ကင်ညာ၌ ကျန်းမာရေးဝန်ထမ်း ၉၄၅ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ၁၆ ဦးသေဆုံး

နိုင်ရိုဘီ ၁၈ စက်တင်ဘာ

ကင်ညာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ချိန် ယခုနှစ် မတ်လလယ်ပိုင်းမှစ၍ ဆေးဘက်ဝန်ထမ်း ၉၄၅ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ၎င်းတို့အနက် ၁၆ ဦးသည် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးခဲ့ကြောင်း ကင်ညာ ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။

ကျန်းမာရေးဝန်ထမ်းများသည် တာဝန်ထမ်းဆောင်စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်ဖွယ်အန္တရာယ် ပိုမိုများပြား လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အုပ်ချုပ်ရေးဆိုင်ရာ အတွင်းရေးမှူးချုပ် မာရ်စီမွန်ဂန်ဂီက ပြောကြားသည်။

ကျန်းမာရေးဝန်ထမ်းများသည် နိုင်ငံအတွင်း ဆက်လက် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေးနှင့်ပတ်သက်သည့် စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်နေရကြောင်း မွန်ဂန်ဂီက မြို့တော်နိုင်ရိုဘီ၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားသည်။ အဆိုပါ စိန်ခေါ်မှု များတွင် ရောဂါကူးစက်မှု၊ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ ရောဂါနှင့် စိတ်ထိခိုက်မှု၊ ဖျားနာမှုနှင့် အသက်သေဆုံးမှုများ ပါဝင်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ကင်ညာအစိုးရသည် လူ့အသက်အား ဆိုးကျိုး သက်ရောက်စေသည့် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး နယ်ပယ်၌ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများအပေါ် အသိအမှတ်ပြုကြောင်း၊ မိမိတို့၏ ရှေ့တန်းစစ်သည်တော်များဖြစ်သည့် ကျန်းမာရေး ဝန်ထမ်းများ၏ တန်ဖိုးမဖြတ်နိုင်သော ကူညီထောက်ပံ့မှု များမရှိဘဲ ယင်း ဗိုင်းရပ်စ်ပိုး၏ ပြဿနာကြီးကို ကိုင်တွယ် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း မွန်ဂန်ဂီက သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် လူနာများအား ပြုစုစောင့်ရှောက်မှုပေးနေစဉ် ကိုဗစ်-၁၉ ရောဂါအပြင် အသည်းရောင်ရောဂါ၊ တီဘီရောဂါ နှင့် အိပ်ခ်ျအိုင်ဗွီနှင့် အေအိုင်ဒီအက်စ်ရောဂါများပါ ကူးစက် ခံခဲ့ရကြောင်း ၎င်းက ပြောကြားသည်။ သို့သော် ကင်ညာ အစိုးရသည် ကျန်းမာရေးဝန်ထမ်းများအပေါ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ထမ်း များအား ရောဂါကာကွယ်ရေးကိရိယာများ ထောက်ပံ့ပေးမှု ကို ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကင်ညာကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရန် ရှေ့တန်းမျက်နှာစာ၌ တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်များနှင့် ဆေးဘက် ဝန်ထမ်းများ၏ အသက်လုံခြုံမှု မြှင့်တင်ရေးအတွက် ပြည့်ဝ စုံလင်သော မူဝါဒတစ်ခုကို တည်ဆောက်ထားကြောင်း သိရသည်။

 

ကင်ညာနိုင်ငံ၌ တစ်ရက်အတွင်း လူဦးရေ ၄၁၈၈ ဦး၏ နမူနာကို ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စမ်းသပ်စစ်ဆေးခဲ့ရာ ၎င်းတို့အနက် ၁၈၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၆၅၇၆ ဦးရှိလာကြောင်း သိရသည်။ ထို့အပြင် ကင်ညာ နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် ၆၄၂ ဦးသည် အဆိုပါရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရ သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ