ကလေးစာပေပွဲတော်(ဇလွန်)တွင် ပါဝင်ဆင်နွဲသူတို့၏ ရင်တွင်းစကားသံများ

ဇလွန် ၄ နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ပံ့ပိုးမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၄ ရက် နံနက် ၉ နာရီက အ-ထ-က(၁)ဇလွန်တွင် ကျင်းပလျက်ရှိရာ ပွဲတော်ပါဆင်နွဲသူတို့၏ ရင်တွင်းပီတိစကားသံများကို ဖော်ပြပေးလိုက်ရပါသည်။

 

ဒေါက်တာလှမြတ်သွေး(လူမှုရေး၀န်ကြီးဌာနဝန်ကြီး)

 

စာပေနဲ့ရော၊ ယဉ်ကျေးမှုနဲ့ပါ ထိတွေ့စေချင်တယ်။ ပြီးတော့ ဆိုကြမယ် ကကြမယ် ခုန်ကြမယ်နဲ့ ကလေးတွေရဲ့ ပျော်ရွှင်မှုကိုလည်း ရည်ရွယ်တယ်။ လက်ရှိအနေအထားမှာ ကလေးတွေက စာသင်ကျောင်းရယ်၊ အပြင်မှာ စာသင်တာရယ်၊ အိမ်မှာစာသင်တာရယ်တွေကို အချိန်ပြည့် လုပ်နေကြရတာဆိုတော့ ကျွန်မတို့က ဦးနှောက်ကိုရော နှလုံးသာကိုပါ ဖွံ့ဖြိုးစေချင်တာပါ။ ဒါ့ကြောင့် ဒီစာပေတွေကနေ နှလုံးသားကို ယဉ်ကျေးသိမ်မွေ့လာအောင်၊ ဦးနှောက်ကနေ ထက်မြက်တဲ့၊ ထိုးထွင်းသိမြင်နိုင်တဲ့ ကလေးတွေဖြစ်လာအောင်၊ အဲဒီလို ကလေးတွေဖြစ်လာအောင် ပတ်ဝန်းကျင်မှာ ပျော်ရွှင်ဖို့၊ စာဖတ်နိုင်ဖို့အတွေးတွေ၊ အချင်းချင်းစည်းလုံးပြီး တစ်ကျောင်းနဲ့ တစ်ကျောင်း လက်တွဲပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ကို ရည်ရွယ်ကျင်းပရတာ ဖြစ်ပါတယ်။

 

1

 

ဦးစောရဲသီဟ(တာဝန်ခံကျောင်းအုပ်၊ အ-ထ-က၊ ဒေါင့်ကြီး)

 

ကျွန်တော်တို့ ဒီကလေးစာပေပွဲတော်ကို ကျောင်းမှာရှိတဲ့ ကျောင်းသား(၈၀၀)ကျော် လာတာပါ။ ကလေးတွေက အရုပ်ဆက်ကစားနည်းတွေကို သဘောကျတာတွေ့ရတယ်၊ ပြီးတော့ သူတို့ကြိုက်နှစ်သက်တဲ့ စာအုပ်တွေ ဝယ်ရတာကိုလည်းသဘောကျတာ တွေ့ရပါတယ်၊ ကလေးစာပေပွဲတော် ကျင်းပပေးတာဟာ အင်မတန်ကောင်းပါတယ်၊ ကလေးတွေအတွက် ဗဟုသုတတွေလည်းရတယ်၊ ပညာလည်းရတယ်၊ ပျော်ရွှင်ဖို့လည်းကောင်းပါတယ်၊ ကျွန်တော်တို့အနေနဲ့လည်း ဒီလိုပွဲမျိုးတွေကို ပူးပေါင်းရတာ ပီတိဖြစ်ရပါတယ်။

 

1

 

မရွှေရည်လင်း(အ-ထ-က(၁)ဇလွန်)

 

သမီးက ဒီကလေးစာပေပွဲတော် ကျင်းပတဲ့ကျောင်းက ဒသမတန်းကျောင်းသူပါ၊ ခုလိုကလေးစာပေပွဲတော်ကြီးကို ကျောင်းမှာကျင်းပတာဆိုတော့ အရမ်းပျော်ပါတယ်၊ မမြင်ဘူးသေးတဲ့ ဂိမ်းကစားနည်းတွေလည်း တွေ့ရတယ်၊ လေ့လာစရာတွေ၊ ပြခန်းတွေလည်းကြည့်ခွင့်ရတယ်၊ သူငယ်ချင်းတွေ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ကလေးစာပေပွဲတော် ကျင်းပတဲ့နေရာတွေမှာ သွားရောက်လေ့လာကြပါ၊ အရမ်းလည်းပျော်ရပါတယ်။

 

အ-ထ-က(၁)ဇလွန်တွင် ကျင်းပသည့် ကလေးစာပေပွဲတော်ကို နိုဝင်ဘာ ၅ ရက်နေ့ အထိ (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ၊ စကားပုံဆက်၊အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်းနှင့် အသိပညာပေးပြခန်းများ၊ ကလေးစာဖတ်ခန်းနှင့် စာအုပ်အရောင်းဆိုင်များဖြင့် စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပထားကြောင်း သိရှိရသည်။

 

တွေ့ဆုံမေးမြန်း-ကျော်ကျော်(ဟင်္သာတ)

ဝေယံ(ဇလွန်)