ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်များဖြင့် လာရောက် လည်ပတ်လျက်ရှိ

နေပြည်တော်  ၁၉   နိုဝင်ဘာ

 

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေ ချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင် မော်တော်ယာဉ် များဖြင့်    လည်းကောင်း၊ ပြည်တွင်းရှိ  အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လည်ပတ်လျက် ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု BK Holiday Travel & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံသားဧည့်သည် (၁၅) ဦးနှင့် အင်္ဂလန်နိုင်ငံသားဧည့်သည် (၁) ဦး၊ စုစုပေါင်းဧည့်သည် (၁၆) ဦးတို့သည် ကိုယ်ပိုင်မော်တော်ဆိုင်ကယ်(၁၃) စီးဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်နေ့အထိ ထီးခီး-ထားဝယ်- ရွှေသာလျောင်း- ရှင်မုတ္တီး- ဘုရားကြီး- မြို့မဈေး- ရေနက်ဆိပ်ကမ်း- မျှော်ရစ်ဘုရား- မောင်းမကန်- ထားဝယ်- ထီးခီး ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ ထီးခီးနယ်စပ်ဂိတ်မှ ပြန်လည် ထွက်ခွာ သွားကြသည်။

 

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

MDN