လေ့လာဖူးမြော် ကျန်စစ်သားမင်း အောင်မြေအဖြစ် သတ်မှတ်ခဲ့သည့် ထီးလှိုင်ရှင်စေတီတော်

အင်းဝ ၂၆ ဇန်နဝါရီ

အင်းဝမြို့ကို သက္ကရာဇ် (၇၂၆)တွင် သတိုးမင်းဖျား (အေဒီ ၁၃၆၄-၁၃၆၈)က စတင်ခဲ့ပြီး ကုန်းဘောင်ဆက်   ဘကြီးတော်မင်း (အေဒီ ၁၈၁၉-၁၈၃၇)အထိ နှစ်ပေါင်း ၄၀၀ ကြာ တည်ရှိခဲ့သော မြို့ဟောင်းဖြစ်ကာ လေ့လာစရာ ရှေးဟောင်းအဆောက်အဦပေါင်း ၆၀၀ ကျော် တည်ရှိသည့် နေရာပင်ဖြစ်သည်။ ထိုလေ့လာစရာများထဲတွင် ကျန်စစ်သားမင်း အောင်မြေနေရာဟု သတ်မှတ်ခဲ့သည့်နေရာတွင် ကျန်စစ်သားမင်း တည်ထားခဲ့သော ထီးလှိုင်ရှင်စေတီလည်း ပါဝင်သည်။ လက်ရှိကာလတွင် ထီးလှိုင်ရှင်စေတီမှာ ရွှေသင်္ကန်း ကပ်လှူပူဇော်ထားသည့်အတွက် ကြည်ညိုဖွယ်ဖူးမြော်နိုင်ပြီ ဖြစ်သည်။

ထီးလှိုင်ရှင်စေတီသည် အင်းဝမြို့ဟောင်း စည်တိုပုံမြို့ရိုးအတွင်း မယ်နုအုတ်ကျောင်း၏ အရှေ့တောင်ဘက်တွင် ကြည်ညိုဖွယ်ဖူးတွေ့နိုင်သည်။ ထီးလှိုင်ရှင်စေတီမှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ ပုဂံခေတ် ကျန်စစ်သားမင်းသည် အနော်ရထာမင်း အမျက်ဘေးမှ တိမ်းရှောင်စဉ်က ယခုစေတီတည်ရာ ကုန်းမြေသို့ ရောက်ရှိခဲ့သည်။ ကုန်မြေပေါ်တွင် ခေတ္တနားနေစဉ် နောက်မှ ထပ်ကြပ်မကွာ လိုက်လာသော တပ်များသည် ကျန်စစ်သားမင်းကို မျက်စိအောက်မှ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ပြီး ကြောက်စိတ်ဝင်ကာ ရှောင်ပြေးသွားသောနေရာဟု ဆိုထားသည်။

နောက်မှလိုက်ပါလာသော တပ်များ ထွက်ပြေးတိမ်းရှောင်သွားသည်ကို မြင်တွေ့ရသော ကျန်စစ်သားမင်း ထိုကုန်းမြေအား အောင်မြေအဖြစ် သတ်မှတ်ခဲ့သည်။ နန်းစံဘုရင်အဖြစ် ရောက်သည့်အခါ ဤနေရာတွင်  ထီးလှိုင်ရှင်ဘွဲ့ အမည်ဖြင့် စေတီတည်ထားခဲ့သည်။ မြန်မာသက္ကရာဇ် (၇၂၆)တွင် သတိုးမင်းဖျားသည် ထီးလှိုင်ရှင်ကုန်းကို အမှီပြုကာ အင်းဝနေပြည်တော်ကို တည်ထောင်ခဲ့သည်။ စေတီတော်မှာ မြေစိုက်စေတီ အမျိုးအစားဖြစ်ပြီး ဘကြီးတော်မင်းလက်ထက်တွင် မိဖုရားခေါင်ကြီးမယ်နုသည် ထီးလှိုင်ရှင်စေတီတော်ကို ရွှေသင်္ကန်းကပ်လှူပူဇော်ကာာ ထီးတော်အသစ်တင်လှူခဲ့သည်။ ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် သမိုင်းဝင်စေတီပင်ဖြစ်သည်။ ယခုအခါ ကျန်စစ်သားမင်း အောင်မြေအဖြစ် သတ်မှတ်ခဲ့သည့်နေရာတွင် တည်ထားခဲ့သော ထီးလှိုင်ရှင်စေတီတော်ကို ရွှေသင်္ကန်းများ ကပ်လှူပူဇော်ပြီးစီးသွားကာ စိန်ဖူးတော် တင်လှူပူဇော်ပြီးသွားသည့်အ တွက် ကြည်ညိုဖွယ်ဖူးမြော်နိုင်ပြီဖြစ်ကြောင်း သိရသည်။

တိမ်တမန်