ကြိုးဖုန်း ရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာ ၂၁ တွင် ရုံတင်ပြသမည်

ရန်ကုန် ၁၉ နိုဝင်ဘာ

ကြိုးဖုန်းရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာ ၂၁ တွင် ရုံတင်ပြသမည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက်ညပိုင်းက ရန်ကုန်မြို့ City Mall (စိန်ဂျွန်း) ရှိ JCGV ရုပ်ရှင်ရုံ၌ ပြသသည့် ရုပ်ရှင်အထူးပွဲမှ သိရသည်။

ဒီကားက တစ်နာရီနဲ့ ၄၅ မိနစ်ကြာတယ်၊ ဒါပေမယ့် ရုပ်ရှင်ကပြီးလို့ ပြီးမှန်းမသိအောင် ဇာတ်ကို ဆွဲဆောင်ထားပါတယ်၊ ကျွန်တော်က ဒါမျိုးကားလေးတွေ ဆက်ရိုက်ချင်သေးတယ်၊ အသံကို ဦးစားပေးရိုက်ထားတယ်၊ သရဲကားမှာ အသံက အသက်ပဲလေ၊ နောက် စက္ခုအာရုံသက်ရောက်မှု ကို 3D မလုပ်ဘဲ၊ နှစ်ခေါက်ပြန်ရိုက်ထားပါတယ်ဟု ဒါရိုက်တာ အာကာက ပြောသည်။

ထိုရုပ်ရှင်ဇာတ်ကားတွင် ဇာတ်လမ်း ကိုမျိုးလေး၊ ဇာတ်ညွှန်း ရဲနောင်၊ သရုပ်ဆောင် ဖြိုးငွေစိုး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ ရဲနောင်၊ ရွှေအိမ်စည်၊ အောင်ရဲထွေး တို့ဖြင့် ရိုက်ကူးထားပြီး အာကာရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားသည်။

ဇာတ်လေးကလည်း ဆန်းတယ်၊ သရုပ်ဆောင် အသစ်လေးတွေနဲ့ လက်တွဲပြီး ကြိုးစားရိုက်ထားပါတယ်၊ ဒါရိုက်တာ ကိုအာကာရဲ့ အတွေးအခေါ်အသစ်တွေ၊ ပရိသတ်စိတ်ဝင်စားမယ့် ရိုက်ချက်အသစ်အဆန်းလေးတွေနဲ့ တွေ့ရမယ်၊ ခပ်ကြမ်းကြမ်း သရဲကားကြိုက်တဲ့ လူမျိုးဆို ကြိုက်ပါလိမ့်မယ်၊ ပရိသတ်ကြည့်ပေးဖို့ အားပေးဖို့၊ ဝေဖန်ပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်ဟု အကယ်ဒမီ အိန္ဒြာကျော်ဇင်က ပြောသည်။

သန့်ဇင်ဝင်း