လမ်းဘေးရပ်ထားသောယာဉ်အား တိုက်မိ၍ သုံးဘီးဆိုင်ကယ်မောင်းနှင်သူသေဆုံး

မတ္တရာ၊ ၂၄ ဇန်နဝါရီ

မန္တလေး-မိုးကုတ်ကားလမ်း မတ္တရာမြို့နယ် ရေနံ့သာကျေးရွာအနီးတွင် ဇန်နဝါရီ ၂၃ ရက် ည ၉ နာရီခွဲအချိန်က လမ်းဘေးရပ်ထားသောယာဉ်အား တိုက်မိ၍ သုံးဘီးဆိုင်ကယ် မောင်းနှင်သူသေဆုံးသွားကြောင်း သိရသည်။

 

ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ  ရေနံ့သာနယ်မြေစခန်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ် (၂၈/၄)နှင့် (၂၈/၅)ကြားတွင် ဖိုးနီ မောင်းနှင်သည့် ၆ ဘီးယာဉ်သည် နေအိမ်ဆောက်လုပ်ရာတွင် အသုံးပြုမည့်သစ်များအား ပို့ဆောင်ရန် သယ်ယူလာစဉ် ယာဉ်မှာ ဆီကုန်သွား၍ ရပ်တန့်ထားခဲ့ရာ မြောက်မှတောင်သို့ ကိုဝင်း မောင်းနှင်လာသည့် သုံးဘီးယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ အဆိုပါ ရပ်တန့်ထားသောယာဉ်အား နောက်မှ ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ယာဉ်တိုက်မိမှုကြောင့် သုံးဘီးယာဉ်မောင်းနှင်သူ ကိုဝင်းမှာ နေရာတွင် သေဆုံးသွားခဲ့သဖြင့် မတ္တရာ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်စဉ်မှ  ယာဉ်မဆင်မခြင်မောင်းနှင်သူနှင့် ရပ်တန့်ထားသူ တို့အား ရေနံ့သာနယ်မြေစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)