဖြစ်ပါတယ်။ နံပါတ် (၃) အမျိုး အစားက အနံ့မရတာတို့၊ အရသာမသိတာတို့ ဒီလိုမျိုး လောက်ပဲရှိတဲ့ လူနာတွေကို အမျိုးအစား (၃) အနေနဲ့ ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။


လူနာအမျိုးအစားပေါ်လိုက်၍ ကုသပေး

ဒီတော့ အမျိုးအစား (၁) ၊ (၂) ၊ (၃) ဒီလူနာတွေကို သယ်ယူပို့ဆောင်ဖို့အတွက် လူနာတင်ယာဉ်ကလည်း အမျိုးစုံသုံးရပါတယ်။ အထူးကြပ်မတ်ကုသမှုကို လိုအပ် နေတဲ့ အလွန်ကို ရောဂါဝေဒနာ ဆိုးရွားနေတဲ့ လူနာတွေ ကို Advance Ambulance ခေါ်တဲ့ အဆင့်မြင့် အသက်ရှူ စက်တွေပါတဲ့ လူနာတင်ယာဉ်ကို သုံးပါတယ်။ ဒီလို လူနာတင်ယာဉ်သုံးစီးနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေ ပါတယ်။


နောက်တစ်ခုက သာမန်ရောဂါလက္ခဏာရှိပြီး လူနာဖျားနေမယ်ဆိုရင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနပိုင် လူနာတင်ယာဉ်တွေနဲ့ သယ်ယူ ပို့ဆောင် ပေးလျက်ရှိပါတယ်။ အရေအတွက် ၁၀ စီးလောက်နဲ့ ကျွန်တော်တို့ အသုံးပြုနေပါတယ်။


ဒီထက်ပိုများတာက ၆၀ ရာခိုင်နှုန်းသော လူနာတွေ က နှာခေါင်းကနေ အနံ့မရတာနဲ့ အရသာမသိတဲ့ လူနာမျိုးတွေကို ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ထောက်ပံ့ထားတဲ့ ဘတ်စ်ကားကြီး တွေရှိပါတယ်။ ယခင်တုန်းက လေဆိပ်ကို ပြေးဆွဲပေး နေတဲ့ YRTA ဘတ်စ်ကားကြီးတွေ ဖြစ်ပါတယ်။ ဒီဘတ်စ် ကားကြီး လေးစီး ကျွန်တော်တို့မှာ ရှိပါတယ်။ ဒီဘတ်စ် ကား လေးစီးနဲ့ ကျွန်တော်တို့က တစ်စီးကို ဓာတ်ခွဲ အတည်ပြုလူနာ ၁၅ ယောက် တင်ဆောင်ပြီး သက်ဆိုင် ရာဆေးရုံတွေကို ပို့ဆောင်ပေးပါတယ်။


ဒီလိုပို့ဆောင်ပေးရတဲ့ လူနာတွေကို ကြည့်မယ်ဆို ရင် ပို့ဆောင်ပေးရတဲ့ ဆေးရုံအမျိုးအစား နှစ်မျိုးရှိပါ တယ်။ နံပါတ် (၁) က ဆေးရုံတွေကနေထွက်တဲ့ Patient Under Investigation လို့ခေါ်တဲ့ PUI လူနာတွေကို ပို့ဆောင်ပေးရတာပါ။ နံပါတ် (၂) က Quarantine Center တွေက လူနာတွေကို ပို့ဆောင်ပေးရတာ ဖြစ်ပါတယ်။ ဒီလို နှစ်မျိုးရှိပါတယ်။
ဆေးရုံတွေမှာ သွားခေါ်တာက ကျွန်တော်တို့ လက်ထဲမှာရှိတဲ့ ကိုယ့်လူနာတွေဖြစ်တဲ့အတွက် သယ်ယူ ပို့ဆောင်ပေးရတာ အဆင်ပြေပါတယ်။ သက်ဆိုင်ရာ ဆေးရုံ အုပ်တွေနဲ့ ဆက်သွယ်ပြီး ဆရာဝန်နဲ့ သူနာပြုလိုအပ်တဲ့ လူနာမျိုးဆိုရင်လည်း လိုက်ပါစောင့်ရှောက်ပြီး ပို့ဆောင် ပေးပါတယ်။ Quarantine Center တွေက နေရာအနှံ့ ရှိပါတယ်။ ရန်ကုန်မြို့ထဲမှာ Quarantine Center ၄၀ / ၅၀ ရှိပါတယ်။ ဒီလိုနေရာတွေက ပတ်ပြီးခေါ်တဲ့အခါမှာ တစ်ခါတလေ ကော့မှူးတို့၊ တွံတေးတို့ကနေ သွားခေါ်ရတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။
ဒီအင်တာဗျူးမှာ ထည့်ပြီးပြောချင်တာက လူနာတွေ အနေနဲ့ လာရောက်ခေါ်ယူ ပို့ဆောင်ပေးတဲ့အဖွဲ့တွေ အပေါ်မှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ပြောချင် ပါတယ်။ Positive လူနာအဖြစ် အဖြေသိရပြီဆိုရင် ကျွန်တော်တို့က လာခေါ်မှာဖြစ်ပါတယ်။ အိမ်မှာနေလို့ မရတော့ပါဘူး။ သက်ဆိုင်ရာ Positive လူနာတွေကို စုပြီး ကုသပေးမယ့် ဆေးရုံတွေကို ပို့ဆောင်ပေးပါတယ်။ ဒီလို ဆေးရုံတွေကို ပို့ဆောင်ပေးမှာဖြစ်တဲ့အတွက် တချို့ကို အိမ်ကနေ၊ တချို့ကို Quarantine Center တွေကနေ၊ ဟိုတယ်တွေကနေ သွားခေါ်ပေးရပါတယ်။


ဒီလိုလာခေါ်ဖို့ နီးပြီဆိုတာကို သတင်းရပြီဆိုရင် Positive လူနာတွေ အနေနဲ့ ပြင်ဆင်ထားစေချင်တာက ကိုယ်ယူမယ့် ပစ္စည်းတွေ၊ ဖုန်းတွေ၊ လက်ပ်တော့၊ ကွန်ပျူတာတွေ၊ ကိုယ့်ရဲ့တစ်ကိုယ်ရေ အသုံးအဆောင် ပစ္စည်းတွေ၊ အင်္ကျီတွေကို ကြိုတင်ပြင်ဆင်ထားစေချင်ပါ တယ်။ ကျွန်တော်တို့ ယခုအသစ်ထပ်မံထွက်ရှိလာတဲ့ စည်းကမ်းချက်အသစ်အရ Positive လူနာက အနည်းဆုံး ၁၄ ရက်နေရမယ့် အခြေအနေရှိပါတယ်။ ၁၄ ရက်စာ ကိုယ် အသုံးပြုချင်တဲ့ ပစ္စည်းတွေကို စနစ်တကျ ထုပ်ပိုးထားကြ ဖို့ ကျွန်တော်တို့က တိုက်တွန်းချင်ပါတယ် ဒါက နံပါတ် (၁) ပါ။
နံပါတ် (၂) က မိမိ အမြဲသောက်နေရတဲ့ ဆေးတွေကို ထည့်ထားဖို့ လိုပါတယ်။ ကျွန်တော်တို့ လာကြိုမယ့် အချိန်သည် ထမင်းစားချိန်ကျော်နေမယ်ဆိုရင် ထမင်းစားပြီးသား ဖြစ်နေရပါမယ်။ ကိုယ့်ရဲ့ တစ်ကိုယ် ရေကိစ္စတွေဖြစ်တဲ့ အပေါ့သွားတာတွေကိုလည်း ဖြေရှင်းထားပါ။ ဖောင်ကြီးလို နေရာမျိုးအထိ သွားရမယ် ဆိုရင်နေရာက နည်းနည်းဝေးတဲ့အတွက် လမ်းမှာ ပြဿနာ ရှိနိုင်ပါတယ်။ Positive လူနာတွေကို သယ်ဆောင်လာတဲ့အခါ ကျွန်တော်တို့ အနေနဲ့ တခြားဘယ်နေရာမှ ရပ်ပေးလို့ မရပါဘူး။ တိုက်ရိုက် ဆေးရုံကို မောင်းနှင်ရမှာ ဖြစ်ပါတယ်။ ယခု ပြောပြပေးတဲ့ အချက်တွေကို လူနာတွေအနေနဲ့ ကြိုတင်ပြင်ဆင် ပေးထားရင် ကျွန်တော်တို့ကို ကူညီရာ ရောက်ပါတယ်။

 

ုူြု‌ြေိ်


ဒါ့အပြင် လူနာတွေကို သွားရောက်ခေါ်ဆောင်တဲ့အခါ မှာ အိမ်သားတွေက လူနာကို လိုက်ပါစောင့်ရှောက်ဖို့ တောင်းဆိုတာတွေကို မကြာခဏကြုံရပါတယ်။ ကျွန်တော်တို့က ကိုဗစ်ရောဂါ နောက်တစ်ယောက်ကို မကူးစက်နိုင်ရေး၊ နောက်တစ်ခုက ဆေးရုံမှာလည်း လူနာအစောင့်အနေနဲ့ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီလို အခြေအနေမျိုးတွေကြောင့် မည်သူမှ လိုက်လို့မရပါဘူး။ ကျွန်တော်တို့ လူနာတင်ယာဉ်တွေအနေနဲ့ မည်သည့် မိသားစုဝင်မှ လိုက်ပါလို့ မရပါဘူးဆိုတာကို ပြည်သူ လူထုကို ကြိုတင်ပြီး သိစေချင်ပါတယ်။
အရေးကြီးဆုံးက Positive ဖြစ်ပြီဆိုတဲ့ အဖြေကို ကိုယ်သိတာနဲ့ တစ်ပြိုင်နက်တည်း ကျန်တဲ့အိမ်သားတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ချက်ချင်းခွဲပြီးနေပါ။ ကျွန်တော်တို့ လာခေါ်မယ့်အချိန် အထိ တခြားသူတွေနဲ့ ထိတွေ့မှုကို လုံးဝမပြုလုပ်ဖို့က အရေးကြီးပါတယ်။ ယခု Positive လူနာအရေအတွက် အလွန်များတဲ့အတွက်ကြောင့် လူနာတွေကို သယ်ယူ ပို့ဆောင်ပေးဖို့ လမ်းကြောင်းတွေကို ရေးဆွဲရပါတယ်။ ဒီရေးဆွဲထားတဲ့ လမ်းကြောင်းအတိုင်း ဖယ်ရီကားပြေးဆွဲ သလို တစ်ယောက်ပြီး တစ်ယောက်ကို ဘတ်စ်ကားနဲ့ တင်မှာဖြစ်ပါတယ်။ ဒါက ကောင်းနေတဲ့ လူနာတွေဖြစ် ပါတယ်။ ဆေးရုံပေါ်မှာတက်နေတဲ့ PUI လူနာတွေ အတွက် ကျွန်တော်တို့မှာ သိပ်ပြီး အခက်အခဲ မရှိပါဘူး။ ဆိုးရွားနေတဲ့ လူနာတွေရှိတယ်။ ဆိုးရွားတယ်ဆိုတာ ရောဂါပြင်းထန်နေတဲ့ လူနာကို စောင့်ရှောက်ပေးဖို့ မိသားစုဝင်တွေက လိုက်ချင်တယ်ဆိုရင် ကျွန်တော်တို့က လူနာစောင့်ကို လုံးဝ ပေးမဝင်ပါဘူး။ လူနာတင် ယာဉ်နဲ့လည်း လိုက်ခွင့်မပေးပါဘူး။ တကယ်လို့ ကိုယ့်ကားနဲ့ ကိုယ်လိုက်လာမယ်ဆိုရင်လည်း လူနာ ဆောင်ကို ဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒါအများပြည်သူနဲ့ သက်ဆိုင်တဲ့ ရောဂါအမျိုးအစားဖြစ်တဲ့အတွက်ကြောင့် ဒါတွေကို သည်းခံပေးဖို့ လိုပါတယ်။


ကျေးဇူးတင်ပါတယ်။