ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ ရှေ့တန်းမျက်နှာစာက တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ

အောင်ကျော်ကျော်

 

ကမ္ဘာတစ်ဝန်းမှာဖြစ်ပွားနေတဲ့ ကပ်ရောဂါဆိုးကြီးဟာ ကမ္ဘာသူ၊ ကမ္ဘာသားတို့ကို သူ့ရဲ့ ပြင်းထန်လှတဲ့ ထိုးနှက်ချက်တွေနဲ့အတူ ဇီဝိန်ခြွေခဲ့တာ အခုဆိုရင် ကမ္ဘာတစ်ဝန်း မှာ သေဆုံးသူ ၅၂၀၀၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။ ဒီရောဂါကြီး ကမ္ဘာပေါ်ကို ရောက်ရှိလာချိန်ကစပြီး ကမ္ဘာ့နိုင်ငံအစိုးရ အသီးသီးကလည်း ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အစိုးရအဖွဲ့အစည်းတွေက ပြည်သူတွေကို ရောဂါဆိုးကြီး ကူးစက်မှုမရှိအောင် ဗိုင်းရပ်စ်ကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းတွေ ချမှတ်တယ်။ ဒေသန္တရ အာဏာပိုင်တွေက အစိုးရချမှတ်လိုက်တဲ့ စည်းမျဉ်းတွေကို ပြည်သူတွေ လိုက်နာမှုရှိ၊ မရှိ စောင့်ကြည့် အရေးယူမှုတွေပြုလုပ်တယ်။ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေကလည်း ရောဂါကူးစက်ခံရသူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေပေးပြီး ရောဂါပိုး ဆက်လက်ပြန့်ပွားမှုမရှိအောင် ကာကွယ်ထိန်းသိမ်းပေးတယ်။ ဒီလိုတာဝန်အသီးသီးကို လိုက်နာဆောင်ရွက်တဲ့ နေရာမှာ ရှေ့တန်းမျက်နှာစာကနေ ကိုယ့်အသက်ကို ပဓာနမထားဘဲ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ကျန်းမာရေး ပြုစုစောင့်ရှောက်မှုတွေ ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ဘယ်လိုအခက်အခဲ အကျပ်အတည်းတွေကို ဘယ်လိုရင်ဆိုင်နေရသလဲ၊ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဘယ်လိုအထောက်အပံ့တွေ ပေးဖို့ လိုအပ်နေသလဲဆိုတာ လေ့လာသုံးသပ် ကြည့်ပါစို့။

 

စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ခံစားရ

 

ဆရာဝန်တွေ၊ သူနာပြုတွေအပါအဝင် ကျန်းမာရေး ဝန်ထမ်းအသီးသီးဟာ နေ့စဉ်နဲ့အမျှ ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာတွေကို တာဝန်ကျေပွန်စွာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု တွေပေးနေရပါတယ်။ ဒီလိုကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးတဲ့နေရာမှာ အချို့ ကျန်းမာရေး ဝန်ထမ်းတွေဆိုရင် စိတ်ဓာတ်ကျဆင်းတာတွေ၊ စိုးရိမ်ကြောင့်ကြ ဗျာပါဒများတာတွေ၊ ညအိပ်မပျော်တာတွေ၊ စိတ်ဖိစီးမှုများတာတွေကို ခံစားနေကြရပါတယ်။ ဒါတွေဟာ ရောဂါကာကွယ်ရေး လုပ်ငန်းတွေကို နေ့၊ ည မပြတ် ဆောင်ရွက်ရင်းနဲ့ ရရှိလာတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပဲဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက် လူနာတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးရင်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုတွေကို ခံစားနေရတဲ့ ကျန်းမာရေးဝန်ထမ်း အရေအတွက်ဟာ တရုတ်နိုင်ငံအတွင်းမှာ ၁၃၀၀ နီးပါးရှိတယ်လို့ ဟန်ဇူးမြို့ရှိ ဇီကျန်း ဆေးတက္ကသိုလ်ရဲ့ သုတေသန တစ်ခုအရ သိရပါတယ်။

 

ဗိုင်းရပ်စ်ကူးစက်ခံနေရ

 

အာရှ - ပစိဖိတ်ဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတွေကို ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးရင်း အသက်ဆုံးရှုံးသွားတဲ့ ဆရာဝန် အနည်းဆုံး ၃၅ ဦးရှိပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ထမ်း ၃၅၀၅ ဦးဟာ ဗိုင်းရပ်စ်ကူးစက်ခံနေရပြီး ၄၂၀၀ ကျော်ဟာ သီးခြား စောင့်ကြည့်ခြင်း ခံနေရတယ်လို့ စစ်တမ်းတစ်ရပ်အရ သိရပါတယ်။ တရုတ်နိုင်ငံမှာ ကျန်းမာရေးဝန်ထမ်း ၃၃၀၀ ကျော် ဗိုင်းရပ်စ်ကူးစက် ခံနေရပြီး ၁၃ ဦးသေဆုံးခဲ့တယ်လို့ တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က အတည်ပြု ပြောကြားခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ ဆရာဝန်လေးဦး ဗိုင်းရပ်စ်ကူးစက်ခံရပြီး နှစ်ဦး သေဆုံးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆရာဝန်သုံးဦးနဲ့ သူနာပြုနှစ်ဦး ဗိုင်းရပ်စ် ကူးစက်ခံနေရပါတယ်။ အိန္ဒိယနိုင်ငံမှာ ဆရာဝန်ခြောက်ဦးနဲ့ သူနာပြုသုံးဦး ရောဂါကူးစက်ခံထားရပြီး ဆရာဝန်ခြောက်ဦး အပါအဝင် ဆေးဘက်အကူ ၁၅ ဦး သီးခြားစောင့်ကြည့်ခြင်းခံနေရပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၅ ဦး ရောဂါ ကူးစက်ခံထားရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဆရာဝန် ၁၇ ဦးသေဆုံးခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၇၄၀ သီးခြားစောင့်ကြည့်ခြင်း ခံနေရပါတယ်။ မလေးရှားနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်း ၈၀ နီးပါးနဲ့ စင်ကာပူနိုင်ငံမှာ ရှစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။ ဘူတန်နိုင်ငံမှာ ကျန်းမာရေးဝန်ထမ်း ၃၄ ဦး သီးခြားစောင့်ကြည့်ခြင်း ခံနေရပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဆရာဝန်သုံးဦး သေဆုံးပြီး ကျန်းမာရေးဝန်ထမ်း ၈၄ ဦး ရောဂါကူးစက်ခံထားရတယ်လို့ စစ်တမ်းတစ်ရပ်အရ သိရပါတယ်။ ။

 

စိန်ခေါ်မှုတွေအများကြီး

 

ကျန်းမာရေးဝန်ထမ်းတွေ နောက်ထပ်ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကတော့ ဗိုင်းရပ်စ်ကူးစက်ခံ လူနာတွေကို ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆေးဝါးထောက်ပံ့မှုတွေ ညီတူညီမျှ ရရှိအောင် ဘယ်လိုမျှဝေပေးမလဲဆိုတာနဲ့ ကျန်းမာရေး ထောက်ပံ့ပစ္စည်း ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင် နေရခြင်းပဲဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံတွေသာမက ဖွံ့ဖြိုးမှု အမြင့်မားဆုံးဖြစ်တဲ့ နိုင်ငံတွေမှာတောင် ရင်ဆိုင်နေရပါတယ်။

 

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ က ပရီဘီတီ ရီးယန်းဆေးရုံမှာ ပုံမှန်နေ့တွေဆို တစ်နေ့ကို နှာခေါင်းစည်း ၄၀၀၀ ပုံမှန်သုံးစွဲရပါတယ်။ ဒါပေမယ့်အခု ဗိုင်းရပ်စ်ကူးစက် လူနာတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေရတဲ့ အချိန်မှာ တစ်နေ့ကို နှာခေါင်းစည်း ၄၀၀၀၀ ပုံမှန်သုံးစွဲနေရပါတယ်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကျန်းမာရေး ထောက်ပံ့ပစ္စည်းတွေ ပြတ်လပ်နေတဲ့အတွက် နိုင်ငံအတွင်းက မော်တော်ကားကုမ္ပဏီတွေကို အသက်ရှူ အထောက်အကူပြုကိရိယာတွေ ထုတ်လုပ်ပေးဖို့ တောင်းဆိုထားပါတယ်။ အမေရိကန်နိုင်ငံမှာ နှာခေါင်းစည်း အရေအတွက် သန်း ၃၀ ခန့်ရှိခဲ့ပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုးကြီးဖြစ်လာတဲ့အချိန်မှာတော့ နှာခေါင်းစည်း ၃ ဒသမ ၅ ဘီလီယံ လိုအပ်နေပါတယ်လို့ အမေရိကန် ကျန်းမာရေးဌာန တာဝန်ရှိသူ ရောဘတ်ကာလက်စ်က ဆိုပါတယ်။ ဒီလိုဖွံ့ဖြိုးမှု အမြင့်မားဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတောင် ကျန်းမာရေးထောက်ပံ့ပစ္စည်းတွေ ပြတ်လပ်နေတာကို တွေ့ရပါတယ်။ ကပ်ရောဂါ တစ်ခုဖြစ်လာပြီဆိုရင် နှာခေါင်းစည်း၊ လက်အိတ်၊ တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံတွေဖြစ်တဲ့ ကျန်းမာရေး အထောက်အပံ့ပစ္စည်းတွေဟာ လုံလောက်မှုမရှိတော့ပါဘူး။

 

ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေ ပြတ်လပ်လေလေ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ဗိုင်းရပ်စ် ကူးစက်ခံရမှုနှုန်းဟာ ပိုမိုမြင့်မားလာလေလေပါပဲ။ ကျန်းမာရေးထောက်ပံ့ ပစ္စည်းတွေ ပြတ်လပ်လာလို့ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ကျန်းမာရေး ဝန်ထမ်းအရေအတွက်ဟာ အမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုး ပြည်နယ်မှာရှိတဲ့ ဗိုင်းရပ်စ် ကူးစက်ခံလူနာအားလုံးရဲ့ ၁၆ ရာခိုင်နှုန်းရှိပါတယ်။

 

အီတလီနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဆရာဝန် အယောက် ၂၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကျန်းမာရေး ဝန်ထမ်းအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပါတယ်။ စပိန်နိုင်ငံမှာ ကျန်းမာရေး ဝန်ထမ်း ၃၉ဝဝ ကျော်ဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။

 

အမေရိကန်ပြည်ထောင်စု ကွန်တီကတ်ပြည်နယ်မှာ သူနာပြု ၂၀၀ ခန့်ဟာ ရောဂါပိုးရှိ၊ မရှိ သီးခြားစောင့်ကြည့် ခြင်းခံနေရပါတယ်။ ဒီလိုပဲ ကျန်းမာရေး ထောက်ပံ့ပစ္စည်းတွေ ပြတ်လပ်လို့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်ခံနေရ (သို့မဟုတ်) သီးခြား စောင့်ကြည့်ခံနေရပါတယ်။ ဒါကြောင့် အစိုးရ အဖွဲ့အစည်းတွေအနေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေကို ကျန်းမာရေး ထောက်ပံ့ပစ္စည်းတွေ များများထုတ်လုပ်ပေးဖို့ စီစဉ်ညွှန်ကြားသင့်ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေကို ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်နဲ့ ကာကွယ်ရေးဆိုင်ရာ ထောက်ပံ့ပစ္စည်း တွေကို လုံလုံလောက်လောက် ထောက်ပံ့ပေးထားမှသာ ရှေ့တန်းမျက်နှာစာမှာ နောက်ဆံတင်းမှု မရှိဘဲနဲ့ လူနာတွေကို ကျန်းမာရေးပြုစု စောင့်ရှောက်မှုတွေ စိတ်ချလက်ချ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

 

ခြိမ်းခြောက်ခံနေရ

 

အချို့နိုင်ငံတွေက ဆေးရုံတွေမှာဆို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ကာကွယ်တဲ့ နေရာမှာ ဆေးဝါးပြတ်လပ်မှုတွေ၊ ထောက်ပံ့ပစ္စည်း ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ ထုတ်ဖော်ပြောမယ်ဆိုရင် အလုပ်ဖြုတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကိုလည်း ကျန်းမာရေး ဝန်ထမ်းတွေ ရင်ဆိုင်နေရပါတယ်။ ဝါရှင်တန်မြို့က အရေးပေါ်ကုသခန်းက ဆရာဝန်တစ်ဦးဟာ ဗိုင်းရပ်စ်ပိုးစစ်ဆေးတဲ့ ကိရိယာတွေ၊ ထောက်ပံ့ပစ္စည်းတွေ မလုံလောက်ဘူးလို့ ပြောကြားခဲ့တဲ့အတွက် အလုပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ အလားတူပဲ ချီကာဂိုမြို့က သူနာပြု တစ်ယောက်ကလည်း ကျန်းမာရေး ထောက်ပံ့ပစ္စည်းတွေ ပိုမိုဝတ်ဆင်ထားဖို့ လိုအပ်တယ်ဆိုတာကို သူ့ရဲ့ သူငယ်ချင်းတွေကို ပြောတဲ့အတွက် အလုပ်မှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ ဒါကြောင့် ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ ဗိုင်းရပ်စ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ပတ်သက်ပြီး သူတို့ရဲ့ ဆေးရုံတွေအကြောင်း အင်တာဗျူးလုပ်ဖို့ သတင်းဌာနတွေရဲ့ ကမ်းလှမ်းမှုတွေကို အခုအချိန်မှာ ငြင်းဆန်နေကြရပါတယ်။ လက်ရှိအချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေဟာ ဗိုင်းရပ်စ် ကူးစက်လူနာတွေကို ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးရင်း ကိုယ်တိုင်လည်း ဗိုင်းရပ်စ်ကူးစက်မှာကို စိုးရိမ်နေရတဲ့အပြင် သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပြောကြားလိုက်ရင်လည်း အလုပ်ပြုတ်သွားမှာကို စိုးရိမ်နေကြရပါတယ်။

 

ချီးကျူးထောမနာပြု

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေတဲ့အချိန်မှာ ရောဂါ ကူးစက်မှုမရှိစေဖို့အတွက် နေအိမ်အတွင်းမှာသာ နေထိုင်ဖို့ အစိုးရအဖွဲ့အစည်းတွေက ပြည်သူတွေကို တိုက်တွန်းထား ပါတယ်။ ဒီလိုအချိန်မှာ ဗိုင်းရပ်စ်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းတွေကို အာဏာပိုင်တွေနဲ့ ရှေ့တန်းမျက်နှာစာကနေ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကမ္ဘာ့ပြည်သူတွေက ချီးကျူးထောမနာ ပြုနေကြတာတွေကိုတွေ့မြင်ရပါတယ်။ အီတလီ၊ စပိန်၊ ပြင်သစ်နိုင်ငံတွေမှာ ခရီးသွားလာမှုတွေ ကန့်သတ်ထားတဲ့အတွက် ပြည်သူတွေက နေအိမ်ပြတင်းပေါက်၊ ထပ်ခိုးပေါ်တွေကနေ လမ်းမတွေပေါ်မှာ ဗိုင်းရပ်စ်ကာကွယ်ရေးတွေ လုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အားပေးနေကြတာ တွေ့မြင်ရပါတယ်။ ဒါ့အပြင် တူရကီ၊ အစ္စရေးနဲ့ ဘယ်လ်ဂျီယံနိုင်ငံ ပြည်သူတွေကလည်း ကျန်းမာရေးဝန်ထမ်းတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ လက်ခုပ်လက်ဝါးတွေ တီးပြီး အားပေး နေတာကိုတွေ့ရပါတယ်။ ဘာစီလိုနာမြို့က ဆေးရုံတစ်ရုံရှေ့မှာ ရဲအရာရှိတွေနဲ့ ပြည်သူတွေဟာ စုဝေးပြီး ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်တဲ့အနေနဲ့ လက်ခုပ်တီး အားပေးနေတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာလည်း ဇန်နဝါရီလ လယ်ပိုင်းက ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်လို့ ပြည်သူတွေက ကျန်းမာရေးဝန်ထမ်းတွေကို ချီးကျူးထောမနာပြုတာတွေ ရှိခဲ့ပါတယ်။

 

ပြည်သူတွေရဲ့ အကူအညီလို

 

လက်ရှိအချိန် ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာ တစ်သန်းကျော်သွားပြီ ဖြစ်ပါတယ်။ ရောဂါကူးစက်မှုနှုန်းတွေ ဆက်လက်မြင့်မားနေတဲ့အတွက် ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ ဗိုင်းရပ်စ်ပိုးရှိ၊ မရှိ စစ်ဆေးတဲ့ စက်ကိရိယာတွေ၊ ကျန်းမာရေး ထောက်ပံ့ပစ္စည်းတွေ အလုံအလောက်ရှိဖို့ လိုအပ်ပါတယ်။ အာဏာပိုင်တွေအနေနဲ့လည်း ဗိုင်းရပ်စ်ကာကွယ်ရေး စည်းမျဉ်းတွေကို ပြည်သူတွေ လိုက်နာမှု ရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး ကျန်းမာရေး ဝန်ထမ်းတွေကို ကူညီပေးသင့်ပါတယ်။ ။

 

ပြည်သူတွေကလည်း ဗိုင်းရပ်စ်ကာကွယ်ရေးစည်းမျဉ်းတွေကို လိုက်နာမယ်၊ နေအိမ်အတွင်းမှာ နေထိုင်မယ်။ လူစုလူဝေး ပြုလုပ်ခြင်းတွေကို ရှောင်ကြဉ်မယ် လက်ကို ဆပ်ပြာနဲ့ စနစ်တကျ ဆေးကြောမယ်၊ ခရီးသွားလာခဲ့တဲ့ သူတွေကလည်း ကိုယ်သွားခဲ့တဲ့ ခရီးစဉ်လမ်းကြောင်းကို မထိမ်ချန်ဘဲ အမှန်အတိုင်းပြောပြမယ်။ ရောဂါလက္ခဏာ ခံစားနေတဲ့သူတွေ ကိုယ့်အနီးဝန်းကျင်မှာရှိရင် သက်ဆိုင်ရာ ကျန်းမာရေးဌာနကို အသိပေး အကြောင်းကြားမယ်ဆိုရင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း သိသိသာသာ လျော့ကျသွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ အသက်စွန့် တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တစ်ဖက်တစ်လမ်းက ကူညီပေးရာရောက်ပါတယ်။

 

ကျွန်တော်တို့ပြည်သူတွေဟာ ရောဂါကပ်ဆိုးကြီးကို ကာကွယ်ထိန်းချုပ်ရာမှာ အရေးပါလှတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ပံ့ပိုးကူညီမှုတွေ အများကြီးလုပ်ဆောင် သင့်ပါတယ်။ ဒါကြောင့် ကိုယ်ကျိုးမကြည့်ဘဲ လူသားတွေရဲ့ အသက်ကို ကယ်တင်ပေးနေတဲ့ ကမ္ဘာတစ်ဝန်းက ကျန်းမာရေး ဝန်ထမ်းတွေကို လက်လှမ်းမီတဲ့နေရာကနေ ကူညီဖေးမပေးဖို့ လိုအပ်နေပြီဆိုတဲ့အကြောင်း တိုက်တွန်း ရေးသားလိုက်ပါတယ်။ ။