ကိုဗစ်-၁၉ ပိုးတွေ့လူနာ သုံးဦး ထပ်တိုးတွေ့ခဲ့ရပြီးနောက် ဖားကန့်မြို့နယ်၌ ပိုးတွေ့သူ ၁၂ ဦးထိရှိလာ

ဖားကန့် ၂၇ စက်တင်ဘာ                                                            

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ယနေ့ စက်တင်ဘာ ၂၇ ရက်က ကိုဗစ်-၁၉ ပိုးတွေ့လူနာ သုံးဦး ထပ်မံတွေ့ခဲ့ပြီးနောက် ဖားကန့်၌ ပိုးတွေ့လူနာ ၁၂ ဦးထိ ရှိလာခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးထံမှ သိရသည်။

ယနေ့တွင် စောင့်ကြည့်ထားရှိသူ ဖားကန့်ပြည်သူ့ဆေးရုံမှ နှစ်ဦးနှင့် လုံးခင်းတိုက်နယ်ဆေးရုံမှ တစ်ဦးတို့တွင် ကိုဗစ်-၁၉ ပိုး တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

"ဖားကန့်က နှစ်ယောက်က ပြည်သူ့ဆေးရုံမှာပဲ စောင့်ကြည့်နေတဲ့ အသက် (၄၅)နှစ်အရွယ်၊ အမျိုးသားတစ်ဦးနဲ့ အသက်(၃၀)အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ပါတယ်၊ သူတို့နှစ်ဦးကို သီတဂူ စက္ခုဆေးရုံရွှေ့ထား ပြီးပါပြီ၊ လုံးခင်းကတစ်ယောက်က အဲ့မှာပဲ ဆေးဝါးကုသပေးလို့ အဆင်ပြေတဲ့အတွက် သီတဂူကို မရွှေ့တော့ပါဘူး" ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းလွင်က ပြောသည်။

လုံးခင်းတိုက်နယ်ဆေးရုံမှ ကိုဗစ်-၁၉ ပိုးတွေ့လူနာသည့် စက်တင်ဘာ ၂၀ ရက်က အနံ့ပျောက်၍ ဆေးဝါးကုသမှု တက်ရောက်ခံယူနေသူ အသက်(၃၂)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း လုံးခင်းတိုက်နယ်ဆေးရုံအုပ် ဒေါက်တာ ကျော်မျိုးထွန်းက ပြောပြသည်။

လက်ရှိ ဖားကန့်သီတဂူစက္ခုဒါနဆေးရုံ၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဆေးဝါးကုသမှုပေးနေပြီး ပိုးတွေ့လူနာငါးဦးမှာ ဆေးရုံမှဆင်းခွင့်ရခဲ့ပြီဖြစ်ပြီး လူနာများအားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)