လားရှိုး-ရန်ကုန် ခရီးသည်တင်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား သုံးသောင်းသုံးထောင်ကျော် သိမ်းဆည်းရမိ

နေပြည်တော်  ၁၁   ဇူလိုင် 

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၀ ရက် ည ၁၀ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင် လားရှိုး-ရန်ကုန်ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ခရီးသည်မောင်မျိုးထံမှ ငွေကျပ် ၁၆၅၇  ဒသမ  ၅ သိန်းတန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၃၃,၁၅၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊

 

အလားတူ ဇူလိုင် ၉ ရက် ညနေ ၅ နာရီခွဲက လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိုင်းဆတ်မြို့နယ်၊ မတ်လန်းကျေးရွာအနီး၊ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်တောလမ်းတွင် ကျခီး(ခ)ကျခူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ဇူလိုင်လ ၁၀ ရက် ညနေ ၆ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မိုင်းရယ်မြို့နယ်၊ မိုင်းရယ်-လားရှိုးသွားကားလမ်း၊ မိုင်တိုင်အမှတ်(၄) ကီလိုမီတာအနီးတွင် ကျင်ရှန်ရှုံး မောင်းနှင်လာသော MARK-II အမျိုးအစားမော်တော်ယာဉ်နှင့် ၎င်းယာဉ်နောက်မှ ဟွယ်ချန် မောင်းနှင်ပြီး အားချန် လိုက်ပါလာသည့် LANDCRUISER အမျိုးအစား မော်တော်ယာဉ်တို့အား စစ်ဆေးရန် ပြုလုပ်စဉ် ဟွယ်ချန်နှင့် အားချန်တို့ ၂ ဦးမှာ တောထဲသို့ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဟွယ်ချန်အား ဖမ်းဆီးရမိပြီး အားချန်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့၍ ယာဉ်အား ဆက်လက်ရှာဖွေရာ ငွေကျပ် သိန်း ၆၀၀၀ တန်ဖိုးရှိ အိုက်စ် ၃၀ ကီလို ကိုလည်းကောင်း၊ 


အလားတူ ယင်းနေ့ ညပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လွိုင်လင်မြို့နယ်၊ ပင်လုံ-နောင်ဟူးသွားကားလမ်းတွင် အိုက်စိုင်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကျူရုံးလမ်း သွယ်(၂)၊ အိမ်အမှတ်(၁၁)နေ စိုင်းလှအောင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၂,၀၀၀ ၊ ဘိန်းစိမ်း သုည ဒသမ ၁၂ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ 

 

ထို့အတူ ဇူလိုင် ၉ ရက် မွန်းလွဲ ၃ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်(ခ)၊ နှင်းဆီလမ်းတွင် လီမာ(ခ)အားဒို မောင်းနှင်လာသည့် Vigo အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ် သိန်း ၄၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။ 

 

(သတင်းစဉ်)