လူစီတန်းပြသခြင်းဟူသည်

မောင်စာဂ

ရာဇဝတ်မှုခင်းများတွင် စွပ်စွဲခံရသူတရားခံကို ဟုတ်မှန် ကြောင်းစွပ်စွဲပြသရန် လူစီတန်းပြသခြင်းပြုမှု ဆောင် ရွက်ရသည့်အခါမျိုး ကြုံတွေ့ရတတ်သည်။ အဘယ် ကြောင့် လူစီတန်းပြသမှု ပြုရသနည်း။ ဘယ်နည်းဘယ်ပုံ ပြုမှုဆောင်ရွက်ရသနည်း။ ဗဟုသုတအလို့ငှာ မျှဝေပါရစေ။

 

လူစီတန်းပြသရခြင်း၏ ရည်ရွယ်ချက်
လူစီတန်းပြသခြင်းမပြုခဲ့ဘဲ တရားရုံး၌တရားခံသည် ပြစ်မှုကျူးလွန်သူဖြစ်သည်ဟု စွပ်စွဲထွက်ဆိုလာလျှင် ထိုထွက်ဆိုချက်မျိုးကို အထောက်အကူပြုသည့် သက်သေခံချက်မရှိဘဲ တရားခံအပေါ် အပြစ်ပေးရန် သင့်မည်မဟုတ်ပါ။ သို့ဖြစ်၍ သက်သေတစ်ဦးသည် စွပ်စွဲခံရသူ တရားခံကို အမှန်တကယ် မှတ်မိခြင်းရှိမရှိ သိရှိနိုင်ရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။

 

လူစီတန်းပြသခြင်း ပြုလုပ်ရန်လိုအပ်ခြင်း
သက်သေတစ်ဦးက ဓားပြတိုက်သွားသည့်သူများကို မြင်လျှင်မှတ်မိပါသည်ဟု ထွက်ဆိုသောအခါ၊ ထိုကဲ့သို့ပင် လုယက်မှု၊ လူသတ်မှု၊ ခိုးမှု၊ မုဒိမ်းမှု စသည်ဖြင့် ရာဇဝတ် ပြစ်မှုတစ်ခုခုကို ကျူးလွန်သူအားမြင်လျှင် မှတ်မိပါသည် ဟူ၍ ထွက်ဆိုချက်ပေးသည့်အခါမျိုးတွင် လူစီတန်းပြသ ခြင်း ပြုရန် လိုအပ်သည်။
သက်သေတစ်ဦးက ဓားပြတိုက်သွားသူများသည် မောင်ဖြူ၊ မောင်နီ၊ မောင်မဲ၊ မောင်ဝါ၊ မောင်ပြာတို့ဖြစ်ကြ သည်ဟု တိတိကျကျ စွပ်စွဲထွက်ဆိုသည့်အခါ၊ ထိုကဲ့သို့ ပင် လုယက်မှု၊ လူသတ်မှု၊ ခိုးမှု၊ မုဒိမ်းမှုစသည့် ရာဇဝတ် ပြစ်မှုတစ်ခုခုကို ကျူးလွန်သူသည် မောင်နီ၊ မောင်ဖြူ၊ မောင်မဲ ဖြစ်ပါသည်ဟူ၍ အတိအကျစွပ်စွဲထွက်ဆိုသည့် အခါ ယေဘုယျအားဖြင့် လူစီတန်းပြသရန်လိုမည် မဟုတ်ပါ။
အနှစ်ချုပ်အားဖြင့် ပြစ်မှုကျူးလွန်သူဟူ၍ စွပ်စွဲခံရ သူသည် မူလကတည်းက ထိုသက်သေနှင့် တွေ့နေကျ၊ မြင်နေကျ၊ သိရှိထားသူတစ်ဦးဖြစ်၍ ထင်ထင်ရှားရှား ပြောဆိုနိုင်လျှင် လူစီတန်းပြသရန် လိုမည်မဟုတ်ပါ။ သက်သေနှင့် တွေ့နေကျ၊ မြင်နေကျ၊ သိရှိထားသူတစ်ဦး မဟုတ်ဘဲ မြင်မှသာ ဟုတ်သည်၊ မဟုတ်သည်ကို ပြောနိုင်မည်ဟုဆိုလျှင် လူစီတန်းပြသရန်လိုပါမည်။

 

ဆောင်ရွက်ရမည့်နည်းလမ်း
စွပ်စွဲခံရသူတရားခံအား အခြားသူမည်မျှနှင့်ရောနှော ၍ စီတန်းပြသရမည်ဟု သတ်မှတ်ထားခြင်း မရှိပါ။ သို့ရာတွင် စွပ်စွဲပြသသူသက်သေသည် စွပ်စွဲခံရသူ တရားခံကို အမှန်တကယ် မှတ်မိခြင်းမရှိဘဲ ကံအားလျော် စွာ စွပ်စွဲပြသခြင်းမပြုနိုင်စေရန် စွပ်စွဲခံရသူတရားခံကို အရေအတွက်အားဖြင့် မများလွန်း၊ မနည်းလွန်းသော အခြားသူတို့နှင့် ရောနှောပြသရန်လိုသည်။ ထို့ကြောင့် အခြားသူ (၉) ဦး သို့မဟုတ် (၁၀) ဦးနှင့် ရောနှောပြသ သင့်သည်။ အကယ်၍ စွပ်စွဲခံရသူတရားခံ (၂) ဦး သို့မဟုတ် ( ၂ ) ဦးထက်ပိုမို၍ လူစီတန်းပြသရန်ရှိနေပါက တစ်ကြိမ်လျှင် စွပ်စွဲခံရသူ တရားခံတစ်ဦးကိုသာ အခြား သူများနှင့် ရောနှောပြသရပါသည်။ ထိုသူကို လူစီတန်း ပြသပြီးမှ နောက်ထပ်စွပ်စွဲခံရသူ တရားခံကို ဆက်လက် ပြသရန် ဖြစ်သည်။

 

သတိပြုရမည့်အချက်
စွပ်စွဲခံရသူတရားခံအား ဖမ်းဆီးသည့်အချိန်မှစ၍ လူစီတန်းပြသသည့်အချိန်အထိ စွပ်စွဲပြသသူ သက်သေ က ကြိုတင်မြင်တွေ့ထားခြင်းမရှိစေရန် လိုသည်။ သို့ဖြစ်၍ စွပ်စွဲပြသသူသက်သေသည် ထိုသို့ ကြိုတင် တွေ့မြင်ထားခြင်း ရှိမရှိ သိရှိနိုင်စေရန် ကြီးကြပ်သူများက ပြည့်ပြည့်စုံစုံ မေးမြန်းရန်လိုသည်။ သက်သေကမှန်းဆ၍ စွပ်စွဲပြသခြင်းကို တားဆီးစေရန်အလို့ငှာ စွပ်စွဲခံရသူ တရားခံသည် ရောနှောပြသသူများနှင့် အရပ်အမောင်း၊ ကိုယ်ခန္ဓာထွားကျိုင်းမှုအစရှိသော သိသိသာသာ ကွဲပြား ခြားနားခြင်း မရှိစေရပါ။ စွပ်စွဲခံရသူတရားခံနှင့် ထူးထူး ခြားခြား ကွဲပြားခြားနားမှုမရှိသောသူတို့နှင့် ရောနှော ပြသရပါမည်။ စွပ်စွဲပြသနိုင်လျှင် စွပ်စွဲခံရသူတရားခံအား သုံးကြိမ်တိုင်တိုင် စီတန်းပြသရပါမည်။ အသစ်စီတန်း ပြသသည့်အခါတိုင်း စွပ်စွဲခံရသူတရားခံအား အဝတ် အစားလဲလှယ်ရန်လည်းကောင်း၊ နေရာပြောင်းရန်လည်း ကောင်း အခွင့်အရေးပေးရပါမည်။

 

အသုံးပြုမည့်ပုံစံနှင့်ပုံစံဖြည့်သွင်းနည်း
စွပ်စွဲခံရသူတရားခံကို ဟုတ်မှန်ကြောင်းစွပ်စွဲပြသရန် လူစီတန်းပြသရာတွင် မှုခင်းပုံစံ (၉၈)ကို အသုံးပြုရပါ မည်။ စွပ်စွဲခံရသူ တရားခံတစ်ဦးထက်ပိုလျှင် တစ်ဦးစီ အတွက် ပုံစံတစ်ရွက်စီ အသုံးပြု ရပါမည်။ ပုံစံ၏အထက် ပိုင်းတွင် စီတန်းပြသသည့် နေ့စွဲ၊ နေရာ၊ စီတန်းပြသခြင်း ခံရမည့် တရားခံအမည်နှင့် တရားခံအား စွပ်စွဲပြသသူ သက်သေ၏အမည်တို့ကို အသီးသီးရေးသွင်းရန်ဖြစ် သည်။ သက်သေအမည်ဆိုသောနေရာတွင် လူစီတန်း ပြသခြင်းကို ကြည့်ရှုရန်ခေါ်ထားသည့် သက်သေ လူကြီးများ၏အမည်စာရင်းကို ရေးသွင်းရန်မဟုတ်ပါ။
ပုံစံ၏ ပထမစာပိုဒ်ဘေးရှိ ကွက်လပ်တွင် အမှုဖြစ်ပွား ပြီးနောက် စွပ်စွဲခံရသူတရားခံကို မြင်တွေ့ခြင်းရှိ၊ မရှိ မေးမြန်းပြီး သက်သေ၏ ဖြေကြားချက်ကို ရေးသွင်းရန် ဖြစ်သည်။ ဒုတိယစာပိုဒ်ဘေးရှိ ကွက်လပ်တွင် စွပ်စွဲခံရ သူတရားခံကို အခြားသူများနှင့် စီတန်းပြသကြောင်း၊ ထိုသူများနှင့် စွပ်စွဲခံရသူတရားခံသည် မည်သို့မည်ပုံ ထူးခြားစွာ ကွဲပြားခြားနားကြောင်း (ရှိလျှင်) ဖော်ပြရ မည်။ တတိယစာပိုဒ်ဘေးရှိ ကွက်လပ်တွင် လူစီတန်း ပြသရာ၌ အဝတ်အစားလဲလှယ်ရန် လည်းကောင်း၊ နေရာပြောင်းရွှေ့ရန်လည်းကောင်း စွပ်စွဲခံရသူတရားခံ အား အခွင့်အရေး ပေး၊ မပေး ရေးသွင်းရန် ဖြစ်သည်။

ပုံစံ၏ စတုတ္ထစာပိုဒ်ဘေးရှိ ကွက်လပ်တွင် စီတန်းပြသ ပြီးနောက် မိမိကိုစွပ်စွဲပြသသူ သက်သေက မတရားစွပ်စွဲ နိုင်ဖို့ရာ အကြောင်းတစ်စုံတစ်ရာ ရှိမရှိ တရားခံကို မေးမြန်းပြီး သူ၏ဖြေကြားချက်များကို ရေးမှတ်ထားရန် ဖြစ်သည်။ စွပ်စွဲခံရသူတရားခံ၏ ယိုးစွပ်ချက်များနှင့် ပတ်သက်၍ စွပ်စွဲပြသသူသက်သေက မည်သို့ဖြေရှင်း ကြောင်းကိုလည်း ရေးသားရန်ဖြစ်သည်။ မတရား စွပ်စွဲနိုင်ဖို့ရာ အကြောင်းတစ်စုံတစ်ရာ ရှိမရှိဆိုသည်မှာ စီတန်းမပြမီ စွပ်စွဲခံရသူတရားခံကို စွပ်စွဲပြသသူသက်သေ က တွေ့မြင်ခဲ့ပြီးခြင်း၊ ရဲကထိုသူ၏ဓာတ်ပုံကို သက်သေ အား ကြိုတင်ပြသ၍ စွပ်စွဲစေခြင်း စသည်တို့ဖြစ်သည်။

ပုံစံ၏ ပဉ္စမစာပိုဒ်ဘေးရှိ ကွက်လပ်တွင် စွပ်စွဲပြသ သည့်သက်သေက စွပ်စွဲခံရသူတရားခံကို မှန်ကန်စွာစွပ်စွဲ နိုင်ခြင်း ရှိမရှိ (၃)ကြိမ် စီတန်းပြသသည့်အနက် အကြိမ် မည်ရွေ့မည်မျှ စွပ်စွဲပြသနိုင်ကြောင်းကို ရေးသွင်းရန်ဖြစ် သည်။ ဆဋ္ဌမစာပိုဒ်ဘေးရှိ ကွက်လပ်တွင် စွပ်စွဲခံရသူ၏ အမည်ကိုရေးရန် ဖြစ်သည်။ အကယ်၍ စွပ်စွဲပြသသူ သက်သေသည် စွပ်စွဲခံရသူတရားခံမဟုတ်သော အခြား သူကို စွပ်စွဲပြသလျှင် ထိုစွပ်စွဲခံရသူ၏အမည်ကို ရေးရ မည်။
အထက်ပါအတိုင်း ပုံစံတွင်ဖြည့်သွင်းပြီးနောက် ကြီးကြပ်သူ (သို့မဟုတ်) ကြီးကြပ်သူများက လက်မှတ် ရေးထိုးရမည်။ ထို့နောက် လူစီတန်းပြသခြင်းကို ကြည့်ရှု ရန် ခေါ်ထားသည့် သက်သေလူကြီးများက လက်မှတ် ရေးထိုးပြီး ၎င်းတို့၏ ရာထူး (သို့မဟုတ်) အလုပ်အကိုင်ကို ရေးသွင်းရမည်။

 

ကြီးကြပ်သူအဖြစ်ဆောင်ရွက်ခြင်း
စွပ်စွဲခံရသူတရားခံကို ဟုတ်မှန်ကြောင်း စွပ်စွဲပြသရန် လူစီတန်းပြသခြင်းကို မည်သူမဆို ကြီးကြပ်ဆောင်ရွက် နိုင်သည်။ ဤကိစ္စအတွက် တရားသူကြီးအဖွဲ့အား အကူ အညီတောင်းခံလာပါက တရားသူကြီးအဖွဲ့ဝင် တစ်ဦးဦး ကဖြစ်စေ၊ တရားသူကြီးအဖွဲ့ဝင် မပါဝင်နိုင်သည့် ကိစ္စရပ် များတွင် တရားရေးဝန်ထမ်းတစ်ဦးဦးအားဖြစ်စေ ကြီးကြပ်ဆောင်ရွက်နိုင်ကြောင်း ပြည်သူတရားသူကြီး အဖွဲ့က ၁၃ - ၁၀ - ၁၉၈၀ ပြည့်နှစ် ရက်စွဲဖြင့် ညွှန်ကြား ချက်အမှတ် ၂၀ ကို ထုတ်ပြန်ခဲ့ဖူးသည်။

 

မပြုမနေပြုလုပ်ရမည့်ကိစ္စမဟုတ်ပါ
သက်သေကို တရားရုံး၌စစ်ဆေးခြင်းမပြုမီ တရားခံ ကို ဟုတ်မှန်ကြောင်း စွပ်စွဲပြသရန်အတွက် လူစီတန်း ပြသရန် လိုအပ်သည်ဟု ဥပဒေတွင်ပြဋ္ဌာန်းထားခြင်း မရှိပါ။ လူစီတန်းပြသသည့်ကိစ္စမှာ မပြုမနေပြုလုပ်ရမည့် ကိစ္စတစ်ရပ်မဟုတ်ပါ။ သို့ရာတွင် ထိုသို့လူစီတန်းပြသ ခြင်းဖြင့် စွပ်စွဲခံရသူတရားခံ ပြစ်မှုကျူးလွန်သူဖြစ်သည် မဖြစ်သည်ဆိုသောအချက်ကို ထောက်ခံချက် သက်သေ ရရှိနိုင်ရန်အတွက် လိုအပ်သည့် မှုခင်းများတွင် လူစီတန်း ပြသခြင်းကို ပြုမူဆောင်ရွက်ကြရသည်။

 

တွေ့ကြုံခဲ့ဖူးသည့်ဖြစ်စဉ်
လူစီတန်းပြသခြင်းကို ရဲတပ်ဖွဲ့က အမှုကိုစုံစမ်း ထောက်လှမ်းသည့် အချိန်ကာလအတွင်း ပြုလုပ်ခြင်းဖြစ် သည်။ သို့ရာတွင် လွန်ခဲ့သောနှစ်ပေါင်း ၄၀ နီးပါးခန့်က အမှုတစ်ခုကို ကြုံခဲ့ဖူးသည်။ မျက်မမြင်မိန်းကလေး တစ်ယောက် ကိုယ်ဝန်ရရှိခဲ့သည်။ စွပ်စွဲခံရသူတရားခံက သူမဟုတ်ကြောင်း ငြင်းဆိုသည်။ မိန်းကလေးက ရာဇသတ်ကြီး ပုဒ်မ ၄၁၇ အရ အရေးယူမှုပြုခဲ့သည်။ ပုဒ်မ ၄၁၇ သည် ရဲအရေးယူပိုင်သော အမှုမဟုတ်သဖြင့် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆို သည်။
ရုံးရှေ့တွင် မျက်မမြင်မိန်းကလေးက တရားခံ၏ ဦးခေါင်း၊ မျက်နှာတို့ကို လက်ဖြင့် စမ်းသပ်ကြည့်မည်၊ အသက်ရှူသံကို နားထောင်ကြည့်မည်၊ သူနှင့်ဖြစ်သူ တရားခံဟုတ်မဟုတ်ကို ဆွဲပြနိုင်ပါသည်ဟု ထွက်ဆို သဖြင့် တရားရုံးက လူစီတန်းပြသခြင်းနည်းလမ်းကို အသုံးပြုခဲ့သည်။ တရားခံအစစ်အမှန်ကို ဖော်ထုတ်နိုင်ခဲ့ သည့် ဖြစ်စဉ်တစ်ရပ် တွေ့ကြုံခဲ့ဖူးသည်။

 

ခိုင်မာသောလုပ်ထုံးလုပ်နည်းကျင့်စဉ်
လူစီတန်းပြသခြင်းကို ပြုကိုပြုရမည်ဟု ဥပဒေက ပြဋ္ဌာန်းမထားသော်လည်း လူစီတန်းပြသမှု ပြုလုပ်ခြင်း ဖြင့် ပြစ်မှုကျူးလွန်သူ အမှန်တကယ် ဟုတ်၊ မဟုတ် သုံးသပ်ဆုံးဖြတ်ရန် အားကောင်းသည့် ထောက်ခံချက်၊ သက်သေခံချက်တစ်ရပ် ဖြစ်နေသောကြောင့် လိုအပ် သည့်အမှုများတွင် လူစီတန်းပြသမှုပြုလုပ်ခြင်းသည် တရားစီရင်ရေးတွင် ခိုင်မာသော လုပ်ထုံးလုပ်နည်း ကျင့်စဉ် တစ်ရပ်အဖြစ် တည်ရှိလျက် ရှိနေကြောင်းပါဗျာ။


လူစီတန်းပြသခြင်းဖြင့် အမှုအတွက် အထောက် အကူပြုသည့် သက်သေခံချက်ရရှိနိုင်ပါစေ၊


လူစီတန်းပြသမှုပြုရာတွင် လုပ်ထုံးလုပ်နည်း ကျင့်စဉ်များနှင့်အညီ ဖြစ်ကြပါစေ၊


ခိုင်မာသည့် လုပ်ထုံးလုပ်နည်းကျင့်စဉ်များဖြင့် တရားရေးမဏ္ဍိုင် ခန့်ထည်မြဲခိုင်နိုင်ပါစေ။


ရည်ညွှန်းချက် ။ ။ ပြည်သူ့တရားသူကြီးအဖွဲ့၏ ၁၃ - ၁၀ - ၁၉၈၀ ရက်စွဲပါ
ညွှန်ကြားချက်အမှတ် ၂၀ နှင့် တရားရုံးများလက်စွဲ အပိုဒ် (၆၁၈)

 

ု‌ေိ