လက်ရွေးစင်တိုက်စစ်မှူး သန်းပိုင်ကို ရှမ်းယူနိုက်တက်အသင်း ခေါ်ယူ

ဇန်နဝါရီ ၁၈


MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် တိုက်စစ်အားဖြည့်သည့် အနေဖြင့် ရန်ကုန်ယူနိုက်တက် အသင်းနှင့် စာချုပ်ကုန်ဆုံးခဲ့သည့် လက်ရွေးစင်တိုက်စစ်မှူး သန်းပိုင်ကို ခေါ်ယူလိုက်ပြီဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၁ ရာသီအတွက် စတုတ္ထမြောက် ကစားသမားခေါ်ယူမှုအဖြစ် သန်းပိုင်ကို နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် သန်းပိုင်မတိုင်မီက ဧရာဝတီအသင်း တောင်ပံကစားသမား သီဟဇော်၊ နောက်ခံလူ ကျော်ဇင်လွင်၊ မကွေးတောင်ပံ ကစားသမား စိုးလွင်လွင်တို့ကို ခေါ်ယူထားပြီး ရာသီသစ်အတွက် အနည်းဆုံး ပြည်တွင်းကစားသမား ငါးဦးအထိ ခေါ်ယူသွားမည်ဖြစ်သည်။ သန်းပိုင်သည် ၂၀၁၂ ခုနှစ်တွင် ရန်ကုန်လူငယ်အသင်းသို့ ရောက်ရှိခဲ့ပြီး ၂၀၁၅ ရာသီတွင် ရန်ကုန်စီနီယာအသင်းတွင် ပါဝင်ကစားခွင့်ရကာ ၂၀၂၀ ရာသီကုန်အထိ ကစားခဲ့ခြင်းဖြစ်သည်။ သန်းပိုင်သည် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်ရခဲ့သည့် မြန်မာ ယူ-၁၉ အသင်းနှင့်အတူ ထင်ရှားလာသူဖြစ်ပြီး ၂၀၁၄ အာရှ ယူ-၁၉ ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ယူအေအီး အသင်းဘက်သို့ တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူကာ မြန်မာအသင်းအား ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလား ဝင်ခွင့်ရစေရန် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။


မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းအချို့မှာ ရာသီသစ်အတွက် စတင်ပြင်ဆင်နေပြီဖြစ်ပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အပါအဝင် ဟံသာဝတီနှင့် ရန်ကုန်အသင်းတို့မှာ ပြည်တွင်းကစားသမားများ အပြိုင်အဆိုင်ခေါ်ယူလျက်ရှိသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်