ကျွန်တော်နဲ့ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနဲ့ ကိုဗစ်- ၁၉

၆  ဇူလိုင်

ကျွန်တော့်အနေနဲ့ (B2B) စီးပွားရေး မဂ္ဂဇင်းနဲ့ပတ်သက်ခဲ့တာ ခုနစ်နှစ်ကျော်ခဲ့ပါပြီ။ ဦးတင်ဇံကျော်နဲ့ သူ့ရဲ့သား ဒေါက်တာထက်ဇံလင်းတို့နဲ့ လက်တွဲပြီးဆောင်ရွက်ခဲ့တာဖြစ်တယ်။ မြန်မာပြည်မှာ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး မဂ္ဂဇင်းတစ်ခုရှိသင့်ကြောင်း လက်ခံသဘောတူခဲ့ကြတယ်။ မဂ္ဂဇင်းနဲ့ ပတ်သက်ပြီး ကျွန်တော်က အစိတ်အပိုင်းနှစ်ခုကို တာဝန်ယူခဲ့တယ်။ ပထမကတော့ (Cover Story) မျက်နှာဖုံးဆောင်းပါး။ ဒါကိုလုပ်နိုင်ဖို့ ကျွန်တော်တို့က စီးပွားရေးနယ်ပယ်မှာ ထူးချွန်နေတဲ့၊ အောင်မြင်နေတဲ့ သူတွေကို မေးမြန်းမှုတွေ လုပ်ပြီး တစ်ဖက်က တိုက်ရိုက်ထုတ်လွှင့်သလို တစ်ဖက်မှာလည်း မဂ္ဂဇင်းရဲ့မျက်နှာဖုံးဆောင်းပါးအဖြစ် ရေးသားဖော်ပြခဲ့တယ်။ အခုလိုဆောင်ရွက်မှုကို တစ်လတစ်ကြိမ်လုပ်နိုင်ခဲ့တယ်။ စီးပွားရေးနယ်ပယ်မှာ ထူးချွန်တဲ့သူတွေနဲ့ အခုလိုထိတွေ့ခွင့်ရတဲ့အတွက် ကျွန်တော်ပညာတွေ အများကြီးရခဲ့ပါတယ်။ သူတို့ရဲ့ကြိုးပမ်းဆောင် ရွက်မှုတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင် ကျော်လွှားခဲ့ပုံတွေဟာ လေးစားစရာ၊ အတုယူစရာ၊ သင်ခန်းစာရစရာတွေ ဖြစ်ပါတယ်။ ဘဝအတွေ့အကြုံတွေကို ဖော်ထုတ်နိုင်တာမို့ စာတွေ့နဲ့ထင်ဟပ်ပြီး သုံးသပ်နိုင်ခဲ့ပါတယ်။ အများစုဟာ လူလတ်ပိုင်းတွေဖြစ်တာမို့ အနာဂတ်အတွက် မျှော်လင့်ချက်တ ွေကောင်းမွန်နေတာကို တွေ့ရပါတယ်။

ဒုတိယပိုင်းကို စီးပွားရေးစကားဝိုင်းလို့ ခေါ်ဝေါ် သတ်မှတ်ခဲ့ပါတယ်။ စီးပွားရေးနယ်ပယ်မှာ ကဏ္ဍ အသီးသီးမှာပါဝင် လှုပ်ရှားနေတဲ့ပုဂ္ဂိုလ်တွေကို ခေါ်ယူ ကာ ကျွန်တော်က ဦးဆောင်ပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ပါ တယ်။ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဘဏ် လုပ်ငန်း၊ စက်မှုလုပ်ငန်းအစရှိတဲ့ ကဏ္ဍအသီးသီးမှာ လှုပ်ရှားနေကြတဲ့သူတွေရဲ့ အမြင်အတွေး အယူအဆတွေ ကို ဖလှယ်ခွင့်ရခဲ့ပါတယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ ရဲ့ စီးပွားရေးရုပ်ပုံလွှာကို ဖော်ထုတ်ခွင့်ရခဲ့ပါတယ်။

အခုလိုဆောင်ရွက်တဲ့အခါ B2B အနေနဲ့ အရှုံးခံပြီး လုပ်ကိုင်ခဲ့ရတယ်။ ကြော်ငြာရရှိမှုအပေါ် အခြေခံပြီး လှုပ်ရှားခဲ့ရတယ်။ အခုလိုဆောင်ရွက်ရာမှာ ပထမ အမျိုးအစားမှာတော့ သက်ဆိုင်ရာပုဂ္ဂိုလ်ရှိရာနေရာမှာ ကျွန်တော်ကိုယ်တိုင်သွားရောက်ပြီး ဆောင်ရွက်ခဲ့တယ်။ ရန်ကုန်မြို့မှာသာမက ပုဂ္ဂိုလ်တွေရှိတဲ့ မြို့တွေမှာ လည်း သွားရောက်မေးမြန်းခဲ့ပါတယ်။ ဒုတိယအမျိုးစား ကိုတော့ အစက B2B ရုံးခန်းမှာ ဆောင်ရွက်ခဲ့တယ်။ နောက်ပိုင်းမှာ ပရိသတ်တွေရဲ့ လိုအပ်ချက်နဲ့ခန်းမကြီး တွေ ငှားပြီးဆောင်ရွက်ခဲ့တယ်။ ခန်းမတွေ သုံးပြီး ဆောင်ရွက်ရာမှာ အဆင်ပြေတာတွေရှိသလို အခက်အခဲ တွေလည်း ရင်ဆိုင်ကြုံတွေ့ရတယ်။ တစ်ခါတစ်ရံ အခန်း ကျဉ်းမြောင်းတာမို့ ပရိသတ်တွေအတွက် အဆင်မပြေမှု တွေ ရှိခဲ့ပါတယ်။ အခန်းငှားခတွေကလည်း မြင့်မားတာမို့ အားထည့်ပြီး လုပ်ခဲ့ရတယ်။ အခုလိုဆောင်ရွက်ရာမှာ Sponsor လုပ်ပေးတဲ့ ကုမ္ပဏီတွေရဲ့ ကူညီပံ့ပိုးမှုဟာ အလွန်အရေးကြီးလှပါတယ်။ သူတို့တွေကြောင့် ဒီပွဲ တွေကို အဆက်မပြတ်လုပ်ဆောင်နိုင်ခဲ့တယ်။

ကိုဗစ်- ၁၉ မြန်မာပြည်ရောက်ရှိလာတဲ့ မတ်လ အကုန်မှာ ကျွန်တော်တို့ဆောင်ရွက်နေတဲ့ အစီအစဉ် တွေကို ရပ်နားခဲ့ရပါတယ်။ လူစုလူဝေးလုပ်တဲ့ အန္တရာယ်ဟာ ရောဂါပြန့်ပွားမှုအတွက် အထောက်အကူဖြစ်တာမို့ ယခင်ကလို ခန်းမထဲ ပရိသတ် ရာနဲ့ချီ လုပ်ဖို့ ခဲယဉ်းလာ ပါတယ်။ အိမ်မှာပဲနေရတာမို့ လူတွေ မေးမြန်းမှုတွေ လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။

ပိုပြီးထိထိရောက်ရောက် လုပ်နိုင်

အခုလို အခက်အခဲတွေကြားက နည်းပညာရဲ့ အကူအညီနဲ့ အခွင့်အရေးပေါ်လာခဲ့တယ်။ အရင်လို ရုံးခန်းမထဲမှာ တွေ့စရာ၊ ဆုံစရာမလိုတော့ဘဲ အင်တာနက်ကတစ်ဆင့် အရင်ကလုပ်ခဲ့တာတွေကို ဆောင်ရွက်နိုင်ခဲ့တယ်။ ပိုပြီးထိထိရောက်ရောက် လုပ်နိုင် တာတွေ့ရပါတယ်။ အရင်က ခန်းမထဲမှာ ပရိသတ် ၅၀၀ ကျော်ရင် ကျွန်တော်တို့အားလုံးက ဝမ်းသာကြတယ်။ ကျေနပ်အားရကြပါတယ်။ အခုတော့ အင်တာနက်က တစ်ဆင့် ပရိသတ်ထောင်ကျော်ကို အလွယ်တကူ ထိတွေ့ ခွင့်ရတယ်။ ထူးခြားမှုတစ်ရပ်ပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း တစ်ပတ်ကျော်လောက်က မျက်နှာဖုံး ဆောင်းပါးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရောက် နေတဲ့ ဦးအောင်ကျော်မိုးနဲ့ ဆက်သွယ်နိုင်ခဲ့တယ်။ သူ့ရဲ့ လုပ်ငန်းဟာ ထူးထူးခြားခြား အောင်မြင်နေတာတွေ့ရပါ တယ်။ ငွေပေးချေရေးလုပ်ငန်းကို အိုင်တီနည်းပညာသုံး ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လှုပ်ရှားဆောင်ရွက်နေ တာ တွေ့ရပါတယ်။ မြန်မာလူငယ်တစ်ဦးအနေနဲ့ အခုလို ထူးထူးခြားခြား ဆောင်ရွက်နေတာက အားရစရာ ဖြစ်သလို အားကျစရာ ဖြစ်ပါတယ်။ ပြည်တွင်းတွင်သာမက နိုင်ငံခြားဈေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်လျက်ရှိ ကြောင်း ကြားသိရပါတယ်။

စီးပွားရေးစကားဝိုင်းတစ်ခု

လွန်ခဲ့တဲ့ သုံးရက်လောက်ကတော့ စီးပွားရေးစကားဝိုင်းတစ်ခုပြုလုပ်ခဲ့တယ်။ ခေါင်းစဉ်ကတော့ “အသေးစား အလတ်စားလုပ်ငန်းများရဲ့ အနာဂတ်”ဖြစ်ပါတယ်။ ပါဝင် ဆွေးနွေးကြသူတွေက ညွှန်ကြားရေးမှူးချုပ် ဒေါ်အေး ‌အေးဝင်း။ သူက အသေးစား၊ အလတ်စားလုပ်ငန်း များဖွံ့ဖြိုးမှုကို နိုင်ငံတော်ကိုယ်စား ဦးဆောင်ဦးရွက်ပြုနေသူ ဖြစ်ပါတယ်။ ဦးအေးထွန်းကတော့ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ တာဝန် ယူလျက်ရှိသူဖြစ်ပြီး ဦးငွေထွန်းက တော့ ကော်ဖီလုပ်ငန်းကို စိုက်ပျိုးရေးလုပ်ငန်းကအစ နိုင်ငံခြားသို့တင်ပို့တဲ့ အဆင့် အထိ ဆောင်ရွက်နေသူဖြစ်တယ်။ ဒါကြောင့် နိုင်ငံရဲ့ လူ့အဖွဲ့အစည်းမှာ အရေးပါတဲ့ နိုင်ငံတော်၊ ပုဂ္ဂလိကနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း ကဏ္ဍသုံးခုစလုံးကို ကိုယ်စားပြုသူတွေ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးဆောက်အအုံမှာ အသေးစား၊ အလတ်စားလုပ်ငန်းတွေဟာ အလွန်အရေးပါလှ တဲ့ အနေအထားမှာရှိပါတယ်။ လုပ်ငန်းစုစုပေါင်းရဲ့ ၉၅ ရာခိုင်နှုန်းကျော်ဟာ အသေးစား အလတ်စားလုပ်ငန်း တွေ ဖြစ်ပါတယ်။ အထူးသဖြင့် အလုပ်အကိုင်အခွင့်အရေး တွေကို ဖန်တီးနိုင်စွမ်းရှိပါတယ်။

စကားဝိုင်းမှာ ကျွန်တော်က အပိုင်းသုံးပိုင်းခွဲပြီး ဆွေးနွေးဖို့ စီစဉ်ခဲ့ပါတယ်။ ပထမပိုင်းမှာလက်ရှိအသေးစား၊ အလတ်စားများရဲ့ အခြေအနေ၊ ဒုတိယပိုင်းမှာတော့ အသေးစား၊ အလတ်စားလုပ်ငန်းတွေအတွက် နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှုတွေအကြောင်းနဲ့ နောက်ဆုံးအပိုင်းမှာတော့ အနာဂတ်မျှော်မှန်းချက်တွေဖြစ်ပါတယ်။

ကိုဗစ်- ၁၉ ရဲ့ ရိုက်ခတ်မှုတွေ မတူကြောင်း

ကဏ္ဍသုံးခုကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်သုံးဦးဟာ ရှုထောင့်အသီးသီးမှ ပြည့်ပြည့်စုံစုံဖော်ပြထားတာ တွေ့ရ ပါတယ်။ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဒေါ်အေးအေးဝင်းဟာ နိုင်ငံတော်အစိုးရ ဆောင်ရွက်မှုတွေ၊ အစီအစဉ်တွေ၊ အစီအမံတွေကို ဖော်ထုတ်ပေးခဲ့ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွှမ်းခြုံသုံးသပ်ရာမှာ ကဏ္ဍ အသီးသီးမှာ ကိုဗစ်- ၁၉ ရဲ့ ရိုက်ခတ်မှုတွေ မတူကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ ချမှတ်ခဲ့တဲ့ မူဝါဒတွေပေးနေတဲ့ သင်တန်းတွေအကြောင်းကိုလည်း ဖော်ပြခဲ့တယ်။ လုပ်ငန်း တွေ ပြန်လည်ဖွင့်လှစ်တဲ့အခါ လိုက်နာရမယ့် ခပ်ခွာခွာ နေရတဲ့ အစီအစဉ်တွေအကြောင်း အသေးစား၊ အလတ်စားတွေအတွက် တိုးမြှင့်ပေးနေတဲ့ ချေးငွေတွေအကြောင်းကို လည်း ဖော်ထုတ်ခဲ့ပါတယ်။ အသေးစား၊ အလတ်စား လုပ်ငန်းတွေအနေနဲ့ ဒစ်ဂျစ်တယ် အင်တာနက် အသုံးပြုမှု ကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖော်ထုတ်ဖို့ စီစဉ်ဆောင်ရွက်မှုတွေကိုလည်း တင်ပြခဲ့ပါတယ်။

ပြည့်ပြည့်စုံစုံဖော်ထုတ်ခဲ့

ဦးအေးထွန်းဟာ စီးပွားရေးလုပ်ငန်းတွေကို ကိုယ်စားပြုဆွေးနွေးခဲ့ပါတယ်။ အသင်းချုပ်ရဲ့ အမြင် အယူအဆဟာ အလွန်အရေးကြီးလှပါတယ်။ ဦးငွေထွန်း အနေနဲ့က ကိုယ်ပိုင်လုပ်ငန်းကို ဦးစီးဦးဆောင် လုပ်နေသူဖြစ်တာမို့ ပကတိအခြေအနေတွေကို ထင်ဟပ် နိုင်စွမ်းရှိခဲ့ပါတယ်။ ရင်ဆိုင်နေရတဲ့အခက်အခဲတွေ၊ စိန်ခေါ်မှုကိုလည်း ပြည့်ပြည့်စုံစုံဖော်ထုတ်ခဲ့ပါတယ်။ စီးပွားရေးစကားဝိုင်းမှ ကျွန်တော်အတွက်အသိသစ်၊ အမြင်သစ်တွေ အများကြီးရခဲ့ပါတယ်။ စကားဝိုင်းကို ကျင်းပနေရင်း မျက်ကန်းခြောက်ဦးနဲ့ ဆင်တစ်ကောင် ကို သွားအမှတ်ရမိတယ်။ ကိုယ်နဲ့ပတ်သက်တဲ့ အပိုင်းက ပြည့်ပြည့်စုံစုံဆွေးနွေးနိုင်ခဲ့ပေမယ့် ရှုထောင့်သုံးမျိုးဟာ မတူညီတာတွေ့ရပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ စီးပွားရေးပြန်လည် ဖွံ့ဖြိုး နိုင်အောင် ဆောင်ရွက်ချက်တွေ ပြောခဲ့ပါတယ်။ စေတနာနဲ့ ဦးဆောင်ခဲ့တာတွေ ထင်ရှားလှပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အခြေအနေတွေကို သိဖို့အရေးကြီးကြောင်း သုံးသပ်မိ ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ စီးပွားရေးနိုးထစေဖို့ ချေးငွေတွေချပေးလျက်ရှိတယ်။ ဒါပေမယ့် ဒီချေးငွေ တွေရနိုင်အောင် လုပ်ငန်းရှင်တွေဘက်က ကြည့်တဲ့အခါ အခက်အခဲတွေ တွေ့နေရတယ်။ လိုအပ်ချက်တွေ၊ သတ်မှတ်ချက်တွေ ပြည့်မီအောင် မဖြစ်နိုင်တာတွေ့ရ တယ်။ စာရွက်စာတမ်း လိုအပ်မှုတွေဟာ များနေတာ တွေ့ရတယ်။

အမှန်တော့ နိုင်ငံတော်ရဲ့ အစီအမံတွေ ထိရောက် အောင်မြင်ဖို့ စကားဝိုင်းမှာ ပါဝင်သလို နိုင်ငံတော်၊ ပုဂ္ဂလိကနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း ကဏ္ဍသုံးခုက စုပေါင်းပြီး အဖြေထုတ်ဖို့ လိုအပ်ပါတယ်။ ညှိနှိုင်း ဆွေးနွေးမှုမှတစ်ဆင့် အားလုံးအတွက် အဆင်ပြေနိုင် မယ့် အဖြေတွေ ရှာဖွေထုတ်ဖော်ဖို့ လိုအပ်ပါတယ်။

ညှိနှိုင်းဆောင်ရွက်နိုင်မှုဟာ အခြေခံ စိန်ခေါ်မှု ဖြစ်နေကြောင်း သုံးသပ်မိပါတယ်။ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ရုံ မဟုတ်ဘဲ ကဏ္ဍတိုင်းမှာ လိုအပ်နေတာတွေ့ရတယ်။ ကိုဗစ်- ၁၉ ကပ်ရောဂါကြီးရဲ့ ရိုက်ခတ်မှုဟာ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ အပေါ်မှာ အပြင်းထန်ဆုံး ဖြစ်နေတာ တွေ့ရပါတယ်။ တစ်ကမ္ဘာလုံးမှာ အခုလိုပဲ ဖြစ်နေတာတွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကဏ္ဍဟာ ကျွန်တော်တို့ရဲ့ စီးပွားရေးအတွက် အခြေခံဖြစ်ပါတယ်။

အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း တွေဟာ နိုင်ငံအတွက် သော့ချက်ဖြစ်တာမို့ ဒီကဏ္ဍကို အထူးအာရုံစိုက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ လက်တွေ့ ဆောင်ရွက်နေကြသူတွေရဲ့ အသံကို နားထောင်ဖို့ လိုအပ်ပါတယ်။ ကြားဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်