ကယ်လီဖိုးနီးယား တောမီးအတွင်း ၁၉ ဉီး သေဆုံး

၁၄ စက်တင်ဘာ

 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အနှံ့အပြား၌ စက်တင်ဘာ ၁၃ ရက်နေ့အထိ ဆက်လက်လောင်ကျွမ်းလျက်ရှိသော ကယ်လီဖိုးနီးယား တောမီးကြောင့် ပြီးခဲ့သော တစ်လအတွင်း အနည်းဆုံး လူပေါင်း ၁၉ ဦးသေဆုံးခဲ့ပြီး မြေဟက်တာပေါင်း  ၃ ဒသမ ၂ သန်း မီးလောင်ကျွမ်းခဲ့ကြောင်း နှင့် ပြည်နယ်အတွင်း အဆောက်အဦပေါင်း ၄၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း  ကယ်လီဖိုးနီးယား သစ်တော နှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဌာနက ပြောကြားခဲ့သည်။

 

အဆိုပါ မီးလောင်ကျွမ်းမှုမှာ ကွန်နက်တီကတ်ပြည်နယ်၏ အကျယ်အဝန်းထက် ပိုမိုကြီးမားကြောင်း စက်တင်ဘာ ၁၃ ရက်တွင် ပြည်နယ်အတွင်းရှိ မီးသတ်စခန်းပေါင်း ၂၉ ခုမှ မီးသတ်သမားပေါင်း ၁၆၅၇၀ ကျော်တို့ဖြင့် မီးငြှိမ်းသတ်လျက်ရှိကြောင်း ကယ်လီဖိုးနီးယားမီးသတ်ဌာန လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဒန်နီရယ်ဘာလန့်က ပြောကြားခဲ့သည်။

 

ပြည်နယ်အတွင်းရှိ မီးသတ်ဌာနများမှ မီးသတ်ကား ၂၂၀၀ စီး ၊ ရေသယ်ကား ၃၈၈ စီး ၊ မြေထိုးစက် ၃၀၄ စီး နှင့် လေယာဉ် ၁၀၄ စင်း တို့အပါအဝင် မီးသတ်အရင်းအမြစ်များစွာကို အသုံးပြုပြီး မီးလောင်ကျွမ်းမှုကို ကြိုးပမ်းငြှိမ်းသတ်လျက်ရှိကြောင်း ကယ်လီဖိုးနီးယားမီးသတ်ဌာန ထုတ်ပြန်ထားသည်။

 

ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ  မြို့ကြီးနှစ်မြို့တွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး မီးလောင်ကျွမ်းမှုဖြစ်ပေါ်နေပြီး မြေဧက ၂၀၀၀ ကျော် မှာ မီးလောင်ကျွမ်းခဲ့ပြီး  ၂၈ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ကယ်လီဖိုးနီးယား မီးသတ်တပ်ဖွဲ့ အရာရှိများက စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

 

လက်ရှိအချိန်ထိ တောင်စောင်းတစ်လျှောက်တွင်  လောင်ကျွမ်းနေသော တောမီးကြောင့် အဆောက်အဦ ၃၆၅ လုံး မီးလောင်ကျွမ်းခဲ့ပြီး  ၃၂ လုံးမှာ ပျက်စီးသွားခဲ့ကြောင်း ၊ အခြားအဆောက်အဦ ၁၄၀၇၄ လုံးမှာ မီးလောင်ကျွမ်းခံရနိုင်သည့် အနေအထားတွင်ရှိကြောင်း ကယ်လီဖိုးနီယား မီးသတ်တပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အဆောက်အဦများ မီးလောင်ကျွမ်းမခံရအောင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ဆန်ဖရန်စစ္စကိုခရော်နီကယ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

 

ဆန်ဖရန်စစ္စကိုမြို့ ကမ်းခြေတစ်လျှောက်ရှိ လေထုအရည်အသွေးမှာလည်း စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းအထိ သန့်ရှင်းကောင်းမွန်ခြင်း မရှိသေးကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်