ကရင်ပြည်သူ့ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် ၁၁ စက်တင်ဘာ 
ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ စောထွန်းအောင်မြင့်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
“အားလုံးမင်္ဂလာ ညနေခင်းပါခင်ဗျာ၊”
ကျွန်တော်ကတော့ ကရင်ပြည်သူ့ပါတီရဲ့ဥက္ကဋ္ဌ စောထွန်းအောင်မြင့် ဖြစ်ပါတယ်။ ကရင်အမည်ကတော့ စောဆာဒူဂေါဖြစ်ပါတယ်။ မိုးသောက် ကြယ်လို့ အဓိပ္ပာယ်ရပါတယ်။ ယခုလို ရုပ်မြင်သံကြားအစီအစဉ်မှာ ပြည်သူ လူထုအများရှေ့မှောက်စကားပြောခွင့်ရရှိတဲ့အတွက် စီစဉ်ပေးတဲ့ တာဝန်ရှိ သူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။
ပထမဦးစွာ ရှေးနှစ်များကလိုပဲ ကျွန်တော်တို့ပါတီ အမည်ဖြစ်တဲ့ ကရင် ပြည်သူ့ပါတီရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုရှင်းပြပေးလိုပါတယ်။ ကျွန်တော်တို့ရဲ့ ပါတီကို စတင်ထူထောင်ခြင်းရဲ့ကနဦး ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရဲ့ သွေးချင်း ကရင်လူမျိုးများအတွက် တရားဝင်နိုင်ငံရေးလမ်းကြောင်းပေါ် ရောက်ရှိနိုင်ရေးအတွက် အခင်းအကျင်းတစ်ရပ် တည်ဆောက်ဖို့ပဲ ဖြစ်ပါ တယ်။ ကရင်အမျိုးသားများက ဦးဆောင်ဖွဲ့စည်းခဲ့လို့ အမည်ကို ကရင်နဲ့ အစပြုထားသော်လည်း တစ်ရွာတည်းနေ တစ်ရေတည်းသောက်အစဉ်အဆက် အတူတကွ အေးအတူပူအမျှ နေထိုင်လာခဲ့ကြသော အခြားတိုင်းရင်းသား ပြည်သူအားလုံးကိုလည်း ပါဝင်စေလိုသောဆန္ဒဖြင့် ပြည်သူဟူသော အမည် ထည့်သွင်းလျက် ကရင်များက ကနဦးစတင်တည်ထောင်သည့် နယ်မြေ တစ်စုတည်းတွင် နေထိုင်သော တိုင်းရင်းသားပြည်သူများ၏ ပါတီအဖြစ် ရပ်တည်လုပ်ဆောင်လျက်ရှိပါသည်။ ကျဉ်းမြောင်းသော လူမျိုးရေးအမြင်ကို အခြေခံခြင်းမဟုတ်ကြောင်း ပြောကြားလိုပါတယ်။
ကရင်ပြည်သူ့ပါတီ၏မူဝါဒ
ကရင်ပြည်သူ့ပါတီသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် မြန်မာ နိုင်ငံနှင့်ကိုက်ညီသော ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် ပါဝင် ဆောင်ရွက်သွားရေးကို ပါတီ၏ နိုင်ငံရေးမူဝါဒအဖြစ် ချမှတ်သည်။
ကရင်ပြည်သူ့ပါတီ၏ ယုံကြည်ချက်နှင့်သဘောထား
l မြန်မာနိုင်ငံသည် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက် ကျင့်သုံးနိုင်မှသာလျှင် မတူကွဲပြားနေသော တိုင်းရင်းသားလူမျိုး များအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုများ ရရှိလာပြီး တိုင်းပြည်အေးချမ်းသာယာမှုကို ရှေးရှုနိုင်မည်ဟု ယုံကြည်သည်။
l ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည် ဆောက်ရာတွင် လူတစ်ဦးချင်းစီ၏ အရည်အသွေးတိုးမြင့်လာရေး အတွက် ပညာရေးဖွံ့ဖြိုးမှုသည် အခြေခံကျသည်ဟု ယုံကြည်သည်။
l ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံးနှင့် လူနည်းစုများ၏ အခွင့်အရေးကို အာမခံကာကွယ်ပေးနိုင်သော စနစ်ကို ချမှတ်အကောင်အထည်ဖော်နိုင်မှသာလျှင် ရေရှည်တည်တံ့ သော ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဟု ယုံကြည်သည်။
l ကမ္ဘာ့နိုင်ငံရေး လူမှုရေးအခင်းအကျင်းသည် ခေတ်ရေစီးကြောင်း အလိုက် ရွေ့လျားပြောင်းလဲနေမည်သာဖြစ်သည်။ ကရင်ပြည်သူ့ ပါတီ၏ အမျိုးသားရေးခံယူချက်မှာ ပြောင်းလဲနေသော အခြေအနေ များတွင် တိုင်းပြည်နှင့် အမျိုးသားရေးထိခိုက်မှုမရှိစေရန်အတွက် အကောင်းဆုံးဟန်ချက်ညီစွာ ဆောင်ရွက်သွားရန်ဖြစ်သည်။
l ကရင်ပြည်သူ့ပါတီသည် ကရင်လူမျိုးများ၏ မျိုးနွယ်စုအစွဲ၊ ဘာသာ ရေး ယုံကြည်ကိုးကွယ်မှုအစွဲ၊ ဒေသစွဲ အစရှိသော မတူညီမှုများ အပေါ် အစွဲအလမ်းမရှိဘဲ ကရင်ဖြစ်သူအားလုံးကို ကရင်လူမျိုး ဟူ၍သာ ချစ်ခင်စွာ ရှုမြင်သဘောထားသည်။
l ဤကမ္ဘာမြေပေါ်တွင် ကရင်လူမျိုးနွယ်များသည် လူမျိုးတစ်မျိုး အနေဖြင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် ကရင်လူမျိုး၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ဖော်ထုတ်၊ ထိန်းသိမ်းမြှင့်တင် ခြင်းကို လူမျိုးရေးတာဝန်တစ်ရပ်အဖြစ် သဘောထားခံယူပြီး တစိုက်မတ်မတ် လုပ်ဆောင်သွားမည်။
l ကရင်လူမျိုးတို့၏ အမှန်တရားကို မြတ်နိုးကျင့်သုံးခြင်း၊ သစ္စာရှိ ခြင်းစသည့် တန်ဖိုးများကို အခြေခံပြီး နိုင်ငံသားတိုင်း၏ အနာဂတ် လှပရေးကို စိတ်ကောင်းစေတနာမှန်ဖြင့် အစဉ်ပါဝင်ဆောင်ရွက် သွားမည်။
l မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံးသည် မိမိတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို တန်ဖိုးထားထိန်းသိမ်းခြင်းဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်လာပြီး၊ တိုင်းရင်းသားအချင်းချင်း မိမိတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို အပြန်အလှန်နားလည် တန်ဖိုးထား လေးစားခြင်းဖြင့်သာ ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှု ကို တည်ဆောက်နိုင်မည်ဟု ယုံကြည်သည်။
ကရင်ပြည်သူ့ပါတီ၏ရည်ရွယ်ချက်
၁။ မြန်မာနိုင်ငံအတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်နိုင်ရန်။
၂။ အခြေခံလူတန်းစားများ၏ လူနေမှုဘဝနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်
လာရန်။
၃။ ကရင်လူမျိုး၊ မျိုးနွယ်စုများနှင့် မိမိတို့နှင့် အတူယှဉ်တွဲနေထိုင်လျက်ရှိသော အခြားတိုင်းရင်းသားလူမျိုးများအားလုံး တရားမျှတသော အခွင့်အရေး များရရှိနိုင်ရန်။
ကရင်ပြည်သူ့ပါတီ၏လုပ်ငန်းစဉ်
၁။ မြန်မာနိုင်ငံအတွက် မှန်ကန်၍ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အစွမ်းကုန် ပါဝင်ဆောင်ရွက်ရန်။
၂။ ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ရေးကို ရှေးရှု လျက် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြောင်းလဲဖြစ်ပေါ်လာသော အခြေအနေများနှင့်အညီ လိုအပ်သော ပြင်ဆင်ချက်များကို တိုင်းရင်းသား ပြည်သူများနှင့် တာဝန်ရှိသူများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းညှိနှိုင်း ပြင်ဆင်သွားရန်။
၃။ ပြည်သူအားလုံးအတွက် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုရှိရေး အတွက် လွှတ်တော်တွင် ပြဋ္ဌာန်းဆောင်ရွက်သွားနိုင်ရန်။
၄။ ကလေးသူငယ်များ၏ ကျန်းမာရေးနှင့် လိမ္မာယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် ရေးနှင့် မိခင်များအတွက် ကျန်းမာရေးနှင့် အခြားလိုအပ်သော တတ်သိ ပညာနှင့် ဝင်ငွေတိုးလုပ်ငန်းများအတွက် အသိပညာနှင့် အရင်းအမြစ် ရရှိရေး ဆက်သွယ်ဆောင်ရွက်ပေးရန်။
၅။ ကရင်အပါအဝင် လူငယ်များ(အမျိုးသမီး/ အမျိုးသား)အားလုံးအတွက် အသက်မွေးမှုပညာ၊ အထက်တန်းပညာ၊ ခေတ်မီဆက်သွယ်ရေးပညာ၊ စီမံခန့်ခွဲခေါင်းဆောင်မှုပညာ၊ နိုင်ငံရေးသိပ္ပံပညာများ လက်လှမ်းမီစွာ သင်ယူနိုင်ရေး ဦးတည်ပျိုးထောင်ပေးရန်။
၆။ တောင်သူလယ်သမား၊ အလုပ်သမားအများစုဖြစ်သည့် ကရင်နှင့်အခြားတောင်သူလယ်လုပ်များအားလုံး ကုန်ထုတ်လုပ်မှု အရည်အသွေး၊ ဈေးကွက်နှင့် ဝင်ငွေတိုးတက်မြင့်မားလာစေရေး ဆောင်ရွက်ပေးရန်။
၇။ တိုင်းရင်းသားပြည်သူပြည်သားအားလုံး အေးအတူပူအမျှ စည်းလုံး ညီညွတ်စွာ နေထိုင်သွားလာနိုင်ရေး အခြေအနေဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်ပေးနိုင်ရန်။
၈။ ကရင့်ရေးရာနှင့် အခွင့်အရေးများရရှိရေးကို တရားဥပဒေနှင့်အညီ ပြဋ္ဌာန်းဆောင်ရွက်နိုင်ရန်အတွက် ကရင်လူမျိုးများ၏ သဘာဝနှင့် ဖြစ်တည်နေမှုကို နားလည်တင်ပြပေးနိုင်မည့် ကရင်လူမျိုးအခြေပြုပါတီမှ ကရင်ကိုယ်စားလှယ်များ လွှတ်တော်တွင် လုံလောက်စွာ ပါဝင်နိုင်ရန်။
၉။ ကရင်ပြည်နယ်အတွက် ကိုယ်တိုင်ပြဋ္ဌာန်းခွင့်များ ရရှိသည့်နည်းတူ ကရင်ပြည်နယ်ပြင်ပရှိ ကရင်လူမျိုးများအတွက်လည်း လူနည်းစု တိုင်းရင်းသားများရရှိရမည့် အခွင့်အရေးကို အပြည့်အဝရရှိနိုင်ရေး ဆောင်ရွက်ပေးရန်။
၁၀။ ကရင်ပြည်နယ်တွင်းရှိ ကရင်နှင့် ပြည်နယ်ပြင်ပ နိုင်ငံတစ်ဝန်း နေရာ အနှံ့ ပျံ့နှံ့နေထိုင်ကြသော ကရင်လူမျိုးများအားလုံး အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် ဖေးမကူစောင့်ရှောက်ပေးရန်။
၁၁။ ကရင်လူမျိုးများ တိမ်ကောပပျောက်မှုမှ ကာကွယ်ရန် ကရင်စာပေ ယဉ်ကျေးမှုများကို ထိန်းသိမ်းရေးနှင့် ကရင်စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဝင်ပြဋ္ဌာန်းဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်။
၁၂။ ကရင်လူမျိုးများ၏ သမိုင်းတွင်တင်ရှိသော လေးစားတန်ဖိုးထားအပ်သည့် နေ့ထူးနေ့မြတ်များ၊ ဝိသေသလက္ခဏာများကို မှတ်တမ်းပြုစုပြီး အခမ်း အနားများကို ကျင်းပနိုင်ရေး ဆောင်ရွက်ရန်။
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်နယ်၊ တိုင်းဒေသကြီး နှင့် လွှတ်တော်အဆင့်ဆင့်မှာ-
၁။ ကရင်ပြည်နယ်
၂။ တနင်္သာရီတိုင်းဒေသကြီး
၃။ ပဲခူးတိုင်းဒေသကြီး
၄။ မွန်ပြည်နယ်
၅။ ရန်ကုန်တိုင်းဒေသကြီး
၆။ ဧရာဝတီတိုင်းဒေသကြီး
ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်နှင့် နေရာအရေအတွက်မှာ -
ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော် - ၄၄ နေရာ
ကရင့်ရေးရာကိုယ်စားလှယ်နေရာ - ၅ နေရာ
ပြည်သူ့လွှတ်တော် - ၁၈ နေရာ
အမျိုးသားလွှတ်တော် - ၇ နေရာ
စုစုပေါင်း - ၇၄ နေရာ
နိဂုံးချုပ်အနေဖြင့် မိမိ၏ ကရင်လူမျိုးများထံသို့ ၂၀၂၀ ရွေးကောက်ပွဲ အတွက် ပန်ကြားအသိပေးချက်များကို တင်ပြလိုပါသည်။
၁။ ဆန္ဒမဲပြုခွင့်ရှိ ကရင်လူမျိုးအားလုံး မိမိ၏အမည်သည် သက်ဆိုင်ရာ ကျေးရွာ/ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ထုတ်ပြန်သည့် ဆန္ဒမဲပေးခွင့်ရရှိသူများစာရင်းတွင် ပါဝင်ခြင်းရှိမရှိ သွားရောက်ကြည့်ရှု အတည်ပြုပါ။
၂။ ဆန္ဒမဲပြုခွင့်ရှိပါလျက် ဆန္ဒမဲပေးခွင့်ရရှိသူများ အမည်စာရင်းတွင် မိမိအမည်မပါရှိပါက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန် ရှိသူများထံ တင်ပြပြီး မဲပေးခွင့်ရရှိသူများစာရင်းတွင် မိမိအမည်ပါဝင် ရန် လိုက်နာဆောင်ရွက်ပါ။ အခက်အခဲရှိပါက မိမိတို့ဒေသတွင် ရှိသော ကရင်လူမျိုးအခြေပြုပါတီတာဝန်ရှိသူများကို တင်ပြအကူအညီ တောင်းပါ။
၃။ မဲပေးရန်အစစအရာရာ အဆင်သင့်ဖြစ်ပြီးပါက မဲဆန္ဒပေးရမည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက် နံနက်တွင် မပျက်မကွက် မဲပေးနိုင်ရန်ပြင်ဆင် ထားပါ။
၄။ ၂၀၂၀နှစ် ရွေးကောက်ပွဲတွင် ကရင်လူမျိုးများ စည်းလုံးညီညွတ်စွာ ကရင်ပါတီကိုယ်စားလှယ်များသို့ မဲပေးခြင်းဖြင့် ကရင့်နိုင်ငံရေးရေချိန် ကို မြှင့်တင်ပါ။
နောက်ဆုံးအနေနဲ့ကတော့ လာမည့် ၂၀၂၀ရွေးကောက်ပွဲဟာ ကျွန်တော် တို့နိုင်ငံရဲ့ ၂၁ ရာစုမှာ ကျင်းပတဲ့ တတိယအကြိမ်မြောက် အထွေထွေ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအတွက် တာဝန်ရှိသူများ၊ ပါဝင် ယှဉ်ပြိုင်သောပါတီများ၊ ပြည်သူများအနေနဲ့လည်း အတွေ့အကြုံနဲ့ သင်ခန်း စာများ အတော်အတန်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒီတတိယအကြိမ် ရွေးကောက် ပွဲမှာလည်း သက်ဆိုင်သူများအားလုံး၊ အထူးသဖြင့် ပြည်သူများအနေနဲ့ တာဝန်ကျေစွာ နိုင်ငံအတွက် အကောင်းဆုံးဖြစ်လိုသော စိတ်စေတနာဖြင့် လေ့လာပါဝင်ကြဖို့ တိုက်တွန်းခြင်းဖြင့် ကျွန်တော်ရဲ့တင်ပြမှုကို နိဂုံးချုပ် အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ကရင်ပြည်သူ့ပါတီ၏ စည်းရုံးရေးသီချင်းစာသား
တေးရေး- စောအယ်(လ်)-ဂေါ်
တေးဆို- နော်အယ်နီရှိုင်း
နော်လားဖာဆက်
နော်နုကျင်
ကေ-ပီ-ပီ ကရင်ပြည်သူ့ပါတီ စည်းလုံးခြင်းအားများနဲ့ လှမ်းလို့လာပါပြီ၊
ကေ-ပီ-ပီ ကရင်ပြည်သူ့ပါတီ ရိုးသားလို့ ကြိုးစားကြဖို့ အသင့်ဖြစ်နေပြီ၊
ကေ-ပီ-ပီ ကရင်ပြည်သူ့ပါတီ တစ်မျိုးသားလုံးအကျိုးအတွက် ဖြစ်တည် လာပါပြီ၊
ကေ-ပီ-ပီ ကရင်ပြည်သူ့ပါတီ အများအကျိုးထမ်းရွက်ကြဖို့ အသင့်ရှိနေပြီ၊
မြန်ပြည်တစ်ခွင် လှပလာမည်၊ ကေ-ပီ-ပီရဲ့ အစွမ်းတွေကိုယုံကြည်၊
အတွေးမမှားနဲ့ဟေ့၊ လေးစားအရေးထားလို့၊
ရွေးလိုက်ကြစို့၊ ဒို့ရဲ့ ကေ-ပီ-ပီ။

ြျ့‌ေိ