ကယားပြည်နယ် ပြည်သူ့ဆေးရုံကြီးမှ ကိုဗစ်-၁၉ အတည်ပြုလူနာ (၄)ဦးအား ဆေးရုံဆင်းခွင့်ပြု

လွိုင်ကော်   ၂၈  နိုဝင်ဘာ

ကယားပြည်နယ်၊ ပြည်သူ့ဆေးရုံကြီးမှ ကိုဗစ်-၁၉ အတည်ပြုလူနာ(၄)ဦးအား ယနေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့် ပြုခဲ့ပြီး ၎င်းတို့နေအိမ်အသီးသီးတွင် (၇) ရက် အသွားအလာကန့်သတ် နေထိုင်ရမည် ဖြစ်သည်။

 

a1

 

ဆေးရုံဆင်းခွင့်ရသည့် အတည်ပြုလူနာ (၄)ဦးတွင် လွိုင်ကော်မြို့မှ အမျိုးသားတစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နှင့် ထောက်ကြံ့မြို့နယ်တို့မှ အမျိုးသား (၂) ဦးနှင့် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့မှ အမျိုးသမီး (၁) ဦးတို့ဖြစ်ပြီး ၎င်းတို့အား ရွှေလွိုင်ကော်ပရဟိတအဖွဲ့ မော်တော်ယာဉ်များဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင် ပေးခဲ့သည်။

"တခြားတိုင်းနဲ့ ပြည်နယ်ကိုပို့ရမယ့် လူနာတွေပါတယ်။ အဲဒီတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရယ်၊ ကျွန်တော်တို့ ကျန်းမာရေးဌာနတို့ရဲ့ ဦးဆောင်မှုအောက်မှာ ရွှေလွိုင်ကော်အဖွဲ့ကနေ လိုက်ပို့ပေးမယ်။ ခရီးစရိတ်တွေလည်း ကျွန်တော်တို့ စေတနာ့ဝန်ထမ်းတွေက အလှူခံပြီးတော့မှ လုပ်ပေးနေပါတယ်" ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောသည်။ 

ကယားပြည်နယ်တွင် နိုဝင်ဘာ ၂၈ ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ (၂၂) ဦးရှိပြီး ပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ပြုထားသူ (၁၆)ဦးနှင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ(၆) ဦးသာကျန်ရှိကြောင်း ဒေါက်တာဌေးလွင် ၏ ပြောကြားချက်အရ သိရသည်။

ကိုစိုင်း (လွိုင်ကော်)