Line Walker 2 အက်ရှင်ဇာတ်ကား လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံတွင် ရုံတင်ပြသမည်

ရန်ကုန် ၆ ဩဂုတ်

ရန်ကုန်မြို့၏ အဓိကနေရာများတွင် လာရောက်ရိုက်ကူးသွားသည့် ဟောင်ကောင်ရုပ်ရှင် Line Walker 2 အက်ရှင်ဇာတ်ကားကို ဩဂုတ် ၈ ရက်တွင် ရုံတင်မည်ဖြစ်ကြောင်း မင်္ဂလာရုပ်ရှင်ရုံမှ သိရသည်။

ယင်းရုပ်ရှင်ကို ရန်ကုန်မြို့ ဆူးလေလမ်းမပေါ်၊ မဟာဗန္ဓုလလမ်း(အလယ်)၊ ရွှေတိဂုံစေတီတော်၊ တိုင်းရင်းသားကျေးရွာတို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်း လာရောက်ရိုက်ကူးခြင်းဖြစ်ကာ ခြောက်လအကြာတွင် မြန်မာနိုင်ငံတွင် ပြသမည်ဖြစ်သည်။

"နိုင်ငံတကာ အကြမ်းဖက်သမားအဖွဲ့အစည်းတစ်ခုနဲ့ ရင်ဆိုင်နေရတဲ့ ရဲမှူး Yip နဲ့ စုံထောက် Ching တို့ဟာ Yiu ဆိုတဲ့ hacker တစ်ယောက်ကို ဖမ်းမိရာကနေ ရဲဝန်ထမ်းနှစ်ယောက်ကို သူလျှိုတွေအဖြစ် သံသယဖြစ်စရာတွေ ဖြစ်လာပါတယ်။ သဲလွန်စတွေနောက်လိုက်ရင်း မြန်မာနဲ့စပိန်ကိုရောက်နေတဲ့ ရဲစုံထောက် သုံးယောက်ထံကို ရောက်လာပြီး စုံစမ်းရှာဖွေမှုကနေ ဘယ်သူကလူဆိုး ဘယ်သူကလူကောင်းဆိုတာ ဝေဝေဝါးဝါးဖြစ်လာရတဲ့အခါ"ဟု မင်္ဂလာရုပ်ရှင်ရုံ၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြော်ငြာထားသည်။

Line Walker 2 ရုပ်ရှင်ဇာတ်ကားသည် ဟောင်ကောင်မှ ဂျာနယ်လစ် တစ်ဦးက မြန်မာနိုင်ငံတွင် လူကုန်ကူးမှုသတင်းကို ဖော်ထုတ်နေစဉ် ဖမ်းဆီးခံရမှုကို ဟောင်ကောင်ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ ဂျာနယ်လစ်ကိုကယ်တင်ပြီး လူဆိုးဂိုဏ်းကို ဖြိုခွင်းသည့်ဇာတ်လမ်းဖြစ်ကြောင်း သိရသည်။

Line Walker 2 ရုပ်ရှင်ဇာတ်ကားကို ဟောင်ကောင်မြို့ Shaw Brothers Picture International ကုမ္ပဏီက ရိုက်ကူးခြင်းဖြစ်သည်။

TCM