လူ့အလို နတ်အကြိုက် ခါတော်မီဖွံ့ဖြိုးရေး

နေထက်ရှိန်(ကျေးလက်ဦးစီး)

The pen is mightier than the sword ဟုအင်္ဂလိပ်စာရေး ဆရာ Eward Bulwer-Lytton က ရေးသားခဲ့၏။ ဓားသွားထက် ကလောင်သွားထက်ဟု မြန်မာမှုပြုကြ၏။ ဓားတစ်လက်ထက် ကလောင်တစ်ချက်က ပိုမိုထိရောက် အောင် စွမ်းဆောင်နိုင်သည်ဟု ဆိုရမည်ထင်၏။ ဓားတစ်ချက်ရမ်းလျှင် ဓားသွားတစ်ဆုံး အလွန်ဆုံး ငါးပေ ခန့်အဝန်းအတွင်းသာ ထိခိုက်မည်ဖြစ်၏။ ကလောင် တစ်ချက်ကြမ်းလျှင်တော့ ကလောင်သွားတစ်ဆုံး၏ အဝန်းက မှန်းဆမရ၊ ရေးထားသမျှစာကို ဖတ်မိရသူတိုင်း အတွက် သက်ရောက်မှုရှိ၏။
သို့သော် ကလောင်သွား မည်သို့ထက်စေကာမူ စာမဖတ်တတ်သူများ၊ စာမဖတ်ကြသူများ ၊ စာမဖတ် နိုင်သူများ၊ စာကိုလျစ်လျူရှုထားသူများ အတွက်တော့ အချည်းနှီးသာဖြစ်၍ အကန့်အသတ်ရှိသည်ဟု ဆိုနိုင် ပါ၏။ ယင်းသို့ အကန့်အသတ်မရှိ၊ လျစ်လျူရှု၍မရ၊ ဆူကြုံနိမ့်မြင့်မရွေး သက်ရောက်ခံရနိုင်သော ကလောင် သွားထက် ပိုထက်သည့်အရာကလည်း ရှိနေပါသေး၏။


အိမ်ခြေ ၁၀၀ ကျော်သာ ရှိသော ရွာကလေးက မှိုင်းညို့ညို့ ရခိုင်ရိုးမတောင်ခြေအောက် လယ်ကွင်း စိမ်းစိမ်းကြားတွင် သာသာယာယာရှိ၏။ ချင်းလူမျိုး အများစု၊ ဗမာအချို့နှင့် ရခိုင်အနည်းငယ်တို့ စုပေါင်း နေထိုင်ကြ၏။ ရွာတောင်ပိုင်းတွင် စမ်းချောင်းတစ်ခုရှိ၏။ ရွာသူရွာသားတို့၏ အပြုံးများက စမ်းရေကဲ့သို့ကြည်လင် ၏။ နှလုံးသားများကလည်း စမ်းရေပမာ အေးချမ်းပါ၏။ စိတ်ဓာတ်တို့ကလည်း စမ်းကျောက်များသို့ စုစည်း ညီညွတ်၏။ လုံ့လဝီရိယကလည်း ချောင်းရေအလျဉ် ကဲ့သို့ အစဉ်မပြတ် မာန်အားကြီးပါ၏။ ထို့ကြောင့်ပင် ရွာအမည်က စမ်းရွာဟု ခေါ်တွင်သည်ထင်၏။ ထိုစမ်းရွာ သည် ကြံခင်းမြို့နယ် ပေါက်နွယ်စမ်းအုပ်စုတွင် ပါဝင်ပြီး ကြံခင်းမြို့၏ အနောက်မြောက်ဘက် ၁၉ မိုင်ခန့်အကွာ ပုသိမ်-မုံရွာ လမ်းမကြီး၏ အနောက်ဘက် တစ်မိုင်ခွဲခရီး တွင် တည်ရှိ၏။


စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် အခြေခံအချက်သုံးရပ်
ဂျပန်တို့သည် ၁၉ ရာစု နှောင်းပိုင်းတွင် မေဂျီခေတ် စက်မှုတော်လှန်ရေးကို စတင်ဆင်နွှဲ အောင်မြင်ခဲ့၏။ ၂၀ ရာစု အစောပိုင်းတွင် ရုရှား-ဂျပန်စစ်ပွဲဖြစ်ပွားရာ ဂျပန်တို့က အောင်နိုင်ခဲ့၏။ ထို့နောက် အမေရိကန်တို့၏ ပုလဲဆိပ်ကမ်းကို အလစ်အငိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဝင်ရောက်ခဲ့၏။ ဟီရိုရှီးမားတွင် ကမ္ဘာ့ပထမဆုံး အဏုမြူဗုံးနှင့် နာဂါဆာကီတွင် ကမ္ဘာ့ နောက်ဆုံး အဏုမြူဗုံးတို့ အကြဲခံရပြီးနောက် စစ်ကြီး လည်းပြီး၊ ပြာပုံအတိလည်း ဖြစ်သွားတော့၏။ ယင်း အခြေအနေဆိုးမှ မာရှယ်စီမံကိန်းဖြင့် ပြန်ရုန်းထပြီး ၂၀ ရာစုအတွင်းမှာပင် ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ် ရောက်ရှိလာ ခဲ့ပြန်၏။
ဂျပန်နိုင်ငံ၏ စစ်ပြီးခေတ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွင် စဉ်ဆက်မပြတ် ဒေသဖွံ့ဖြိုးရေး အသိသညာ Sustainable Regional Development Concept သည်အရေးကြီးသောနေရာမှ ပါဝင်နေ၏။ ထိုအသိသညာတွင် အခြေခံအချက်ကြီးသုံးရပ်ရှိ၏။ Disaster Management, Environmental Management and Human Security တို့ဖြစ်၏။
အကြမ်းအားဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု မရှိလျှင် ဖွံ့ဖြိုးရေးလုပ်ငန်းများသည် သမင်မွေးရင်း ကျားစားရင်း ဆိုသလို ရှေ့မဆက်နိုင်ဘဲ ဖြစ်သမျှ ပျက်ရကာ အဟောင်း သံသရာလည်နေမည် ဖြစ်၏။ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု မရှိပြန်လျှင်လည်း ဖွံ့ဖြိုးရေးသည် CO2 ကဲ့သို့ Green-house gases ထုတ်လွှတ်မှုကို မထိန်းချုပ်နိုင်ဘဲ ကမ္ဘာကြီးပျက်သုဉ်းရေးကို လက်ယပ်ခေါ်သလို ဖြစ်နေ မည်ဖြစ်၏။ လူသားလုံခြုံမှုကတော့ အခြေခံအချက်နှစ်ခု ရှိ၏။ ကြောက်ရွံ့ခြင်းမှ လွန်မြောက်ရန်နှင့် လိုချင်မှုများမှ လွန်မြောက်ရန် Freedom from fear and freedom from wants တို့ဖြစ်၏။


စမ်းရွာတောင်ပိုင်းရှိ အနောက်မှအရှေ့သို့ စီးဆင်း သော ပေချောင်းသည် ရခိုင်ရိုးမတွင် အစပြုသဖြင့် နွေအခါ ရေခန်းသော်လည်း မိုးအခါ ရေစီးကြမ်း၏။ အနောက်တောင်၌ မိုးညို့ပြီဆိုလျှင် မကြာခင်ပေချောင်း အတွင်း တောင်ကျရေတို့ တဝေါဝေါ ကျဆင်းလာတော့ မည်ဖြစ်၏။ ယခင်နှစ် မိုးတွင်းကာလကဆိုလျှင် ‘‘ပါပါ (ဖေကြီး) နက်ဖြန် ကျောင်းပိတ်မှာလားဟင်’’ စောစော့ (သားငယ်) က အိပ်မက်ယောင်ပြီး ပြောနေ၏။ ‘‘ဒီည ရေကြီးကမ်းပြိုရင် နက်ဖြန် လယ်ထဲကို စက်ဘယ်လို မောင်းသွားရပါ့’’ ဖခင်ဖြစ်သူ ကိုယ်တိုင်ကလည်း မိုးအေးအေး၌ အတွေးပူပူဖြင့် ရတက်မအေးနိုင်။


‘‘အောက်အူ(မေကြီး) စနုလှမ်(သမီးကြီး) ဆိုင်လေး ပါသွားပြီလား ကြည့်ပါဦး’’ ချောင်းကမ်းပါးကိုမှီ၍ ယာယီ ဆောက်ထားသော မုန့်တီဆိုင်လေးကို စိုးရိမ်စိတ်ဖြင့် သမီးကြီးက မိခင်ဖြစ်သူကိုကြည့်ခိုင်း၏။ မိခင်၏ အမြင် တွင် မိုးမှောင်မှောင်ကြား လက်နှိပ်ဓာတ်မီး အလင်းရောင် မှိန်ဖျော့ဖျော့အောက် ဓနိတဲလေးက ယိမ်းနွဲ့နွဲ့ဖြစ်နေ သလားဟု ထင်မိမှားရ၏။ စိတ်အတွင်းကလည်း ကမ်းပြို ပြီး လမ်းပျောက်သွားလျှင် နံနက်ခင်း၌ ဆရာတော် ဆွမ်းခံမကြွနိုင်ဘဲ ပြုနေကျ ကုသိုလ်တို့ မရမည့်အရေး ပူပန်နေမိပြန်၏။ မရှိလို့မလှူ မလှူလို့မရှိသည့် ဘဝ၏ လိုချင်မှုများက လွန်မြောက်ခွင့်အတွက် တစ်ခုတည်း သောနည်းလမ်းက လှူတန်းခြင်းသာဖြစ်ပါ၏။


စမ်းရွာ၌နေထိုင်ကြသူ ထိုချင်းမိသားစုတစ်စုကဲ့သို့ များစွာသော သူတို့သည် အနောက်တောင်ဆီက မိုးသည်းသည်းရွာတိုင်း ရေစီးသံတို့ ဆူညံညံတွင် သောက တို့ လှိုင်းထန်နေကြရ၏။ ကလောင်သွားထက် ပိုထက် သော ရေစီးသွားကြောင့် ရွာလမ်းမကြီးဘေးက ကမ်းပါးယံသည်လည်း ကြောက်ရွံ့ ခြင်းမှ လွန်မြောက်ရန် အချိန်မတန်နိုင်သေးပါချေ။


ထိရောက်မှုရှိသော ငွေပေး၊ အလုပ်ပေးလုပ်ငန်း
ဘေးအန္တရာယ်စီမံခန့်ခွဲမှုတွင် ဘေးဒုက္ခတစ်ခုခု ကြုံတွေ့ရသောအခါ Response, Relief/Recovery, Mitigation and Preparation ဟူသည့် အဆင့်များဖြင့် ရင်ဆိုင်ဖြေရှင်းကြလေ့ရှိ၏။ Relief လုပ်ငန်းစဉ်တို့တွင် Cash for Work (ငွေပေး၊ အလုပ်ပေး) လုပ်ငန်းသည် ထိရောက် လျင်မြန်မှုရှိ၏။ ထို့ကြောင့် နိုင်ငံတော်၏ CERP Covid-19 Economic Relief Plan အရ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ရ သည့် အထူးစီမံကိန်းနှစ်ခုတွင် Cash for Work သည် တစ်ခုအပါအဝင် ဖြစ်လာ၏။ တစ်နိုင်ငံလုံး၏ မြို့နယ် ပေါင်း ၂၅၉ မြို့နယ်မှ ကျေးရွာပေါင်း ၂၄၈၈ ရွာတွင် စီမံကိန်းလုပ်ငန်းခွဲပေါင်း ၃၆၉၆ ခုကို ဩဂုတ်လအကုန် အပြီး ရည်မှန်းချက်ထား ဆောင်ရွက်နေ၏။ ကျေးလက်က ဆောင်ရွက်နေသော Cash for Work စီမံကိန်းဆောင်ရွက် ရန် ကျေးရွာရွေးချယ်ရာတွင် မြို့နယ်အလိုက် သက်ဆိုင် သူပေါင်းစုံပါဝင်သော အဖွဲ့က 2014 Census ၏ MDI Multi-Dimensional Disadvantages Index အရ ဖွံ့ဖြိုးရေးလိုအပ်ချက်မြင့်မားသည့်ကျေးရွာများကို ရွေးချယ်ရ ၏။ နိုင်ငံတော်က ယင်းစီမံကိန်းကျေးရွာ တစ်ရွာစီတိုင်းကို ငွေကျပ်သိန်းတစ်ရာစီ ထောက်ပံ့ပေး၏။ အလှူရှင်များ က စေတနာအလျောက် ထည့်ဝင်လှူဒါန်းမှုကိုလည်း ပေါင်းစပ် အသုံးပြုနိုင်၏။ ကျေးရွာတွင် ပြည်သူ့ဆန္ဒပြု ချက်ဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီကို ဖွဲ့စည်းကြရ၏။


တူညီသောအလုပ်၊ တူညီသောလုပ်ခ
ယင်းကော်မတီနှင့် ရပ်မိရပ်ဖက ကျေးရွာမှ ဆင်းရဲ သော အိမ်ထောင်စုအမျိုးသမီး ဦးဆောင်သော အိမ်ထောင်စုများထဲမှ အလုပ်လုပ်လိုသော မိသားစုများကို ဦးစားပေးပြီး အလုပ်လုပ်ရန် အိမ်ထောင်စုများ အဖြစ် ရွေးချယ်ရ၏။ ထို့အတူ ကျေးရွာ၏ အများပြည်သူ အကျိုး ဖြစ်ထွန်းမည့် စီမံကိန်းလုပ်ငန်းခွဲများကို သတ်မှတ်ချက် များနှင့်အညီ စိစစ်ရွေးချယ်ရ၏။ ထိုစီမံကိန်းလုပ်ငန်း ခွဲသည် လုပ်အားခအဖြစ် အနည်းဆုံး သိန်း ၆၀ အသုံးပြုရန်လိုအပ်၏။ လုပ်အားခကို လုပ်ငန်းကျွမ်းကျင်မှု အလိုက် သက်ဆိုင်ရာ ဒေသပေါက်ဈေးဖြင့် ပေးချေရ၏။ ကျား မ ခွဲခြားမှုမရှိဘဲ တူညီသောလုပ်အားအတွက် တူညီသောလုပ်အားခကို ရရှိကြ၏။ ကျေးရွာကော်မတီက စီမံခန့်ခွဲမှု အသုံးစရိတ် ကျပ်နှစ်သိန်းကို သတ်မှတ်ချက် နှင့်အညီ စနစ်တကျသုံးစွဲခွင့်ရှိ၏။ ထို့ကြောင့် Cash for Work စီမံကိန်းသည် ကျေးရွာအတွက် ဖွံ့ဖြိုးရေးလုပ်ငန်း လည်း ဖြစ်မြောက် အလုပ်အကိုင်အခက်အခဲဖြစ်နေသူ များအတွက်လည်း လုပ်အားခရသော စီမံကိန်းဖြစ်၏။


စမ်းကျောက်များသို့ စုစည်းညီညွတ်သည့် စိတ်ဓာတ် ရှိသော စမ်းချောင်းရေအလျဉ်ကဲ့သို့ အစဉ်မပြတ် မာန်အားကြီးသည့် လုံ့လဝီရိယလည်းရှိသော စမ်းရွာသား များအတွက် Cash for Work စီမံကိန်းကြီး ဆောင်ရွက်ခွင့် ရရှိခဲ့ပါ၏။ ထိုအခါ ကျေးရွာလမ်းမကြီးမှ လမ်းမကလေး သို့ တဖြည်းဖြည်း ပြောင်းလဲလာနေပြီး ဘယ်နေ့ လမ်းပျောက်သွားမည်လဲဟု စိတ်တထင့်ထင့်ဖြင့် ကြောက်ရွံ့နေရခြင်းမှ လွန်မြောက်ခွင့်အတွက် ဘေး အန္တရာယ်ကိုကျော်လွှားမည့် ဖွံ့ဖြိုးရေးတို့အတွက် ကျေးရွာ၏အိမ်ထောင်စု ၁၀၉ စုလုံးက တညီတညွတ် တည်း ရွေးချယ်စရာ လုပ်ငန်းကဝေးဝေးတွေးစရာ ပြေးပြီးရှာစရာမလိုတော့ပါချေ။ ဤသို့ဖြင့် စမ်းရွာကျေးရွာ လမ်းမကြီး ကမ်းပြိုကာကွယ်ရေး မြေထိန်းနံရံကာရံခြင်း အလျား ၃၇၈ ပေ၊ အနံ ၁၃ ပေ၊ အမြင့် ၉ ပေ Cash for Work လုပ်ငန်းသည် ခါတော်မီ ဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် လူ့အလိုနတ်အကြိုက် ဖြစ်ထွန်းပေါ်ပေါက်လာပြီ ဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။