ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို တုံ့ပြန်ဆောင်ရွက်ရန် နိုင်ငံတကာ အိုလံပစ်ကော်မတီက နိုင်ငံတကာအားကစား အဖွဲ့အစည်းများနှင့် အရေးပေါ် ဆွေးနွေးမည်

လော့ဆန်နီ  ၁၇  မတ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် နိုင်ငံတကာအိုလံပစ်ကော်မတီက နိုင်ငံတကာ အားကစားအဖွဲ့အစည်းများမှ အကြီးအကဲများနှင့် အရေးပေါ်ဆွေးနွေးပွဲကျင်းပရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဆွေးနွေးပွဲများကို မတ် ၁၇ ရက်တွင် အွန်လိုင်းပေါ်၌ ပြုလုပ်သွားမည် ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ၂၀၂၀ တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲတွင် ကျင်းပမည့် ကြက်တောင်ရိုက် ပြိုင်ပွဲ၊ နပန်းပြိုင်ပွဲ၊ ဘေ့စ်ဘောပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အရည်အချင်း ပြည့်မီသူ အမြောက်အမြားကို ပယ်ဖျက်၊ ရွှေ့ဆိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် အရေးပေါ် ဆွေးနွေးပွဲကျင်းပရန် အိုအိုင်စီအဖွဲ့က စီစဉ်ခဲ့ခြင်း ဖြစ်သည်။

အိုလံပစ်မီးရှူးတိုင် လက်ဆင့်ကမ်းခြင်းကို အိုလံပီယာ၌ စတင်ကျင်းပခဲ့ပြီး နောက်တစ်ရက်အကြာတွင် ဂရိ၌မီးရှူးတိုင် လက်ဆင့်ကမ်းခြင်းကို မတ် ၁၄ ရက်တွင် ရပ်နားထားခဲ့သည်။ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမည့် အစီအစဉ်တွင် ပါဝင်ကြမည့် အဖွဲ့ဝင်များသည် ဖျက်သိမ်းထားသည့် ပွဲစဉ်များနှင့် ပတ်သက်၍ မည်သို့ဆက်လက်စီမံဆောင်ရွက်သွားကြမည်ကို ဆွေးနွေးဖွယ်ရှိကြောင်း ခန့်မှန်းရသည်။

အင်န်အိတ်ချ်ကေ