ကိုဗစ်- ၁၉ ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် နှာခေါင်းစည်းတပ်ဆင်ရမည့် အမိန့်ထုတ်

ဟူစတန်   ၄  ဇူလိုင်

အမေရိကန်ပြည်ထောင်စု တက္ကဆက် ပြည်နယ်တွင် ကိုဗစ် -၁၉ ဆက်လက် ပျံ့နှံ့နေသည့်အတွက် အများပြည်သူ များနှင့် သက်ဆိုင်သည့်နေရာများသို့ သွားသည့်အခါ ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ကြရန် ဇူလိုင် ၂ ရက်က အမိန့်ထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမိန့်ကို တက္ကဆက် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်ဂျိအက်ဘော့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများသို့ သွားသည့်အခါ နှာခေါင်း နှင့်ပါးစပ်ကို မဖြစ်မနေ အုပ်ထား ရမည်ဖြစ်သည်။ နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ်ခိုင်းထားခြင်းဖြင့် ကိုဗစ် -၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရာ ရောက်ကြောင်း သက်သေပြလျက်ရှိသည်ဟု အက်ဘော့က ပြောသည်။

မိမိကျန်းမာရေးအတွက်သာမက မိသားစု၊ အပေါင်းအသင်း၊ တက္ကဆက် ပြည်နယ်သူ ပြည်နယ်သားများ၏ အကျိုးအတွက် အပြင်ထွက်သည့်အခါ ပါးစပ်နှာခေါင်းစည်း ဝတ်ဆင်ကြရန် ၎င်းက ဆက်လက်တိုက်တွန်းသည်။

လူအချင်းချင်း အနည်းဆုံး ခြောက်ပေအကွာတွင် ရှိရမည်ဖြစ်ပြီး လူ ၁၀ ဦးထက်ကျော်လွန်၍ စုဝေးခြင်း မပြုကြရန်လည်း ပြည်နယ်အုပ်ချုပ် ရေးမှူးက ကြေညာချက် ထုတ်ပြန်ခဲ့ သည်။ လူအများအပြား စုဝေးခြင်း သည် ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက် လာခြင်း၏ အကြောင်းတရားတစ်ခု ဖြစ်ကြောင်း တက္ကဆက်ပြည်နယ် သားများက အပြင်ထွက်သည့်အခါ ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်ထားကြလျှင် ကိုဗစ်- ၁၉ ပျံ့နှံ့မှုကို လျှော့ချ နိုင်မည်ဖြစ်သကဲ့သို့ စီးပွားရေး လုပ်ငန်းများလည်း ဆက်လက် ဖွင့်ထားနိုင်မည်ဖြစ်သည်။

ယင်းသို့ အမိန့်ထုတ်ပြီးနောက် ဟူစတန်မြို့တော်ဝန် ဆေဗက်စတာ တန်နာကလည်း ယင်းအမိန့်ကို ထောက်ခံကြောင်းပြောသည်။ ကိုဗစ်၁၉ ထိန်းချုပ်နိုင်ရေးအတွက် ပိုမိုတင်းကျပ်သည့် စည်းကမ်းများချမှတ်ရန် ပြည်နယ်အုပ်ချုပ်ရေးထံ ဟူစတန် မြို့တော်ဝန်က စာရေးတောင်းဆို ခဲ့သည်ဟုလည်း ဒေသတွင်း မီဒီယာ များတွင် ဖော်ပြထားသည်။ ဇူလိုင် ၂ ရက်တွင် တက္ကဆက်ပြည်နယ်၌ ကိုဗစ်- ၁၉ ကူးစက်ခံရသူ ၁၇၅၉၇၇ ဦးရှိပြီး သေဆုံးသူအရေ အတွက်မှာ ၂၅၂၅ ဦးရှိသည်ဟု တက္ကဆက်ပြည်နယ် ကျန်းမာရေးနှင့်လူသား အရင်းအမြစ် ဌာနကပြောသည်။

ဆင်ဟွာ