လူ့အရင်းအမြစ်များ အချည်းနှီးမဆုံးရှုံးစေချင်

၄ ဇူလိုင်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု လှေခါကျေးရွာအနီး လုပ်ငန်းရပ်နားထားသည့် ကျောက်မျက်တူးဖော်ရေး လုပ်ကွက်နေရာများ တွင် ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက အလျားပေ၇၀၀၊ အမြင့်ပေ ၁၀၀၀ ကျော်ခန့်ရှိ မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ ၁၆၂ ဦးကို သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ပြီး ၅၄ ဦးကို ထိခိုက်ဒဏ်ရာများဖြင့် ကယ်ဆယ်နိုင်ခဲ့ကြောင်း ကြားသိခဲ့ရပါသည်။

ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက်များတွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူများ အသက်သေဆုံးရသည့်ဖြစ်စဉ်များမှာ မကြာခဏဖြစ်ပွားလေ့ရှိသဖြင့် ထိုအဖြစ်မျိုးမှာ မထူးဆန်းဟု ဆိုချင်ဆို နိုင်သော်လည်း ယခုကဲ့သို့ လူ့အသက်များရာနှင့်ချီ၍ သေဆုံးခဲ့ရသည့်အတွက် ထူးခြားသည့်အဖြစ်ဆိုးကြီးအဖြစ် ရှုမြင်ရမည် ဖြစ်သည်။ ဖားကန့်တွင် မြေစာပုံပြိုကျမှုများမှာ နှစ်တိုင်းနှစ်တိုင်း မကြာခဏဖြစ်လေ့ရှိမှန်း သိသော်လည်း အန္တရာယ်ရှိသည့်ကြားတွင် ဝမ်းရေးအတွက် လုပ်ကိုင်ဆောင်ရွက်ကြရသည့်အတွက် အစုလိုက် အပြုံလိုက် သေဆုံးခြင်းအဖြစ်နှင့် ကြုံရပေသည်။

လူသည် အသိဉာဏ်ရှိသူများဖြစ်သဖြင့် ယခုကဲ့သို့အန္တရာယ်ရှိပြီး သေဆုံးနိုင်သည့်အခြေအနေကို အဖြစ်မခံဘဲ သတိပြုဆင်ခြင် ရှောင်ရှားသင့်ပါသည်။ သို့သော် မိမိတို့၏သမုဒ္ဒရာဝမ်းတစ်ထွာ ဘဝရပ်တည်ရှင်သန်ရေး၊ ကံကောင်းလျှင် ငွေအမြောက်အမြားရရှိရေးအတွက် အသက်ဘေးကို အလေးမမူဘဲ ဇွတ်တိုးလုပ်ကိုင်နေမှု များကြောင့် တန်ဖိုးရှိသောလူ့အသက်များ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရသည်မှာ မိသားစုအတွက်သာမက တိုင်းပြည် အတွက်ပါ နစ်နာလှပေသည်။ တိုင်းပြည်အတွက် အကျိုးရှိသောနေရာများတွင် အသုံးချနိုင်သည့် တန်ဖိုးရှိသော လူသားအရင်းအမြစ်များ အချည်းနှီး ဆုံးရှုံးနေခြင်းဖြစ်ပေသည်။

ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်များတွင် နှစ်စဉ်နှစ်တိုင်း မြေစာပုံပြိုကျမှုကြောင့် လူသေဆုံးမှုများ ဖြစ်ပွားလျက်ရှိရာ နှစ်စဉ် လူဒါဇင်နှင့်ချီ၍ သေဆုံးလျက်ရှိပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ကလူ ၁၀၀ ကျော် သေဆုံးခဲ့မှုနှင့် ယခု ဇူလိုင်လ၂ ရက်နေ့တွင် လူ ၁၀၀ ကျော် ၂၀၀ ခန့် ထိခိုက်သေဆုံးမှုတို့မှာ အများဆုံးဖြစ်ခဲ့သည်။ ထိုဒေသ၌ ဆယ်စုနှစ်တစ်ခု အတွင်း မြေစာပုံပြိုကျမှုကြောင့် လူ့အသက်ပေါင်း ၆၀၀ ခန့် သေဆုံးခဲ့ရပြီး ဖြစ်သည်။ ယခုရာသီကာလတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများ ရောဂါဘေးအန္တရာယ် မရှိစေရေးအတွက် နိုင်ငံတော်က ကြိုပမ်းဆောင်ရွက်နေချိန်တွင် သဘာဝဘေးအန္တရာယ်ဖြစ်သည့် မြေစာပုံပြိုကျမှုနှင့် မိုးကြိုးပစ်မှုတို့ကြောင့် လူ့အသက်များရာနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရသည်မှာ ပြည်သူများအတွက် စိတ်ထိခိုက်ဖွယ်ဖြစ်ရသည်။

ပြည်သူများဘဝ စိတ်ချလုံခြုံရေးအတွက် ဆောင်ရွက်ပေးရာတွင် ရေမဆေးကျောက်ရှာဖွေကြသော ပြည်သူများနှင့် ပတ်သက်၍လည်း အလေးထားစဉ်းစားရမည့်အချက် ဖြစ်နေသည်။ ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက်များကို အကြောင်းပြု၍ မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူများသည် စွန့်ပစ်မြေစာပုံများရှိရာ ဖားကန့်ဒေသသို့လာရောက်ကြပြီး ငွေရနိုင်မည့်နည်းလမ်းများကို ရှာဖွေနေကြသည်။ ထိုဒေသ၌ စုပြုံး လာရောက် လုပ်ကိုင်ကြရာတွင် ပဋိပက္ခပြဿနာများ၊ မူးယစ်ဆေးဝါး ပြဿနာများ၊ မြေစာပုံပိ၍ သေဆုံးမှုများနှင့် ကြုံတွေ့နေရသည်။

ပြည်သူ့အစိုးရလက်ထက်ကာလတွင် ကျောက်မျက်တူးဖော်သည့် သက်တမ်းကုန်ကုမ္ပဏီများအား လုပ်ကွက် ထပ်မံချထားပေးခြင်း မရှိဘဲ ရပ်ဆိုင်းထားပြီး ကျောက်မျက်တူးဖော်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲကာ ဆောင်ရွက်နေဆဲဖြစ်သော်လည်း ခေတ်အဆက်ဆက် သဘာဝသယံဇာတ အကြောင်းဆက်များကြောင့် ရေမဆေးကျောက် ရှာဖွေကြသည့် အနယ်နယ်အရပ်ရပ်မှ ဆင်းရဲနွမ်းပါးသော တိုင်းရင်းသားပြည်သူများ၏ အသက်ဆုံးရှုံးနေရသည့် အကျိုးဆက်များကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် အဖြေရှာမှသာ တန်ကာကျမည်ဖြစ်သည်။

လက်ရှိတွင် အဆိုပါပြဿနာသည် မဖြေရှင်းနိုင်သော ပြဿနာတစ်ခု အဖြစ်ရှိနေဆဲဖြစ်သည်။ ကျောက်စိမ်း တူးဖော်မှုကြောင့် တိုင်းပြည်ဝင်ငွေ၊ ပြည်သူများဝင်ငွေ ရရှိကြသည်မှန်သော်လည်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် တိုင်းရင်းသားပြည်သူများ၏ အသက်ဆုံးရှုံးမှုများကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ရေရှည်ဆုံးရှုံးနစ်နာမှုများကိုလည်း ထည့်သွင်းစဉ်းစားကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်းပြည်နှင့်လူထု ရောဂါဘေး အန္တရာယ်မဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေချိန်တွင် သဘာဝဘေးအမျိုးမျိုးကြောင့် ပြည်သူလူထုအန္တရာယ် မရှိစေရန်အတွက်လည်း ကြံစည်ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက်မှသာ လူသားအရင်းအမြစ်များ အချည်းနှီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ