ကန့်ဘလူမြို့၌ မူးယစ်ဆေးဖြတ်သူများ အထောက်အကူပြုရန် မက်သဒုံးဆေးခန်း ဖွင့်လှစ်

ကန့်ဘလူ၊ ၄  ဒီဇင်ဘာ    
             
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင်၊ မူးယစ်ဆေးဖြတ်သူများအား အထောက်အကူပြုရန်နှင့် မူးယစ်ဆေးသုံးစွဲမှု လျှော့ချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် မက်သဒုံးဆေးရည် အစားထိုး တိုက်ကျွေးရေးဌာန ဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၄ ရက် နံနက် ၁၁ နာရီခန့်က ကျင်းပသည်။

အခမ်းအနားတွင်  ကန့်ဘလူမြို့ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးက အဖွင့်အမှာစကား ပြောကြားသည်။ စာရင်းများအရ မြန်မာနိုင်ငံတွင်  မူးယစ်ဆေးထိုးသွင်းသူ ၂၄၀၀၀ ကျော်အား မက်သဒုံး တိုက်ကျွေးမှုဌာန (MMT Centre) ၈၀ ကျော်တွင် မက်သဒုံးဆေး တိုက်ကျွေးလျက်ရှိကြောင်း၊ မူးယစ်ဆေးဖြတ်သည့်အခါမှာ ခံစားရသည့် လက္ခဏာများကို သက်သာစေရန်နှင့် မူးယစ်ဆေး အကြောထဲထိုးသွင်းရာကတစ်ဆင့် ကူးစက်နိုင်သည့် ခုခံအားကျ HIV ပိုးကူးစက်မှုကို တတ်နိုင်သမျှ လျှော့ချနိုင်ရန် မက်သဒုံးဆေးကို တိုက်ကျွေးခြင်းဖြစ်ကြောင်း ကန့်ဘလူမြို့ ခုတင် ၁၀၀ ဆေးရုံ ART Medical Officer ဒေါက်တာအောင်ကျော်ခန့်ထံမှ  သိရသည်။

ဆေးခန်းဖွင့်ပွဲသို့ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုး၊ ART Medical Officer ဒေါက်တာအောင်ကျော်ခန့်၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး ဖွင့်ပွဲတက်ရောက်လာသူများက မက်သဒုံးဆေးဝါးအကြောင်းနှင့် ဆေးစွဲမှုအခြေအနေများ၊ ဆောင်ရွက်မည့် အစီအစဉ်များကို မေးမြန်းဆွေနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ခုတင် ၁၀၀ ဆေးရုံ မူးယစ်ဆေးစွဲရောဂါကုဌာန၊ ပြင်ပလူနာဌာနတွင် နေ့စဉ် နံနက် ၈ နာရီမှ ၁၂ နာရီ အထိ မက်သဒုံးဆေးများ တိုက်ကျွေးပေးလျက်ရှိသည်။ 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)