လေ့လာစရာ ရှေးဟောင်းလက်ရာမြောက် ဆေးအိုး(ဆေးတံအိုး) ယနေ့တိုင် အများအပြားတွေ့ရှိရာ ရွာနှစ်ရွာ

မန္တလေး ၂၇ စက်တင်ဘာ

မန္တလေးမြို့ အမရပူရမြို့နယ် ရဲလွန်းကျော်ရွာနှင့် ဆေးအိုးဖို ရွာနှစ်ရာတွင် ရှေးခေတ်သုံးလက်ရာမြောက် ဆေးအိုး(မြေဆေးတံအိုး)များကို အများအပြား တွေ့ရှိလျက်ရှိရာ နှစ်စဉ် နိုင်ငံတကာပညာရှင်များ လာရောက်လေ့လာကာ မြေနမူနာများပါ ယူဆောင်လေ့ရှိသည်။ ရဲလွန်းကျော်ရွာနှင့် ဆေးအိုးဖိုရွာတွင် မြေတူးသည့်အခါတိုင်း လက်ရာမြောက် မြန်မာ့ရိုးရာ ဆေးအိုးများကို ယနေ့တိုင် ပေါများစွာ တွေ့ရလေ့ရှိသည်။

ဆေးအိုးများကို အကောင်းအတိုင်း တွေ့ရှိသည်များလည်းရှိရာ လှပသော ပန်းပုံသဏ္ဌာန်များဖြင့် အလှဆင်ထားသည်ကိုလည်း တွေ့မြင်နိုင်သည်။ နိုင်ငံတကာ ပညာရှင်များ အထူးပြုလေ့လာသည်မှာ မြေသားအား အမာဆုံးဖြစ်စေရန် ဆေးအိုးဖုတ်သည့်နည်းပညာကို သုတေသနပြုကြောင်း သိရသည်။   ရဲလွန်းကျော်ရွာနှင့် ဆေးအိုးဖိုရွာမှာ သမိုင်းဝင်ရွာများဖြစ်ပြီး ယနေ့တိုင် ရှေးအခေါ်အဝေါ် အသုံးအနှုန်းများကို ခေါ်ဝေါ်သုံးစွဲလျက်ရှိသည်။ ရဲလွန်းကျော်ရွာမှာ ရှေးခေတ် နန်းသုံး ရဲလွန်းကျော်လှေတော်သားများ နေထိုင်ရာရွာကို အစွဲပြုခေါ်ဝေါ်သော ရွာဖြစ်သည်။ ရှေးခေတ်ဘုရင့်တပ်သားများ ခေါ်ဝေါ်သုံးစွဲသည့် အိုးစားဖက်ကို အကြောင်းပြုကာ အရှေ့အိုး အနောက်အိုးဟု ရွာနေရာကို ညွှန်းဆိုခေါ်ဝေါ်လေ့ရှိသည်။ ဆေးအိုးဖိုရွာမှာ ရှေးခေတ်က ဘုရင့်ထံဆက်သရသော ဆေးအိုးများ ဖုတ်သည့်ကျေးရွာ ဖြစ်သည့်အတွက် ဆေးအိုးဖိုရွာဟု ခေါ်တွင်ခဲ့ပြီး ခေတ်အဆက်ဆက် ဆေးအိုးများပြုလုပ်ခဲ့ရာ ဂျပန်ခေတ်အထိ ပြုလုပ်ခဲ့ကြောင်း ဒေသခံရွာသားများက ပြောပြသည်။

လက်ရှိကာလတွင် ရဲလွန်းကျော်ရွာနှင့် ဆေးအိုးဖိုရွာတွင် မြေကိုတူးဆွပါက လက်ရာမြောက် မြေဆေးအိုး(မြေဆေးတံ)များကို အများအပြားတွေ့ရှိလျက်ရှိရာ နှစ်စဉ် နိုင်ငံတကာပညာရှင်များ မြေပုံအညွှန်းများဖြင့် ဆေးအိုးဖို ဆေးအိုးဖုတ်ခဲ့သည့် နေရာများကို သုတေသနပြု လေ့လာလေ့ရှိကြောင်း ရဲလွန်းကျော်ရွာမှ ဦးနိုင်လွင်က ရှင်းပြသည်။

တိမ်တမန်