ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD အလုံးရေ ၂၀၀၀ နေပြည်တော်သို့ရောက်ရှိ၊ ဇန်နဝါရီ ၂၇ ရက်တွင် ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးနှံပေးသွားမည်

နေပြည်တော် ၂၆ ဇန်နဝါရီ

အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အစီအမံများအား အထောက်အကူပြုစေရန် ရည်ရွယ်ပြီး အိန္ဒိယနိုင်ငံအခြေစိုက် Serum Institute of India (SII) ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD  ဒသမ သန်းကို ပထမအကြိမ် ကူညီထောက်ပံ့ခဲ့ရာ ဇန်နန်ဝါရီ ၂၂ ရက်က ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့သည်။

ယင်းကိုဗစ်-၁၉ ကာကွယ်ဆေးများအနက်မှ အလုံးရေ ၂၀၀၀ ကို ရန်ကုန်မြို့ ဗဟိုဆေးသိုလှောင်ရုံမှတစ်ဆင့် နေပြည်တော်သို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံး ၂၀၀၀ ကို TTA Co,. Ltd မှ ဆေးပို့တာဝန်ခံ ဦးအောင်ကိုဦးက နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးစုကြည်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးစုကြည်ကအခု ရောက်ရှိလာတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ဇန်နဝါရီ ၂၇ ရက်မှာ ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဗဟိုက ညွှန်ကြားချက်တွေနဲ့အညီ ဆေးထိုးမယ့် အစီအစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေး စတင်ထိုးနှံပေးမယ့်အထဲမှာ ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ် အတွင်းမှာရှိတဲ့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ဝန်ထမ်းတွေ၊ ဗဟိုအဆင့်ဆေးရုံကြီးက ဝန်ထမ်းတွေ ပါပါတယ်။ စုစုပေါင်း ကျန်းမာရေးဝန်ထမ်း လူဦးရေ ၃၈၀၀ ကျော်ကို မနက်ဖြန်မှာ ပထမအကြိမ်အဖြစ် စတင်ထိုးနှံသွားမှာ ဖြစ်ပါတယ်။

ပထမအကြိမ်ဆေးထိုးထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ၂၈ ရက်အကြာမှာ ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီအပြင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစီအစဉ်နဲ့ ကာကွယ်ဆေး ထိုးနှံသွားမယ့် ကျန်းမာရေးဝန်ထမ်းတွေလည်း ရှိပါတယ်။ ကျန်တဲ့ သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနတွေ၊ ကျန်းမာရေးနှင့်နှီးနွှယ်တဲ့ ဦးစီးဌာနတွေက ဝန်ထမ်းတွေကိုတော့ ဗဟိုက အစီအစဉ်နဲ့ ထိုးနှံသွားဖို့ ရှိပါတယ်။  

အခုရောက်ရှိလာတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ဟာဆိုရင် စင်တီဂရိတ်မှ  စင်တီဂရိတ်  Cold Chain စနစ်နဲ့ သယ်ဆောင်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်ကနေ နေပြည်တော်ကိုလည်း Cold Chain စနစ်နဲ့ သယ်ဆောင်လာပါတယ်။ ကာကွယ်ဆေးတွေကို လက်ခံပြီးရင်လည်း Cold Chain စနစ်နဲ့ပဲ သယ်ယူသွားပြီးတော့မှ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆေးသိုလှောင်ရုံမှာရှိတဲ့ အအေးခန်းမှာ သိုလှောင်ထားရှိမှာ ဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် ကာကွယ်ဆေးထိုးနှံမယ့် နေ့တွေမှာ သက်ဆိုင်ရာ မြို့နယ်တွေ၊ ဆေးရုံတွေကို Cold Chain စနစ်နဲ့ပဲ ဆက်ပြီးတော့ သယ်ယူပို့ဆောင်ပြီး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်ဟု ပြောကြားသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးများကို နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန ဆေးသိုလှောင်ရုံ အအေးခန်း၌ စနစ်တကျ ထိန်းသိမ်းထားရှိလျက်ရှိပြီး ညွှန်ကြားချက်များနှင့်အညီ ထိုးနှံရမည့် အုပ်စုများအလိုက် ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း- ဟိန်းမင်းစိုး

ဓာတ်ပုံ- ဇော်မင်းလွင်