ကမ္ဘာ့ရေဝပ်ဒေသများနေ့တွင် မြန်မာနိုင်ငံမှ အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအား ငှက်ပျံသန်းရာလမ်းကြောင်း ကွန်ရက်နယ်မြေအဖြစ်သတ်မှတ်

နေပြည်တော် ၁၉ ဖေဖော်ဝါရီ 

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ရေဝပ်ဒေသများနေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအား အရှေ့အာရှ−ဩစတြေးလျအာရှ ရွှေ့ပြောင်းကျက်စားသည့် ငှက်ပျံသန်းရာ လမ်းကြောင်းကွန်ရက်နယ်မြေ-EAAF (အီးအေအေအက်ဖ် အမှတ်၊ ၁၄၇)အဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်သည့်အတွက် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် မြန်မာနိုင်ငံ၏ ဆဋ္ဌမမြောက် အရှေ့အာရှ−ဩစတြေးလျအာရှ ရွှေ့ပြောင်းကျက်စားသည့် ငှက်ပျံသန်းရာလမ်းကြောင်း ကွန်ရက်နယ်မြေ ဖြစ်လာကြောင်း သိရသည်။ 

 

1

 

“ဂေဟစနစ်ဝန်ဆောင်မှုအမျိုးမျိုး ပေးစွမ်းလျက်ရှိပြီး ဘေးမဲ့တောအနီးရှိ ဒေသခံ လူဦးရေ ၂ သိန်း ကျော်အား အစားအစာနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက် ပံ့ပိုးပေးရာ နေရာတစ်ခုဖြစ်သည့် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား မြန်မာနိုင်ငံ၏ ဆဋ္ဌမမြောက် အရှေ့အာရှ−ဩစတြေးလျအာရှ ငှက်ပျံသန်းရာလမ်းကြောင်းအဖြစ် သတ်မှတ်လိုက်သည်ကို အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အင်းလေးကန်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအား ယခုကဲ့သို့ အသိအမှတ်ပြုထိန်းသိမ်းခြင်းသည် ရေပျော်ငှက်များ ရေရှည်ထိန်းသိမ်းခြင်းကိုသာမက ရေဝပ်ဒေသများ အကျိုးရှိစွာအသုံးချခြင်းကိုလည်း အထောက်အကူပြုစေနိုင်မည်ဖြစ်ပါကြောင်း၊ ယခုလို အသိအမှတ်ပြုခြင်းအောက်တွင် အစိုးရအနေဖြင့် ဆက်စပ်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကွန်ယက်နယ်မြေဆိုင်ရာ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်မှုမြှင့်တင်သွားမည် ဖြစ်သည့်အပြင် နိုင်ငံအတွင်း သဘာဝထိန်းသိမ်းရေး နယ်မြေများကွန်ယက် ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် ကွန်ယက်နယ်မြေ အသစ်များ ထပ်မံ၍ သတ်မှတ်သွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က ပြောကြားသည်။ 

 

2

 

“ငှက်ပျံသန်းရာလမ်းကြောင်းအဖြစ် သတ်မှတ်ခြင်းသည် အင်းလေးကန်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောနှင့် ရေပျော်ငှက်များ၊ ဒေသခံများ၏ အကျိုးစီးပွားတို့အတွက် ရေရှည်တည်တံ့သော အုပ်ချုပ်လုပ်ကိုင်မှု၏ အစမျှသာဖြစ်ပါကြောင်း၊ အရှေ့အာရှ−ဩစတြေးလျအာရှ ရွှေ့ပြောင်းကျက်စားသည့် ငှက်ပျံသန်းရာလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှု (East-Asian Australasian Flyway Partnership - EAAFP) ကွန်ယက်အကြား စောင့်ကြည့်လေ့လာခြင်း၊ အသိပညာပေးခြင်း၊ သိမြင်နိုးကြားမှုမြှင့်တင်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် သတင်းအချက်အလက်များမျှဝေခြင်း စသည်လုပ်ငန်းစဉ်တို့အား စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် အရေးကြီးလှပါကြောင်း၊ EAAFP အနေဖြင့် ငှက်ပျံသန်းရာလမ်းကြောင်းရှိ ရေဝပ်ဒေသများကို ထိန်းသိမ်းကာကွယ်နိုင်ရေး မြန်မာနိုင်ငံအစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိနေပါကြောင်း အမှုဆောင်အရာရှိချုပ်၊ EAAFP မစ္စတာ ဒေါက်ဝက်ကင်းက ဆိုသည်။ 

 

4

 

အင်းလေးကန်သည် မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းကုန်းပြင်မြင့်ပေါ်တွင် တည်ရှိသည့် ရေချိုကန်ဖြစ်ပြီး နိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်းတွင်းရေကန်ကြီး ဖြစ်သည်။ အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၏ စုစုပေါင်းဧရိယာသည် ၅၃၀၀၀ ဟတ်တာကျော် ကျယ်ဝန်း၍ အင်းလေးကန်၊ စကားအင်းနှင့် မိုးဗြဲဆည်တို့ ပါဝင်ပါသည်။ အပူပိုင်းသစ်တော၊ တောင်ပေါ်နှင့် သမပိုင်း အမြဲစိမ်း သစ်တောများ စသဖြင့် သဘာဝတော နေရင်းဒေသအမျိုးအစား စုံလင်စွာ တွေ့ရှိရပြီး အင်းစပ်တစ်လျှောက် ရွှံ့နွံတော၊ မြေဆွေး၊ မြက်ခင်းပြင်၊ စိုက်ပျိုးမြေနှင့် အခြား အမျိုးအစားများကိုလည်း တွေ့ရှိနိုင်သည်။ 

 

5

 

အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် အရှေ့အာရှ−ဩစတြေးလျအာရှ ရွှေ့ပြောင်းကျက်စားသည့် ငှက်ပျံသန်းရာလမ်းကြောင်းတစ်လျှောက် ဆောင်းခိုရေပျော်ငှက်မျိုးပေါင်း ၇၅ မျိုးကျော်၏ အကောင်ရေ ၂၀၀၀၀ ကျော်တို့အတွက် ရပ်နားရသည့်အရေးပါသည့် နားခိုရာနေရာတစ်ခုဖြစ်သည်။ ၎င်းမျိုးစိတ်တို့အနက် ခြိမ်းခြောက်ခံ ဆောင်းခိုရေပျော်ငှက်များကို မှတ်တမ်းတင်ထားပြီးဖြစ်ပြီး ယင်းတို့မှာ ဘဲပို့ချပ်ခေါင်းစိမ်း (မျိုးသုဉ်းရန် လုံးဝအန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်)နှင့် ကြိုးကြာခေါင်းနီ (မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နိုင်သောမျိုးစိတ်) တို့ဖြစ်ကြသည်။ ထို့အပြင် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ငှက်ပျံသန်းရာလမ်းကြောင်းတွင် ပါဝင်သော မျိုးစိတ်များ၏ ကောင်ရေ ၁% ကျော် တွေ့ရှိရသည့် မျိုးစိတ်များမှာ ရေကြက်ဒုံ၊ တင်ကျီးကြီး၊ ခရုပ်စုပ်အနက်၊ ဒေါင်းလန်းခြေထောက်၊ ခရုတုတ်နှင့် စင်ရော်ခေါင်းညိုတို့ ဖြစ်ကြသည်။ 

အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဒေသမျိုးရင်းငါးများအတွက် အရေးပါပြီး အထူးသဖြင့် ငါးဖိန်း (Cyprinus intha) ၏ နေရင်းဒေသဖြစ်သည်။ ငါးဖိန်းသည် အင်းသားတို့၏ လူမှုစီးပွားအတွက်သာမက ယဉ်ကျေးမှုအမှတ်အသား ပြယုဂ်တစ်ခုဖြစ်သည်။ 

အဖိုးတန်လှသော ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များကို ကာကွယ်စောင့်ရှောက်နိုင်ရန် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် ၁၉၈၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးယူနက်စကို လူသားနှင့် ဇီဝအဝန်းနယ်မြေအဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ရမ်ဆာဒေသအဖြစ်လည်းကောင်း သတ်မှတ်ခြင်း ခံထားရပြီးဖြစ်သည်။ Flyway Network Site အဖြစ် မြန်မာနိုင်ငံတွင် အင်းလေးကန် အပါအဝင် ၆ ခု (မိုးယွန်းကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ မုတ္တမပင်လယ်ကွေ့၊ နံ့သာကျွန်းနှင့် မေယုကျွန်း၊ အင်းတော်ကြီးတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောနှင့် အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော) ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်