ကွမ်းယာ ဘယ်လိုဖြတ်ကြမလဲ

၂၄  ဇန်နဝါရီ

ကွမ်းယာစားသုံးမှုကို မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုဓလေ့ ထုံးစံတစ်ရပ်အနေဖြင့် နှစ်ပေါင်းများစွာကပင် စားသုံး လာကြပါသည်။ ဆေးရွက်ကြီးတွင်ပါဝင်သော နီကိုတင်း သည် စားသုံးသူကို အလွန်စွဲလမ်းစေပါသည်။ နှလုံး သွေးကြောရောဂါဖြစ်ပွားမှုကို ပို၍ဆိုးရွားစေပါသည်။ ဆေးရွက်ကြီးတွင်ပါဝင်သော ကင်ဆာဖြစ်စေသော poduga: (Tobacco-specific Nitrosamines)သည် ပါးစပ်၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာပြွန်ကင်ဆာ၊ မုံချိုအိတ်ကင်ဆာ စသည်တို့ကို ဖြစ်စေပါသည်။ ကွမ်းယာမစားသူများနှင့် နှိုင်းယှဉ်လျှင် ခံတွင်းကင်ဆာဖြစ်နိုင်သော အခွင့်အလမ်းမှာ ဆေးရွက်ကြီးပါသော ကွမ်းယာစားသုံးပါက ၂၉ ဆ၊ ဆေးရွက်ကြီး မပါဘဲ ကွမ်းသီးနှင့် ကွမ်းယာစားသုံးပါက ခြောက်ဆ ပို၍များကြောင်း တွေ့ရှိရပါသည်။ အချို့မှာ အန္တရာယ် အလွန်ကြီးကြောင်းသိရှိသော်လည်း စွဲလမ်းမှုကြောင့် မဖြတ်နိုင်ဘဲဆက်လက်စားသုံးလျက်ရှိပါသည်။ ကွမ်းယာ စားသုံးမှုကို အောက်ဖော်ပြပါနည်းဖြင့် ဖြတ်တောက်နိုင်ပါသည်။

၁။ကွမ်းယာ ဖြတ်ရန် ရက်သတ်မှတ်ပါ။

ကွမ်းယာဖြတ်မည်ဆိုပါက ဖြတ်ရန်ဆုံးဖြတ်ချက် ချပြီးသည်နှင့် ဖြတ်မည့်နေ့ရက်ကို သတ်မှတ်ရပါမည်။ ကွမ်းယာဖြတ်ရန် အကောင်းဆုံးသော အချိန်ဟူ၍ မရှိပါ။ သို့သော် မိမိအတွက် မိမိလုပ်ငန်းကိစ္စ၊ အိမ်မှုကိစ္စ၊ လူမှုရေးကိစ္စ စသည်တို့နှင့်ပတ်သက်၍ အလုပ်မများသည့်အချိန်သည် အသင့်လျော်ဆုံးဖြစ်ပါသည်။ ရှေ့လာမည့် နှစ်ပတ်ခန့်အလို ရက်တစ်ရက်ကို သတ်မှတ်ပါက အကောင်းဆုံးဖြစ်ပါမည်။ အလွန်အလှမ်းဝေးသော ရက်ကို မသတ်မှတ်သင့်ပါ။ သတ်မှတ်ပြီးပါက သတ်မှတ်ရက်ကို မိမိ၏ မှတ်တမ်းစာအုပ်၊ ပြက္ခဒိန် စသည်တို့၌ ရက်ကို “ချ၍” ရေးမှတ်လိုက်ပါ။

၂။ သတ်မှတ်ရက်မတိုင်မီကွမ်းယာစားသုံးမှု လျှော့ချပါ။

အချို့စိတ်ခိုင်မာသူများသည် ကွမ်းယာစားသုံးမှုကို ရုတ်တရက် ဖြတ်တောက်နိုင်ပါသည်။ သို့သော် အချို့ လူများအတွက်မှာမူ တဖြည်းဖြည်းလျှော့၍ စားသောက်ခြင်းဖြင့် ဖြတ်တောက်မှုကို ပို၍လွယ်ကူစေပါသည်။ ဖြတ်ရန် သတ်မှတ်ထားသည့်ရက်မတိုင်မီ စားသုံးမှုကို ထက်ဝက်လျှော့ချပါ။ မည်သည့် အချိန်၊ မည်သည့်နေရာ များတွင် အများဆုံး စားလေ့ရှိသည်ကို စဉ်းစားပါ။ မည်သည့် အခြေအနေ၊ မည်သည့်အကြောင်းအရာများက ကွမ်းယာစားရန် လှုံ့ဆော်ပေးလေ့ရှိသည်ကို တွေးတောပါ။ ထမင်းစားပြီး ကွမ်းယာစားခြင်း၊ အပြင်ထွက်လျှင်စားခြင်း၊ ကားစီးလျှင်စားခြင်း၊ လုပ်ငန်းခွင်တွင်စားခြင်း၊ စသည်ဖြင့် မိမိစားလေ့ရှိသော အချိန်၊ နေရာများတွင် ကွမ်းယာသယ်ဆောင်မသွားဘဲ အခြားအစားထိုး စားဖွယ်ပစ္စည်းများ၊ ဥပမာ သကြားမပါသော ချိုချဉ်၊ ပီကေ၊ နေကြာစေ့လှော်စသည်တို့ကို အစားထိုးယူဆောင်ပြီး “ဝါး” နေပါ။ ကွမ်းယာစားသုံးမှုကို အချို့ အချိန်တွင်သာ စားသုံးရန် သတ်သတ်မှတ်မှတ် အချိန်သတ်မှတ်ပါ။ အတိုင်း အတာတစ်ခုအထိ ထိန်းချုပ်နိုင်ပါလိမ့်မည်။ မိတ်ဆွေအပေါင်း အသင်းများကိုလည်း ကွမ်းယာဖြတ်ရန် ကြိုးစားနေကြောင်း ပြောထားပါ။ သင်၏ကြိုးပမ်းမှုကို အားပေးအထောက်အကူ ပြုပါလိမ့်မည်။ သင်ကွမ်းယာဖြတ်ရန် ကြိုးစားနေချိန်တွင် ကွမ်းယာစားသော မိတ်ဆွေအပေါင်းအသင်းများကို ခေတ္တရှောင်ရှားပါက ပို၍ကောင်းပါသည်။ ကွမ်းယာတွင် ဆေးရွက်ကြီးကို ယခင်စားနေကျပမာဏထက် လျှော့ထည့်ပါ။ သို့မဟုတ် ကွမ်းယာအရေအတွက်ကို လျှော့စားပါ။ ဆေးရွက်ကြီးပါသည့် စီးကရက်၊ ဆေးပေါ့လိပ် စသည်တို့ကို အစားထိုးပြောင်းလဲမသုံးစွဲမိရန် အရေးကြီးပါသည်။ မိမိကွမ်းယာဖြတ်လိုက်ပါက စိတ်တိုခြင်း၊ ဒေါသဖြစ်ခြင်းတို့ ဖြစ်လာနိုင်ကြောင်းကို မိသားစုဝင်များ၊ မိတ်ဆွေများကို ကြိုတင်အသိပေးပြီး မိမိကိုသည်းခံ ခွင့်လွှတ်ရန်၊ နားလည်ပေးရန်ပြောကြားထားပါ။

၃။ ကွမ်းယာဖြတ်ရန် သတ်မှတ်ရက်ရောက်ရှိခြင်း

သတ်မှတ်ရက်ရောက်ရှိပါက ကွမ်းယာစားသုံးမှုကို ဖြတ်လိုက်ပါ။ ကွမ်းယာစားသုံးလိုစိတ်ဖြစ်စေသော အခြေအနေများကို ရှောင်ရှားပါ။ ကွမ်းယာစားလိုစိတ်ဖြစ်စေသော နေ့စဉ်လုပ်ဆောင်ချက်များကို ပြောင်းလဲပါ။ ဥပမာ နံနက်စာစားပြီး ကွမ်းယာစားတတ်လျှင် ပုံမှန်နံနက်စာ စားသည့်နေရာတွင် မစားပါနှင့်၊ နေရာပြောင်းပါ၊ အစာစားပြီး ချက်ချင်းစားပွဲမှ ထပါ၊ သွားတိုက်ပါ၊ မိမိကိုယ် မိမိလုပ်ငန်းတစ်ခုခုတွင် မြှုပ်နှံ၍ အချိန်ကုန်အောင် လုပ်ဆောင်နေပါ။ နံနက်တိုင်းလမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ အေရိုးဗစ်ကစားခြင်း ပြုလုပ်နိုင်ပါသည်။ “ဝါး” ၍ စားရသည့် အစားထိုးအစားအစာများစားပါ။ (ဥပမာ နေကြာစေ့၊ ပီကေ မြေပဲလှော်) ကွမ်းယာစားလိုစိတ် ဖြစ်ပေါ်လာတိုင်း ၎င်းအစားထိုးအစာများစားနိုင်ရန် မိမိနှင့် တစ်ပါတည်း သယ်ဆောင်သွားပါ။

၄။ ပထမအပတ်

ဆေးရွက်ကြီးဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဝေဒနာများကို ကျော်လွှားရပါမည်။ ကွမ်းယာစားလိုစိတ် ပြင်းပြလာပါက အသက်ပြင်းပြင်းရှူခြင်း၊ လေ့ကျင့်ခန်း တစ်ခုခုပြုလုပ်ခြင်းတို့က စားလိုစိတ်ကို ဖယ်ထုတ်ပေးနိုင်ပါသည်။ စိတ်တိုခြင်း၊ စိတ်မရှည်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းတို့ ခံစားလာရပါက အပြင်သို့လမ်းလျှောက်ထွက်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း စသည်တို့ ဆောင်ရွက်ပါ။ မိမိအပေါ် စိတ်ရှည်ရန် ပတ်ဝန်းကျင်ရှိလူများကို လိုအပ်ပါက ထပ်မံပန်ကြားပါ။ ဝမ်းချုပ်ခြင်း၊ ဝမ်းမမှန်ခြင်းဖြစ်ပါက အမျှင်များသော အစားအစာများ၊ လတ်ဆတ်သော အသီးအရွက်များ များများစားပါ။ နီကိုတင်းသည် ခန္ဓာကိုယ်အတွင်း ဖြစ်စဉ်များကို မြန်ဆန်စေပါသည်။ နီကိုတင်းပါသော ကွမ်းယာ၊ ဆေးရွက်ကြီး ဖြတ်လိုက်ခြင်းဖြင့် ဆာလောင်ခြင်း၊ ကိုယ်အလေးချိန်အနည်းငယ် တိုးလာခြင်းတို့ကို ဖြစ်စေတတ်ပါသည်။ မျှတသော အစားအစာများ စားပါ။ အဆီပါသောအစားအစာများ ရှောင်ပါ။

ကယ်လိုရီဓာတ်နည်းသော အစားအစာရွေးချယ်ပါ။ လတ်ဆတ်သော အသီးအရွက်စားပါ။ နေ့စဉ် ရေခြောက်ခွက်မှ ရှစ်ခွက်အထိ သောက်ပါ။ နေ့စဉ် မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတို့ ဆောင်ရွက်ပါ။ နီကိုတင်းဖြတ်လိုက်၍ ဖြစ်လာသော ဝေဒနာများမှာ ကြာရှည်စွာတည်ရှိမနေပါ။ ဖြတ်ပြီး ပထမအပတ်တွင်သာ အပြင်းထန်ဆုံးဖြစ်ပါမည်။ နှစ်ပတ်အလွန်တွင် အဆိုးဆုံးအပိုင်း ပြီးဆုံးသွားပါလိမ့် မည်။ စိတ်ရှည်ရန်လိုပါသည်။

၅။ ဒုတိယအပတ်

ကွမ်းယာ(ဆေးရွက်ကြီး) စားလိုစိတ်၊ တမ်းတစိတ် ဆက်လက်ရှိနေနိုင်ပါသည်။ အများဆုံးစားခဲ့သည့် နေရာများတွင် ရောက်ရှိနေသည့်အခါ စားလိုစိတ် အပြင်း ထန်ဆုံးဖြစ်ပါမည်။ ၎င်းနေရာများတွင် မစားမိအောင် သည်းခံ၍ အချိန်ကြာကြာချုပ်တည်းထားနိုင်ပါက စားလိုစိတ်လျော့ပါးသွားပါမည်။ အရက်သောက်ခြင်းကို ရှောင်ရှားရပါမည်။ အရက်သောက်ခြင်းဖြင့် မိမိ၏ ကွမ်းယာဖြတ်သည့် အစီအစဉ်များ ပျက်သွားနိုင်ပါသည်။

စားလိုစိတ်ဖြစ်ပေါ်စေသော နေရာများ၊ အကြောင်းအရာများနှင့် စားလိုစိတ်ဖြစ်လာပါက အစားထိုးဆောင်ရွက်မည့် လုပ်ငန်းများကို ကြိုတင်စဉ်းစားရေးသားထားရပါမည်။ လွယ်ကူသော အစားထိုးလုပ်ငန်းများမှာ ပီကေစားခြင်း ၊ အစေ့အဆန်စားခြင်း၊ အပြင်သို့ လမ်းလျှောက်ထွက်ခြင်း၊ မိမိမည်မျှဖြတ်သန်းပြီးဖြစ်သည်ကို ဆင်ခြင်စဉ်းစားခြင်းတို့သည် ကောင်းမွန်သောအစားထိုး လုပ်ဆောင်ချက်များ ဖြစ်ပါသည်။

ဒုတိယအပတ်တွင် နီကိုတင်းဖြတ်ခြင်းကြောင့် ဖြစ်သောဝေဒနာများ သက်သာလာပါမည်။ အဆိုးဆုံး ပထမ အပတ်ကိုလည်း ကျော်လွှားခဲ့ပြီးဖြစ်သည်။ ဆုံးဖြတ်ထားသည့်အတိုင်း ခိုင်မာစွာ ဆက်လက်သွားနိုင်ရန် အရေးကြီးပါသည်။

၆။ တတိယအပတ်

ကွမ်းယာ(ဆေးရွက်ကြီး) စွဲလမ်းခြင်းကို အောင်မြင်စွာဖြတ်တောက်နိုင်ပြီ ဖြစ်သည်။ တစ်ကြိမ်တစ်ခါမျှပင် ကွမ်းယာကို ထပ်မံမစားမိစေရန် ကြိုးစားပါ။ ထပ်မံစားမိပါက ပြန်လည်စွဲလမ်းသွားပြီး ပုံမှန်စားသုံးသူ ဖြစ်သွား နိုင်ပါသည်။ ကွမ်းယာ(ဆေးရွက်ကြီး) စားသုံးမှုသည် ဖြတ်ရန်အလွန်ခက်ခဲပါသည်။ အများစုမှာ တစ်ကြိမ် တည်းနှင့်မဖြတ်နိုင်ပါ။ တစ်ကြိမ်ပြန်လည်စားသုံးမိခြင်းသည် ကျရှုံးခြင်းမဟုတ်ပါ။ နောက်တစ်ကြိမ်ထပ်မံ ကြိုးစားခြင်းဖြင့် အမြဲတမ်းဖြတ်နိုင်သည့် အဆင့်သို့ ရောက်ရှိနိုင်ပါသည်။ ။

ဒေါက်တာ သိန်းထွန်း (ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း)