ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ အမေရိကန်နုတ်ထွက်ခြင်းကို သမ္မတသစ်ဂျိုးဘိုင်ဒင် ရုပ်သိမ်း

ဝါရှင်တန် ၂၂ ဇန်နဝါရီ 

အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ အမေရိကန်နုတ်ထွက်သည့် အစီအစဉ်ကို ဇန်နဝါရီ ၂၀ ရက်တွင် ပြန်လည်ရုပ်သိမ်းလိုက်သည်။

၄၆ ယောက်မြောက် အမေရိကန်သမ္မတအဖြစ် ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး နာရီပိုင်းအကြာတွင် ယခင်သမ္မတ လက်ထက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ နုတ်ထွက်ရန် လုပ်ဆောင်ခဲ့သည့်အစီအစဉ်ကို ပြန်လည်ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း လက်မှတ်ရေးထိုးခဲ့သည်။ သမ္မတအဖြစ် ၎င်းတာဝန်ထမ်းဆောင်သည့်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးထဲသို့ အမေရိကန်ကို ပြန်လည် ဝင်ရောက်စေမည်ဖြစ်ကြောင်း တွစ်တာပေါ်၌ ဖော်ပြခဲ့သည်။

သမ္မတဂျိုးဘိုင်ဒင်သည် လာမည့်ရက်သတ္တပတ်တွင် ကျင်းပမည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်မည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ရန် အမေရိကန် ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် အန်သိုနီဖောင်ချီအား တာဝန်ပေးအပ်ခဲ့သည်။

ထရမ့်အစိုးရအဖွဲ့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပေါ် မကြာခဏ ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ကာ အဖွဲ့ကြီးမှနုတ်ထွက်ကြောင်း၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် ဒီမိုကရက်တစ်အဖွဲ့ဝင်များက ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ကပ်ရောဂါကို ကိုင်တွယ်ဆောင်ရွက်ရာတွင် ကောင်းစွာ စီမံခန့်ခွဲနိုင်ခြင်း မရှိမှုအပေါ် အပြစ်တင်ခံရခြင်းမှ ရှောင်လွှဲရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို ထိုးနှက်တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။

ဆင်ဟွာ