ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီး ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်

ဘိုဂိုတာ၊ ၂၆ ဇန်နဝါရီ

 

ကိုလံဘီယာသမ္မတနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး ကားလော့စ်ဟိုးလ်စ်ထရူဂျီလ်လိုသည် ကိုဗစ်-၁၉ ရောဂါဖြင့် ယနေ့ ကွယ်လွန်သွားကြောင်း ကိုလံဘီယာသမ္မတက ပြောကြားသည်။

 

ကာကွယ်ရေးဝန်ကြီး ကားလော့စ်ဟိုးလ်စ်ထရူဂျီလ်လိုသည် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးဝါးကုသမှုခံယူနေစဉ် ထပ်တိုးလာသည့်ရောဂါကြောင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ကိုလံဘီယာသမ္မတအိုင်ဗန်ဒုခ်က ပြောကြားသည်။

 

အသက် ၆၉ နှစ်အရွယ် ထရူဂျီလ်လိုသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ပြီးနောက် ဇန်နဝါရီ ၁၁ ရက်က ဆေးရုံတင်ခြင်းခံခဲ့ရပြီး ၎င်းတွင် ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသောကြောင့် ဇန်နဝါရီ ၁၄ ရက်တွင် ဘိုဂိုတာတပ်မတော်ဆေးရုံ၏ အထူးကြပ်မတ်ကုဌာနသို့ လွှဲပြောင်းခြင်းခံခဲ့ရပြီး အထူးကြပ်မတ်ကုဌာန၌ ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ကြေညာချက်အရ သိရသည်။

 

လက်ရှိအချိန်အထိ ကိုလံဘီယာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂ သန်းကျော်ရှိပြီး ၎င်းတို့ အနက် ၅၂၀၀၀ နီးပါးသည် ထိုရောဂါကြောင့် သေဆုံးခဲ့ကြောင်း ဂျွန်ဟော့ကိန်းတက္ကသိုလ်မှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

 

ကိုလံဘီယာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရန် ၎င်း၏ နယ်နိမိတ်မျဉ်းများကို ယမန်နှစ်က တစ်နှစ်နီးပါးကြာ ပိတ်ထားပြီး ယခုနှစ်တွင်လည်း အနည်းဆုံး မတ်လ ၁ ရက်အထိ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - ဂျေတီ