ကန့်ဘလူမြို့ တပင်ရွှေထီးလမ်းမကြီး၌ လမ်းလယ်မီးတိုင် ၆၀ စိုက်ထူလျက်ရှိ

ကန့်ဘလူ  ၃၀  အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ တပင်ရွှေထီးလမ်းမကြီးတစ်လျှောက် ယုဇနလမ်းဆုံမှမြို့အဝင် ဆိုင်းဘုတ် (ခရိုင်စုပေါင်းရုံးရှေ့) အထိ ညပိုင်းကာလများ၌ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ မြို့သာယာရေး၊ မြို့အင်္ဂါရပ်နှင့် ညီညွတ်ရေး၊ မြို့တွင်း လုံခြုံရေး အထောက်အကူ ရရှိစေရေး ရည်ရွယ်၍ လမ်းလယ်မီးတိုင် (Double Arm C/W ×2 ×120 W LED) ၆၀ ကို တိုးချဲ့တပ်ဆင် စိုက်ထူနေကြောင်း သိရသည်။

 

 “လမ်းမီးတိုင်တွေ အခုစတင်တပ်ဆင် စိုက်ထူနေပါပြီ။ အရင်ကလည်း လမ်းလယ် မီးတိုင်များ တစ်ကြိမ် တပ်ဆင်ခဲ့ရာမှာ ဘူတာကနေ ယုဇနလမ်းအထိ ဆောင်ရွက်ခဲ့ပါတယ်။ အခုက နောက်ထပ်တိုက်ပေါင်း ၆၀ စိုက်ထူနေတာ ဖြစ်ပါတယ်။ ဒီလမ်းက အသွားအလာအများဆုံးဖြစ်တဲ့ လမ်းလည်းဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနဲ့ ပူးပေါင်းညှိနှိုင်းပြီး ကုန်ကျငွေကို တိုင်းဒေသကြီး အစိုးရမှ တစ်ဝက်ထောက်ပံ့၍ ပြည်သူများက တစ်ဝက်ထည့်ဝင် လှူဒါန်းမှုဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါတယ် ” ဟု မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်က ပြောသည်။

 

အဆိုပါ လမ်းပေါ်တွင် လမ်းလယ်မီးတိုင် စိုက်ထူရန်၊ လမ်းမီးထွန်းညှိ ဆောင်ရွက်ရန် Grace Light ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက် ရှိသည်။ ယခုတပ်ဆင် အသုံးပြုသည့် လမ်းမီးတိုင်နှင့် လမ်းမီးများတွင် တိုင်တစ်တိုင်လျှင်  ငွေကျပ် ၁၆၅၀၀၀၀ ဝန်းကျင်ရှိကြောင်းနှင့် စုစုပေါင်း ငွေကျပ် ၉၉ ၀၀၀ ၀၀၀ ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)