ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ

နေပြည်တော် ၁၂ ဇူလိုင်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့၌ ဇူလိုင် ၁၁ ရက်  ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့ပြီး မြေနိမ့်ပိုင်း ရပ်ကွက်များသို့ မြစ်ရေ စတင်ဝင်ရောက်ခဲ့ရာ ဇူလိုင် ၁၂ ရက် မွန်းလွဲ ၃ နာရီအထိ  မြစ်ကြီးနားမြို့၊ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ လယ်ကုန်းနှင့် မြို့သစ်ကြီးရပ်ကွက်တို့မှ အိမ်ထောင်စု (၁၃၆) စု၊ လူဦးရေ (၅၇၉) ဦးတို့သည် ရေဘေးကယ်ဆယ်ရေး စခန်း (၉) ခုသို့လည်းကောင်း၊ ဝိုင်းမော်မြို့၊ အမှတ် (၁) နှင့် သပြေကုန်းရပ်ကွက်တို့မှ အိမ်ထောင်စု (၆)စု၊ လူဦးရေ (၂၂) ဦးတို့သည် အ.ထ.က(၂) ‌ရေဘေးကယ်ဆယ်ရေးစခန်းသို့ လည်းကောင်း ခေတ္တပြောင်းရွှေ့ ခိုလှုံလျက်ရှိသည်။

 

mdn

 

ရေကြီးရေလျှံမှုများ ဖြစ်ပွားသည့်နေရာများသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယနေ့တွင် သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းစီမံ ဆောင်ရွက်ပေးခဲ့သည်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးရှောင်ပြည်သူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး၍ အဝတ် Mask (၅၇၉) ခုနှင့်  ဆပ်ပြာ (၁၃၆) တောင့်တို့အား ထောက်ပံ့ခဲ့ပြီး ဆန်ရိက္ခာဖိုးများကို ဆက်လက်ထောက်ပံ့သွားနိုင်ရေး ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်