ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့

၆   ဇူလိုင်

ကမ္ဘာပေါ်တွင် လူ၊ ကျေးငှက်တိရစ္ဆာန်နှင့် သစ်တော သစ်ပင်တို့သည် ခွဲခြား၍မရနိုင်သော လက်တွဲဖော်များ ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ကူးလူးယှက်နွှယ် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီသဖွယ် အတူတကွ ယှဉ်တွဲတည်ရှိရစမြဲဖြစ်ပါသည်။ ထို လူ၊ ကျေးငှက်တိရစ္ဆာန်နှင့် သစ်တောသစ်ပင်တို့သည် ကမ္ဘာမြေကြီး၏ သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည်တည်တံ့ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြမည့် သယံဇာတအရင်းအမြစ်များပင် ဖြစ်သည်။

ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်ကြီးများ ကျရောက်မှု၊ ရာသီဥတုဖောက်ပြန်မှု၊ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုဟူသော ဖြစ်ရပ်များ တဖြည်းဖြည်း တိုးပွားလာခဲ့ပါသည်။ ထိုမှတစ်ဆင့် ငတ်မွတ်ခေါင်းပါးမှု၊ စီးပွားရေးကပ်ဆိုက်မှု၊ ကျန်းမာရေးချို့ယွင်းမှုစသည့် ဒုက္ခဆင်းရဲတို့မှာလည်း တစ်စတစ်စ များပြားလာခဲ့ပါ သည်။ အရင်းစစ်တော့ အမြစ်မြေကပေတည်း။ မြေကမ္ဘာ ပေါ်ရှိ သစ်တောသစ်ပင်တို့သည် သိပ္ပံနှင့် စက်မှုပညာ ထွန်းကားတိုးတက်မှုအရ ကုန်ကြမ်းပစ္စည်းများအဖြစ် အသုံးချခြင်းခံကြရပေရာ သစ်တောများပြုန်းတီးလာ သည်နှင့်အမျှ လူတို့၏ နေရေး၊ စားရေး၊ ကျန်းမာရေး၊ အသက်ရှင်နေထိုင်ရေးတို့သည် ဆင့်ကဲဆင့်ကဲ ထိပါး လာရပေတော့သည်။

ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့

ထို့ကြောင့် ကုလသမဂ္ဂက ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံး သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လှုံ့ဆော်တိုက်တွန်းခဲ့ပါသည်။ သစ်တော၊ သစ်ပင်ပြုန်းတီးမှုကို ကာကွယ်ရန် ကမ္ဘာအရပ်ရပ်ရှိနိုင်ငံများအား ဇူလိုင်လကို သစ်ပင်စိုက်ပျိုးရေးလအဖြစ် သတ်မှတ်ပေးခဲ့ပြီး ဇူလိုင် လ ၇ ရက်နေ့ကိုလည်း ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အဖြစ် သတ်မှတ်ခဲ့ပါသည်။

စီမံကိန်းချမှတ် ဆောင်ရွက်

မြန်မာနိုင်ငံတွင် သဘာဝစိမ်းလန်းစိုပြည်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်လျက်ရှိပါသည်။ မြန်မာ့မြေဆီလွှာနှင့် မြေသယံဇာတအရင်းအမြစ် အပါ အဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လည်းကောင်း၊ ကျေးလက်ပြည်သူတို့၏ သစ်တောထွက်ပစ္စည်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးရေးအတွက်လည်းကောင်း၊ အပူပိုင်းဇုန်ဒေသ စိမ်းလန်းစိုပြည်ရေးကို စီမံကိန်းချမှတ် ဆောင်ရွက်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အတွင်းရှိ ခရိုင်ကိုးခုတွင် “ကိုး ခရိုင်စိမ်းလန်းစိုပြည်ရေး စီမံကိန်း”ကို ချမှတ်လုပ်ဆောင်ခဲ့ရာမှာ တဖြည်းဖြည်းခရိုင်များ တိုးချဲ့စီစဉ်လျက်ရှိပါသည်။

ဥပဒေများပြဋ္ဌာန်း

မြန်မာနိုင်ငံတွင် နို့တိုက်သတ္တဝါအမျိုးပေါင်း ၃၀၀ နီးပါး၊ တွားသွားသတ္တဝါအမျိုးပေါင်း ၃၀၀ မျှ၊ ငှက်မျိုး စုပေါင်း ၁၀၀ မျှရှိပြီး သစ်ပင်ပန်းမန်မျိုးကွဲပေါင်း ၇၀၀၀ ခန့်ရှိသည်။ မြန်မာနိုင်ငံထွက် အပင်မျိုးစုံတို့၏ အသုံးဝင်မှု၊ ဆေးဖက်ဝင်မှု၊ လူသုံးပစ္စည်းဖန်တီးနိုင်မှုတို့မှာ များလှသည်။ မြန်မာ့သစ်တောကြီးများ၏ ဇီဝမျိုးစုံကြွယ်ဝမှုမှာ ကြီးမားသော အမျိုးသားအမွေရတနာသိုက်ကြီးဖြစ်သည်။ ထို့ကြောင့် သဘာဝသယံဇာတများနှင့် ဇီဝမျိုးစုံတို့ကို ပြုန်းတီးကွယ်ပျောက်ခြင်းမရှိအောင် ထိန်းသိမ်း စောင့်ရှောက်ရန် တိကျသော ဥပဒေများပြဋ္ဌာန်းထားပါသည်။

ယခုအခါ ကမ္ဘာတစ်ဝန်းတွင် အယ်လ်နီညိုကြောင့် ရာသီဥတုဖောက်ပြန်မှုများ ကြုံတွေ့နေရပါသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း မိုးရွာသွန်းမှု လျော့နည်းနိုင်ခြင်း၊ မိုးခေါင်ခြင်းများဖြစ်ပေါ်နိုင်သဖြင့် မိုးနည်းရေရှား အရပ်ဒေသများဖြစ်ကြသော စစ်ကိုင်း၊ မန္တလေးနှင့်မကွေး တိုင်းဒေသကြီးတို့တွင် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ သင့်လျော်သည့် သီးနှံပုံစံများ ချမှတ်ဆောင်ရွက် လျက်ရှိပါသည်။ မိုးရွာသွန်းမှု နည်းပါးသောဒေသများတွင် ရေငတ်ဒဏ်ပိုမိုခံနိုင်သော သက်တမ်းတိုပင်များကို စိုက်ပျိုးရန် နှိုးဆော်ပေးလျက် ရှိပါသည်။ မိုးခေါင်မှုနှင့် ကြုံကြိုက်ပါက မြေတွင်းအစိုဓာတ်များ ရေငွေ့ပြန် ဆုံးရှုံးမှုလျော့နည်းသက်သာစေရန် မကြာခဏ ကြားထွန်လိုက်ခြင်းကိုလည်း ပြုလုပ်ဆောင်ရွက်စေပါသည်။

အောင်မြင်ဖြစ်ထွန်းလာ

ထိုသို့ လယ်ယာမြေ စိမ်းလန်းစိုပြည်ရေးကို တစ်ဖက်မှ ဆောင်ရွက်နေသကဲ့သို့ သစ်တောများ ပြုစုပျိုးထောင်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောဥယျာဉ်များ ထိန်းသိမ်းခြင်း စသည်တို့ကိုလည်း နည်းလမ်းအသွယ်သွယ်ဖြင့် ဆောင်ရွက် လျက်ရှိပါသည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ဇူလိုင်လ တစ်လလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်များ စိုက်ပျိုး ကြသည်။ နှစ်စဉ်အပင်ပေါက် ၁၁ သန်းကို မြန်မာ့မြေပေါ်တွင် စီမံချက်ချ စိုက်ပျိုးခဲ့ကြရာ တဖြည်းဖြည်း အောင်မြင် ဖြစ်ထွန်းလာသည်ကို တွေ့ရသည်။

ခုတ်ထွင်ရှင်းလင်း

ကမ္ဘာပေါ်တွင် များစွာသော ဇီဝမျိုးစုံမျိုးကွဲတို့သည် သစ်တော၊ သစ်ပင်များကို မှီခိုအားထားလျက်ရှိကြသည်။ ထိုကြောင့် သစ်တော၊ သစ်ပင်ထိန်းသိမ်းရေးသည် ကျေးငှက်၊ သားရဲတိရစ္ဆာန်မျိုးစုံတို့ မျိုးသုဉ်းမသွားရေးအတွက် အထောက်အပံ့ကြီးတစ်ခုဖြစ်သည်။ များပြားလာသော လူဦးရေကြောင့် လူသားတို့နေရာထိုင်ခင်း တိုးချဲ့မှု များပြုလုပ်ကြရာ သစ်တောများစွာ ဆုံးရှုံးလျက်ရှိသည်။ သစ်တောသစ်ပင်များကို ခုတ်ထွင်ရှင်းလင်း၊ ချက်ပြုတ် စားသုံးကြရာမှ သစ်တောသစ်ပင်တို့ကို မှီခိုနေရသော တိရစ္ဆာန်များ ဒုက္ခရောက်ကြရသည်။ လူတို့၏ သတ်ဖြတ်စားသောက်ခြင်းကိုလည်း ခံကြရသည်။ ထို့ကြောင့် အထူးသဖြင့် တောရိုင်းတိရစ္ဆာန်မျိုးသုဉ်းမှုကို ကာကွယ်နိုင်ရန် အာဖရိကနိုင်ငံများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အရှိန်မြှင့်တင်လျက်ရှိသည်။

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ၁၉၉၃ ခုနှစ်၌ မြေကမ္ဘာထိပ်သီးညီလာခံကို ကျင်းပခဲ့သည်။ သစ်တောများ ပြန်လည်ပျိုးထောင်ရေး၊ သဘာဝတောနက်ကြီးများအတွင်း မှီတင်းကျက်စားကြသော တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ် မှုကို တားဆီးရေး၊ အာဖရိကတိုက်အတွင်း ဆင်စွယ်၊ ကြံ့ချို၊ တိရစ္ဆာန်သားရေများ မှောင်ခိုရောင်းဝယ်ဖောက်ကားမှု ပိတ်ပင်ဟန့်တားရေးစသည့် ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။

စီးပွားရေးတွင်လည်း အချက်အချာကျနေ

မြန်မာနိုင်ငံတွင်လည်း သစ်တောဥပဒေများ ပြဋ္ဌာန်းပြီး သစ်တောကြိုးဝိုင်းများ သတ်မှတ်ခဲ့သည်။ တစ်ဖက်မှ လည်း သားရဲတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရေးဥပဒေများ ချမှတ်ခဲ့သည်။ ပုပ္ပါးတောင်ဥယျာဉ်၊ အမျိုးသားဥယျာဉ်တို့တွင် အဆင့်မြင့်တိုးချဲ့တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ညောင်ဦး မြို့နယ် တုရင်တောင်၊ လောကနန္ဒာဘေးမဲ့တောဥယျာဉ်၊ တောင်သာမြို့နယ် တောင်ပေါ်ရေတင် စိမ်းလန်းစိုပြည်ရေး၊ မြင်းခြံခရိုင်အတွင်းရှိ တောင်ဖီလာတောင်၊ တောင်သာတောင်၊ ကျောက်တစ်လုံးတောင်၊ မြင်စိုင်းတောင်နှင့် ပုပ္ပါးတောင်တန်းများ ရေဝေရေလဲရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ဥယျာဉ်၊ ပန်းခြံ၊ သစ်တောများမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသော ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေး အခြေစိုက် ဒေသများဖြစ်သည်။ ၎င်းတို့မှာ စားနပ်ရိက္ခာဖြည့်ဆည်းမှုကိုသာမက ကျန်းမာရေးအတွက် အထောက်အကူပြုလျက်ရှိသကဲ့သို့ စီးပွားရေးတွင်လည်း အချက်အချာကျနေသည်ကို တွေ့ရလေသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုဖြင့် သစ်ပင်များစိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်း၊ သဘာဝတောများ စောင့်ရှောက် ထိန်းသိမ်းခြင်း၊ တောင်စဉ်တောင်တန်းများ ရေရရှိရေး လုပ်ငန်းဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင် ရွက်လျက်ရှိသောကြောင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် ရေးလုပ်ငန်းများ အောင်မြင်လျက်ရှိပါသည်။ နိုင်ငံတကာ၏ ကူညီအားပေးမှုအနေဖြင့် ဂျပန်နိုင်ငံ ယိုမီယူရီသတင်း စာဌာနမှ လှူဒါန်းငွေဖြင့် မြန်မာယိုမီယူရီစိုက်ခင်းကို ကျောက်ပန်းတောင်းမြို့နယ်၊ ပျဉ်းမနားကြိုးပြင်ကာကွယ် တော၌ အောင်မြင်စွာ ထူထောင်ထားရှိပြီးဖြစ်သည်။ မြန်မာ- ဂျစ်ပရိုစိုက်ခင်း (၁)၊ (၂)၊ (၃) တို့သည် ဂျပန်နိုင်ငံ ၏ လှူဒါန်းငွေဖြင့် သစ်တောဦးစီးဌာနက တည်ဆောက် ထားသော စိုက်ခင်းများဖြစ်သည်။

မြန်မာ-ဂျစ်ပရိုစိုက်ခင်း (၁)ကို ဒဟတ်တော ကာကွယ်တောတွင်တွေ့ရပြီး စိုက်ခင်း (၂) ကို ကြူပင် ကွေ့ ကာကွယ်တော၊ စိုက်ခင်း (၃)ကို ကျောက်ကူး ကာကွယ်တောတွင်တွေ့ရသည်။ မြန်မာနိုင်ငံအတွင်း အဓိကစိုက်ပျိုးကြသော ပျိုးဥယျာဉ်မှ သစ်ပင်များမှာ ရှား၊ ထနောင်း၊ မဲဇလီ၊ ဘောစကိုင်း၊ မြန်မာကုက္ကို၊ ညောင်ပင်၊ တမာ၊ စိန်ပန်း၊ ယူကလစ်၊ အော်ရေးရှား၊ ကန္တာစိမ်း၊ မန်ကျည်း၊ ဒဟတ်၊ ယင်းမာတို့ဖြစ်ပြီး တစ်အုပ်တစ်မရှင်သန်ကြီးထွားနေကြသည်ကို တွေ့ရပါသည်။

ကမ္ဘာ့သစ်ချောဈေးကွက်

မြန်မာနိုင်ငံသည် သစ်တင်ပို့ရောင်းချမှုမှ နိုင်ငံခြားငွေ ဒုတိယအများဆုံးရရှိနေပြီး သစ်အလုံးလိုက်တင်ပို့မှု၊ လေးဘက်ချောတင်ပို့မှုများဖြင့် အများဆုံးတင်ပို့လျက် ရှိသည်။ သစ်အချောထည် တင်ပို့မှုလုပ်ငန်းသည် တိုင်းရင်းသားလုပ်ငန်းရှင်များ ကမ္ဘာ့သစ်ချောဈေးကွက် တွင် မျက်နှာပန်းလှလျက်ရှိသည်။

မြန်မာနိုင်ငံ ဧရိယာ၏ ၅၁ ရာခိုင်နှုန်းမှာသစ်တောများဖြစ်သည်။ မြန်မာ့ကျွန်းသစ်တောစိုက်ခင်းများသည် ကမ္ဘာပေါ်ရှိ ကျွန်းသစ်တော စိုက်ခင်းကြီးများတွင် တစ်ခုအပါအဝင် ဖြစ်သည်။ သစ်တောထိန်းသိမ်း ပြုစုပျိုးထောင်ရေးလုပ်ငန်းကို စနစ်တကျဆောင်ရွက်ခြင်းသည် ကမ္ဘာကိုအကျိုးပြုမည့် မြန်မာ့သစ်တောကြီးများ အဖြစ် ဝင့်ကြွားထည်ဝါ ဂုဏ်ယူနိုင်မည်ဖြစ်ပါသည်။ ထို့အတူ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက် ရာရောက်သကဲ့သို့ စားနပ်ရိက္ခာဖြည့်ဆည်းမှုအတွက် အထောက်အပံ့လည်းဖြစ်ပါသည်။

နိုင်ငံခြားပဲမျိုးများ စိုက်ပျိုးခြင်းဖြစ်

စိုက်ပျိုးရေးနည်းပညာသစ်ဖြင့် ဒေသခံလူထု စီးပွားရေး အဆင်ပြေလာစေရန် သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်းမှ ညောင်ဦးမြို့တွင် ဆောင်ရွက်လျက်ရှိရာ Agro-silvo-pastrol-design ဟုခေါ်သော သုံးဆင့် စိုက်ပျိုးမှုစနစ်မှာ မြေနေရာတစ်ခုတည်းပေါ်တွင် အပင် ကြီးများကို ၁၀ မီတာခြားစိုက်ပြီး အပင်လတ်များကို ၅ မီတာခွာစိုက်ကာ မြေပြင်နှင့်ကပ်လျက်အခြေတွင် နွားစာအဖြစ် အသုံးပြုနိုင်သော နိုင်ငံခြားပဲမျိုးများ စိုက်ပျိုးခြင်းဖြစ်သည်။

စီမံကိန်းကို ဂျာမန်သံရုံးမှ လှူဒါန်းထားသော ဒေါ်လာ ၇၄၅၀ ဖြင့် လုပ်ကိုင်ခြင်းဖြစ်ပြီး ၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် မြေရှင်း၍ ဒီဇင်ဘာလတွင် ပျိုးစင်ဆောက် ကျင်းတူးခဲ့သည်။ ၂၀၁၆ နှစ်ဆန်းတွင် စတင် စိုက်ပျိုးမည်ဖြစ်ပြီး ဤစီမံကိန်းအောင်မြင်ပါက နွားစား မြက် ရှားပါးမှုပြေလည်ပြီး ရေရှားပါးသောအရပ်တွင် ရေ တစ်ပင်လောင်းလျှင် အပင်ကြီး၊ အပင်လတ်၊ မြက်သုံးမျိုး ဖြစ်ထွန်းနိုင်မည်ဖြစ်၍ အဆင်ပြေသော စီမံကိန်း ဖြစ်ပေသည်။

မြန်မာ့သစ်တောကြီးများသည် နိုင်ငံတော်၏ဝင်ငွေကို အထူးပံ့ပိုးပေးလျက်ရှိသည်။ တောင်သူလယ်သမား များအနေဖြင့် သီးထပ်သီးညှပ်သီးနှံများ တိုးချဲ့စိုက်ပျိုး နိုင်ခြင်း၊ မြေလွတ်မြေရိုင်းများ၊ ရေကြီးကွင်း၊ ရေနက် ကွင်းများကို လယ်မြေများအဖြစ် ဖော်ထုတ်လာနိုင်ခြင်း၊ သီးနှံမျိုးကောင်းမျိုးသန့်များနှင့် ခေတ်မီစိုက်ပျိုးရေး နည်းပညာများ အသုံးပြုနိုင်ခြင်းကြောင့် သီးနှံစိုက် စွမ်းအားတိုးတက်ခြင်း၊ အထွက်နှုန်းမြင့်မားခြင်း စသော အကျိုးရလဒ်ကောင်းများကို ရရှိခံစားနေကြရပြီဖြစ်သည်။

မြန်မာ့ဆေးဖက်ဝင်သစ်ခွပင်များမှာလည်း နိုင်ငံ တကာဈေးကွက်တွင် ထိုးဖောက်ဝင်ရောက်လျက်ရှိ သည်ကို တွေ့ရသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ သစ်ခွခြောက်များကို နှစ်စဉ်တန်ချိန် လေးသောင်းကျော် ဝယ်ယူလျက်ရှိသည်။ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဆေးဖက်ဝင်သစ်ခွမျိုးများကို မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအစီအစဉ်ဖြင့် ပြုစုစိုက်ပျိုး ထုတ်လုပ်လျက်ရှိသည်။

သစ်တောရေးရာဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း အနေဖြင့် ၂၀၀၄-၂၀၀၅ ဘဏ္ဍာနှစ်အတွင်း ကျွန်းသစ် တန်ချိန် သုံးသိန်းကျော်အပါအဝင် ကျွန်းသစ်နှင့် သစ်မာ မျိုးစုံ တန်ချိန် ၁၄ သိန်းကျော် ထုတ်လုပ်နိုင်ခဲ့ပြီး နိုင်ငံခြား သို့ တင်ပို့ခဲ့ရာ အမေရိကန်ဒေါ်လာ ၃၀၅ သန်းကျော် ရရှိခဲ့သည်။ မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ကျွန်းသစ်နှင့် သစ်မာမျိုးစုံကို နှစ်စဉ်ပြည်တွင်း၊ ပြည်ပသို့ ရောင်းချခဲ့ရာ “နိုင်ငံခြားငွေ၊ ရှာဖွေကြိုးပမ်း၊ သစ်လုပ်ငန်း” ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်ပဝင်ငွေ ရှာဖွေပေးနိုင်သောကြောင့် သစ်တောကြီးများ၏ ကျေးဇူးမှာကြီးမားလှပါသည်။

ထို့ကြောင့် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ကို ကြိုဆို ထောက်ခံလျက် မြန်မာ့သစ်ပင် သစ်တောကြီးများ စိမ်းလန်းစိုပြည်သာယာလှပစေရန် ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းလက်တွဲ၍ တစ်စေ့မှတစ်ပင်၊ တစ်ပင်မှတစ်စု၊ တစ်စုမှတစ်တော၊ တစ်တောမှ တစ်ရွာ၊ တစ်ရွာမှ တစ်ကမ္ဘာပြုစုပျိုးထောင်သွားကြပါစို့ဟူ၍ တပ်လှန့် နှိုးဆော်လိုက်ရပါသည်။ ။

မောင်လွမ်းရည် (ရွှေတောင်)