ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ စက်တပ်ရွက်လှေများဖြင့် လာရောက်လည်ပတ်လျက်ရှိ

နေပြည်တော် ၂၃   ဇန်နဝါရီ

 

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာ ခံစားနိုင်ရန် စက်တပ်ရွက်လှေများဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ သွားလာလည်ပတ်လျက်ရှိသည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Freepier Yachting Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဂျာမနီနိုင်ငံသားဧည့်သည် (၄) ဦး၊ ဆွစ်ဇာလန်နိုင်ငံသား ဧည့်သည် (၂) ဉီး၊ စုစုပေါင်း ဧည့်သည် (၆) ဉီးသည် Y Not စက်တပ်ရွက်လှေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့မှ ဇန်နဝါရီ ၁၄ ရက်နေ့အထိ ကော့သောင်း-၁၁၅ ကျွန်း-ညောင်ဝီးကျွန်း-ငါးမန်းကျွန်း-ကျွန်းဖီလာကျွန်း-ခရင်းခွကျွန်း-စေတန်ကျွန်း-ကော့သောင်းမြို့များသို့  သွားရောက် လည်ပတ်ခဲ့ကြကြောင်း သိရသည်။

 

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

 

MDN