ကိုဗစ်-၁၉ Outbreak ဖြစ်လာရင် သက်ကြီးရွယ်အိုတွေကို ဘယ်လိုစောင့်ရှောက်မလဲ

၂ ဧပြီ

လွန်ခဲ့တဲ့ ၄ လ နီးပါးကာလတွေကတည်းက စတင်လာခဲ့တဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါဟာ လက်ရှိအချိန်မှာတော့ တစ်ကမ္ဘာလုံးကို ထိခိုက်မှုတွေဖြစ်လာစေနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက်ခံထားရသူတွေ စတင်တွေ့ရှိနေရပြီဖြစ်ပြီးတော့ သံသယလူနာလည်း များနေပါပြီ။ ဒီရောဂါဆိုးကြီး နိုင်ငံအများအပြားဆီ ကူးစက်မှုစတင်လာချိန်ကတည်းက ထူးခြားချက်အနေနဲ့ ရောဂါကြောင့်ထိခိုက်မှုမှာ သက်ကြီးရွယ်အိုတွေ ပိုမိုထိခိုက်ခံစားကြရကြောင်း သက်သေအထောက်အထားတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အသက်အရွယ်အလိုက် ထိခိုက်မှုတွေမှာ အသက် ၃၅ နှစ်အောက် လူတွေမှာ သေဆုံးနိုင်ချေက ဝ.၂ ရာခိုင်နှုန်း နီးပါးသာရှိပြီးတော့ အသက် ၄၀ – ၈၀ ကြား မှာ ရောဂါကူးစက်နိုင်ခြေအများဆုံးဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၇၀-၇၉ သက်ကြီးရွယ်အိုတွေ ရောဂါကူးစက်ခံရမယ်ဆိုရင် သေဆုံးနိုင်ချေ ၈  ရာခိုင်နှုန်း အထိရှိပြီးတော့ အသက် ၈၀ နဲ့အထက် အရွယ်မှာဆိုရင်တော့ သေဆုံးနိုင်ချေ ၁၄.၈ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ဒါကြောင့် အိမ်မှာ သက်ကြီးရွယ်အိုရှိသူတိုင်းဟာ မိမိတို့ရဲ့ မိဘဘိုးဘွားတွေ ရောဂါကူးစက်ခံရမှာကို အထူးစိုးရိမ်နေကြတာဖြစ်ပါတယ်။

လူကြီးတွေဆီ ရောဂါမကူးစက်အောင် ကာကွယ်ဖို့ဆိုရင်

နေအိမ်တိုင်း မိသားစုတိုင်းမှာ လူကြီးသူမ၊ သက်ကြီးရွယ်အိုတွေ ရှိချင်မှ ရှိမှာပါ။ ရှိနေမယ်ဆိုရင်တော့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ခုချိန်မှာက လူကြီးတွေကို ပိုထိခိုက်စေနိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ ပိုမိုပေါ်ထွက်လာနေတာကြောင့် ဖြစ်ပါတယ်။

အဓိကကတော့ စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ကျန်းမာနေစေဖို့ပါပဲ။ နေအိမ်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို ဖယ်မထားပဲ မိသားစုကိစ္စတွေမှာ ပါဝင်စေပြီး သူတို့ အထီးမကျန်နေအောင်ထားပေးဖို့ လိုအပ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ သူတို့ဟာ စိတ်ပင်ပန်းမှုဒါဏ်ကို အများဆုံး ခံနေရသူတွေမို့ ဖြစ်ပါတယ်။

သက်ကြီးရွယ်အိုတွေအတွက် စိတ်ပင်ပန်းမှုဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ သိသိသာသာ ထိခိုက်စေနိုင်တယ်မဟုတ်လား။ နောက်ပြီး အောက်ပါနည်းလမ်းတွေနဲ့လည်း သူတို့ကို ကာကွယ်မှုပေးနိုင်ပါတယ်။

၁။ ကိုယ့်ကိုယ်ကို အရင်ဂရုစိုက်ပါ။ ဟုတ်ပါတယ်။ သက်ကြီးရွယ်အိုတွေကို ပြုစုမယ့်သူကိုယ်တိုင်က ကျန်းမာဖို့ ရောဂါကင်းဖို့၊ ကိုယ်ခံအားကောင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

၂။ လက်ကို ဆပ်ပြာနဲ့ (သို့မဟုတ် လက်သန့်စင်ဆေးရည်နဲ့) စင်ကြယ်စွာ ဆေးကျောခိုင်းပါ။ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ပွတ်တိုက်ဆေးကြောပါစေ။

၃။ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အစားအသောက်စားတာတွေ၊ အိမ်သာဝင်တာတွေ မပြုမူခင်ရော၊ ပြုမူပြီးချိန်မှာပါ လက်ကို သန့်စင်ပါ။

၄။ မျက်နှာကို ထိတွေ့ကိုင်တွယ်တာမျိုး မပြုလုပ်ဖြစ်အောင် တိုက်တွန်းပါ။

၅။ ချောင်းဆိုး၊ နှာချေတာမျိုးဖြစ်နေရင် လူစုလူဝေးကို ရှောင်ကြဉ်ခိုင်းပါ။

၆။ Social Distancing အနေနဲ့ ထားရှိပါ။ ဒါပေမယ့် Social Isolation မဖြစ်စေဖို့ သတိထားပါ။ ပုံမှန်အတိုင်း မိသားစုဝင်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်လို့ရပါတယ်။ Social Distancing လူစိမ်းတွေနဲ့ ထိတွေ့မှုကိုသာ အဆက်ဖြတ်ခိုင်းတာ ဖြစ်ပါတယ်။

၇။ Social Isolation ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်မျိုး ခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေဟာ စိတ်ရောကိုယ်ပါ ပြင်းပြင်းထန်ထန် ထိခိုက်နိုင်တယ်ဆိုတာကို သတိထားပါ။

၈။ ယုံကြည်မှုကို မတားပါနဲ့။ တစ်ခါတစ်ရံမှာ လူကြီးတွေရဲ့ စွဲလန်းစိတ်နဲ့ အရိုးစွဲနေတဲ့ ယုံကြည်မှုတွေဟာ မိသားစုဝင်တွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီအရာတွေဟာ သူတို့အတွက် တစ်စုံတစ်ခုသော မျှော်လင့်ချက်၊ စိတ်အင်အားဖြစ်စေနိုင်တာမို့ အတင်းအကျပ် မတားဆီးပါနဲ့။ နားလည်အောင် ရှင်းပြပြီး စိတ်ငြိမ်းချမ်းမှုပေးပါ။ အတင်းအကန်ပြန်တွန်းလှန်နေရင်လည်း ဘယ်သူ့အတွက်မှ စိတ်ချမ်းသာစရာဖြစ်လာမှာမဟုတ်ပါဘူး။

၉။ နည်းပညာကို မှန်မှန်ကန်ကန် အသုံးချနိုင်အောင် သင်ကြားပေးပါ။ သူတို့တွေအနေနဲ့ အထီးကျန်နေနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ smartphones ၊ laptops နဲ့ tablet တွေကို နည်းမှန်လမ်းမှန် အသုံးချတတ်အောင် သင်ကြားပေးပါ။ Video Chat လို နည်းလမ်းမျိုးတွေအသုံးပြုပြီး သူတို့ ခင်မင်ချစ်ခင်ရသူတွေနဲ့ ဆက်သွယ်နိုင်တာကလည်း စိတ်ချမ်းသာစေမယ့် နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။

၁၀။ ရောဂါလက္ခဏာ တစ်စုံတစ်ရာရှိလာရင် ကျန်းမာရေးဌာနကို အလျှင်အမြန်ဆက်သွယ်ပါ။ စိတ်မပူအောင် သေချာဖြောင်းဖျပါ။


ဒါ့အပြင် နာတာရှည်ဝေဒနာခံစားနေရတဲ့ လူကြီးတွေ အိမ်မှာရှိနေမယ်ဆိုရင် –

၁။ သူတို့အတွက် လိုအပ်တဲ့ ဆေးဝါးတွေကို အချိန်ကာလအပိုင်းအခြားတစ်ခုစာ လုံလောက်တဲ့အထိ ဖြည့်ဆည်းထားပါ။
၂။ လက်နဲ့ ခန္တာကိုယ်အစိတ်အပိုင်းတွေကို မကြာခဏ သန့်ရှင်းဆေးကြောပေးပါ။
၃။ တစ်အိမ်တည်းမှာ အတူနေထိုင်သူတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးပါ။ သက်ကြီးရွယ်အိုတွေ ရောဂါကူးစက်ခံရမှုမှာ မိသားစုဝင်ကနေတဆင့် ကူးစက်မှုနှုန်းဟာ အလွန်မြင့်မားပါတယ်။
၄။ လူကြီးတွေရဲ့ လိုအပ်ချက်ကို ပွင့်ပွင့်လင်းလင်း မေးမြန်းပြီး လိုအပ်တာတွေကို ဖြည့်ဆည်းပေးပါ။

အန္တရာယ်ကို အပြည့်အဝ နားလည်ပါစေ

သက်ကြီးရွယ်အိုတွေရှိတိုင်း ရောဂါကူးစက်နိုင်တာမဟုတ်သလို၊ သက်ကြီးရွယ်အိုတွေ ကူးစက်ခံရတိုင်း သေဆုံးဖို့ နီးစပ်တယ်လို့လည်း တထစ်ချယုံကြည်ထားလို့မရတာကို နားလည်ထားစေချင်ပါတယ်။

သက်ကြီးရွယ်အိုတွေဟာ ဒီရောဂါကြောင့် ထိခိုက်နိုင်ခြေမြင့်ပေမယ့် နဂိုမူလ နာတာရှည်ရောဂါအခံ တစ်စုံတစ်ရာမရှိရင် ပြန်လည်သက်သာနိုင်ခြေ အခွင့်အလမ်းရှိတာကို နားလည်ထားဖို့ လိုအပ်ပါတယ်။ သက်ကြီးရွယ်အိုတွေ ထိခိုက်မှုမြင့်မားတာဟာ ကိုယ်ခံအားစနစ် အားနည်းတာနဲ့ နာတာရှည်ရောဂါအခံရှိနေတာတွေကြောင့်သာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီလိုပြဿနာတွေရင်ဆိုင်နေရတဲ့ သက်ကြီးရွယ်အိုတွေ မိမိတို့မိသားစုထဲမှာ ရှိနေရင်တောင်မှ ကြိုတင်ကာကွယ်မှုတွေ စနစ်တကျပြုလုပ်ထားနိုင်မယ်ဆိုရင် လူကြီးမိဘတွေသာမက မိမိတို့ရဲ့ မိသားစုတွေနဲ့ မိမိတို့ရဲ့ လူအဖွဲ့အစည်းကို ရောဂါကူးစက်မှုဘေးကနေ ကင်းဝေးနိုင်ပါတယ်။
လူစုလူဝေး၊ လူစိမ်းတွေနဲ့ ထိတွေ့မှုရှောင်တာမျိုး၊ တတ်နိုင်သမျှ အိမ်ပြင်မထွက်စေတာမျိုး၊ မိသားစုဝင်တွေအကြား Social Distancing အနေနဲ့ နေထိုင်တာမျိုးတွေက သူတို့တွေထံ ရောဂါကူးစက်မလာဖို့ အလွန်အထောက်အကူပြုမှာဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ်ခံအားစနစ် ကောင်းမွန်အောင် အာဟာရပြည့်ဝစွာ ကျွေးမွေးတာမျိုးလည်း ဂရုတစိုက်ပြုလုပ်ပေးနိုင်မယ်ဆိုရင် လူကြီးတွေကိုလည်း ရောဂါကပ်ဘေးကနေ ကင်းဝေးအောင် ကာကွယ်ပေးထားနိုင်မှာဖြစ်ပါတယ်။

ရေးသားသူ Ye Zon Aung
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”