ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယားနိုင်ငံတကာ ကျန်းမာရေးဖောင်ဒေးရှင်း (KOFIH) က ကိုဗစ်-၁၉ ရောဂါ ကုသရေးတွင် အသုံးပြုရန် Protable X-ray စက်ငါးလုံး လှူဒါန်း

ရန်ကုန် ၂၀ စက်တင်ဘာ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ပြန့်ပွားမှု ယခုနှစ် ဩဂုတ်လမှစ၍ ရုတ်တရက် တိုးပွားလာခဲ့ရာ ကိုဗစ်-၁၉ ရောဂါကုသရေးတွင် အသုံးပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယားနိုင်ငံတကာ ကျန်းမာရေးဖောင်ဒေးရှင်း (KOFIH) က အမေရိကန်ဒေါ်လာ ၁၇၅၀၀၀ တန်ဖိုးရှိ Protable X-ray စက်ငါးလုံးကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံတကာ ကျန်းမာရေးဖောင်ဒေးရှင်း (KOFIH) က လှူဒါန်းသည့် Protable X-ray စက်များအနက် တစ်လုံးကို ရခိုင်ပြည်နယ် ကျောက်ဖြူဆေးရုံသို့ ပို့ဆောင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကာ ကျန် Protable X-ray စက်များကို ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (ဖောင်ကြီး) နှင့် မန္တလေးကန်တော်နဒီဆေးရုံသို့ ဆက်လက်ပို့ဆောင်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများအနက် ၇၀ ရာခိုင်နှုန်းခန့်မှာ  ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရမှု ဖြစ်ပွားနေသည့်အတွက် ရောဂါလက္ခဏာကိုလိုက်၍ ကူးစက်ခံရခြင်း ရှိ/မရှိ ကောက်ချက်ချရန် ခက်ခဲပြီး ဓာတ်ခွဲအတည်ပြု လူနာနှင့် ထိတွေ့မှုရှိခဲ့သော်လည်း ရောဂါလက္ခဏာမပြသည့်အခါ အဆိုပါ Protable X-ray စက်ဖြင့် ရင်ဘတ်ကို ဓာတ်မှန်ရိုက်ကြည့်ခြင်းမှတစ်ဆင့် အဆုတ်တွင် ထူးခြားမှုရှိ/မရှိကို ကောက်ချက်ချကာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးခြင်းကို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ  သိရသည်။

၂၀၂၀ ပြည့်နှစ် မတ်လက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထွက်ပေါ်လာပြီးနောက် ကိုရီးယားသမ္မတနိုင်ငံသည် အစိုးရ၊ ဌာနဆိုင်ရာ၊ ကုမ္ပဏီ၊ NGO အဖွဲ့အစည်း၊ ကိုရီးယားအသိုက်အဝန်းတို့မှ Team Korea ကိုဖွဲ့ကာ Test kit များ၊ တစ်ကိုယ်ရည်သုံး ကာကွယ်ရေးပစ္စည်းများ စသည်တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ဆက်တိုက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ သိရသည်။

သတင်းနှင့်ဓာတ်ပုံ- မင်းသစ်(MNA)