လာအိုနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးရန်စီစဉ်

ဒီဇင်ဘာ ၁၀

 

 

ဗီယက်နမ် နိုင်ငံ၏ စွမ်းအင် မလုံလောက်ဖြစ်မှုကို ဖြေရှင်းရန်အတွက် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရန် ဗီယက်နမ်က စီစဉ်ထားကြောင်း လာအိုဒေသန္တရမီဒီယာက ဖော်ပြထားသည်။

 

 

ဗီယက်နမ်နိုင်ငံ အနေဖြင့် လာအိုနှင့် ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများ တည်ဆောက်ထားသော စွမ်းအင်စက်ရုံများမှ လျှပ်စစ်ဓာတ်အားကို ဝယ်ယူသုံးစွဲနေရသည်ဟု စွမ်းအင်နှင့်သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး Daovong Phonekeo ၏ပြောကြားချက်ကို ဒေသတွင်း နေ့စဉ်ထုတ် ဗီယက်နမ်တိုင်းမ်းစ် သတင်းစာက ကိုးကားဖော်ပြသည်။

 

 

ဗီယက်နမ်နိုင်ငံ အနေဖြင့် ၂၀၂၅ ခုနှစ်အထိ လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အား ၃၀၀၀ မဂ္ဂါဝပ် ဝယ်ယူမည် ဖြစ်သည်။

 

 

လာအိုနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ ဗီယက်နမ်နိုင်ငံသို့ လျှပ်စစ်ဓာတ်အားပမာဏ ၅၀၀၀ မဂ္ဂါဝပ်ထိ တိုးမြှင့်ရောင်းချနိုင်မည်ဟု မျှော်မှန်းထားသည်။

 

 

လာအိုနိုင်ငံတွင် ယခုလက်ရှိ ရေအားလျှပ်စစ်ထုတ်စက်ရုံ ၇၈ ရုံရှိပြီး ပြည်တွင်း လျှပ်စစ်ဓာတ်အား သုံးစွဲမှု လိုအပ်ချက်ထက် များစွာသာလွန် ထုတ်လွှတ်ပေးသည်။

 

 

လာအိုနိုင်ငံ အနေဖြင့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယား နိုင်ငံများသို့ ရေအားလျှပ်စစ်၊ နေရောင်ခြည် စွမ်းအင်သုံးနှင့် လေစွမ်းအင်သုံး စက်ရုံများမှ စွမ်းအင်အမြောက်အမြား ထုတ်လုပ်ရန် အလားအလာ ရှိသည်ဟု Daovong က ဆိုသည်။

 

 

ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံ၊ ဇီဝလောင်စာ စီမံကိန်းလေးခုနှင့် နေရောင်ခြည် စွမ်းအင်သုံး စက်ရုံ ခြောက်ရုံရှိသည်။

 

 

အထူးသဖြင့် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့သို့ လျှပ်စစ်ဓာတ်အား ရောင်းချခြင်းသည် လာအိုနိုင်ငံ၏ အဓိကဝင်ငွေ ရရှိမှုများအနက် တစ်ခုဖြစ်သည်။

 

 

၂၀၁၉ ခုနှစ်က ပြည်တွင်းလျှပ်စစ် ဓာတ်အားသုံးစွဲမှု ၁၂၂၂ မဂ္ဂါဝပ်ရှိပြီး ၂၀၂၀မှ ၂၀၂၅ ခုနှစ်အထိ လျှပ်စစ်ဓာတ်အား ၁၈၀၀ မဂ္ဂါဝပ်အထိ သုံးစွဲမှုတိုးလာနိုင်သည်ဟု ယူဆထားကြောင်း လာအိုလျှပ်စစ်နှင့် သတ္တုတွင်းဝန်ကြီးက ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို