လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းဆီ ဦးတည်နေသည့် အီသီယိုပီးယား ပဋိပက္ခ

• • • • • • ကလျာမိုးမြင့် • • • • • •

 

အီသီယိုပီးယားနိုင်ငံမြောက်ပိုင်း တီဂရေးဒေသက လက်နက်ကိုင်တပ်ဖွဲ့တွေကို လက်နက်ချအညံ့ခံဖို့ အီသီယိုပီးယားဝန်ကြီးချုပ် အဘီအာ မက်က ၇၂ နာရီ (အချိန်သုံးရက်) တိတိ ပေးထားပါတယ်။ အဲဒီအချိန်မှာပဲ အစိုးရတပ်ဖွဲ့တွေဟာ မြို့တော်မက်ကီလီဆီကို ဆက်လက်ချီတက်လာ နေပြီဖြစ်ပါတယ်။

 

ပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးရ

 

တီဂရေးခေါင်းဆောင်တွေ အနေနဲ့ ပြန်လမ်းမရှိတဲ့ အခြေအနေကို ရောက်နေပြီလို့ ဝန်ကြီးချုပ်က ပြောပါတယ်။ တီဂရေးတောင်တန်းဒေသကို ထိန်းချုပ်ထားတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) ဟာ အစိုးရနဲ့ ဆက်ပြီးတိုက်ခိုက်ဖို့ လိုလားနေတယ်လို့ သိရပါတယ်။ မကြာသေးမီရက် သတ္တပတ်တွေအတွင်း အစိုးရနဲ့ လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ ပဋိပက္ခတိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ ပဋိပက္ခကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ခု ဖြစ်ပွားလာနိုင်တယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီး က သတိပေးထားပါတယ်။

 

လက်နက်ကြီးနဲ့ ပစ်ခတ်မယ်

 

အီသီယိုပီးယားစစ်တပ်က မက်ကီလီမြို့ကို အဘက်ဘက်ကနေ ဝန်းရံပိတ်ဆို့မှာဖြစ်ပြီး မြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်မှာဖြစ်တယ်ဆိုတဲ့အကြောင်း စောစောကတည်းက သတိပေးထားခဲ့ပါတယ်။ ညှာတာထောက်ထားနေမှာ မဟုတ်ဘူးလို့ စစ်တပ်ပြောရေး ဆိုခွင့်ရှိသူက ဆိုပါတယ်။

 

အီသီယိုပီးယားအစိုးရဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ၎င်းရဲ့တပ်ဖွဲ့တွေကို အဓိကကျတဲ့ မြို့တွေမှာ တပ်ဖြန့်နေရာယူစေခဲ့ပါတယ်။ သို့သော်လည်းပဲ ပဋိပက္ခစတင် ဖြစ်ပွားခဲ့ချိန်ကတည်းက ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာကြောင့် သတင်းအချက်အလက်တွေကို အတည်ပြုဖို့ ခက်ခဲသလို ရရှိတဲ့သတင်းတွေကိုလည်း လွတ်လပ်စွာ ခွဲခြားစိစစ်နိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

 

နောက်ဆုံးအခွင့်အရေး

 

တီဂရေးခေါင်းဆောင်တွေကို ရည်ညွှန်းပြီး ထုတ်ပြန်ခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက် ဖော်ပြချက်မှာ မစ္စတာ အဘီက သင်တို့ ဖျက်လိုဖျက်ဆီးလုပ်ရပ်ဟာ အဆုံးသတ်ချိန်ရောက်လုနီးပြီဖြစ်တယ်။ ဒီတော့ ပြန်လမ်းမရှိတဲ့ အခြေအနေကိုရောက်နေတဲ့ သင်တို့အနေနဲ့ နောက် ထပ် ၇၂ နာရီအတွင်းမှာ အေးအေးချမ်းချမ်း လက်နက်ချအညံ့ခံဖို့နဲ့ နောက်ဆုံးပေးလိုက်တဲ့ အခွင့်အရေးကို အရယူဖို့တိုက်တွန်းတယ် ဆိုပြီး ဆိုထားပါတယ်။

 

တီဂရေးလွတ်မြောက်ရေးတပ်ဦး အဖွဲ့သားတွေ အေးအေးချမ်းချမ်း လက်နက်ချ အညံ့ခံဖို့သင့်ပြီဖြစ်သလို မက်ကီလီ ဒေသခံပြည်သူတွေအနေနဲ့ နိုင်ငံတော်ကို သစ္စာဖောက်နေတဲ့ အဲဒီအုပ်စုတွေကို တရားမျှတမှု လမ်းကြောင်းဆီ ခေါ်ဆောင်သွားတဲ့နေရာမှာ အစိုးရတပ်ဖွဲ့တွေကို အားပေးကူညီသင့်တယ် လို့ မစ္စတာ အဘီက ပြောပါတယ်။

 

အီသီယိုပီးယား လက်မခံ

 

နိုဝင်ဘာ ၂၁ ရက်က တောင်အာဖရိကသမ္မတ ဆိုင်ရီလ်ရာမာဖိုဆာဟာ အာဖရိက ပြည်ထောင်စုရဲ့ ဥက္ကဋ္ဌတစ်ဦးအနေနဲ့ ၎င်းတတ်နိုင်တဲ့ ဘောင်အတွင်းကနေ ပဋိပက္ခ အဆုံးသတ်စေရေးအတွက် ဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးဖို့ သမ္မတဟောင်းသုံးဦးကို တာဝန်ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

 

 

ဒါပေမယ့် အဲဒီကမ်းလှမ်းချက်ကို အီသီယိုပီးယားအစိုးရက ပြည်တွင်းဥပဒေ စိုးမိုးရေးမစ်ရှင် လှုပ်ရှားမှုတစ်ခုသာဖြစ်တယ်လို့ ထင်မြင်ခဲ့ပြီး လက်မခံခဲ့ပါဘူး။ မိမိတို့အနေနဲ့ ရာဇဝတ်သားတွေနဲ့ ညှိနှိုင်းနေစရာ အကြောင်းမရှိဘူး။ ဒီလူတွေကို တရားမျှတမှု ဆီအရောက်ပို့ဖို့ ကြိုးပမ်းနေခြင်းသာဖြစ်ပြီး ညှိနှိုင်းရေးစားပွဲပေါ် ဆွဲခေါ်နေတာမဟုတ်ဘူးလို့ အီသီယိုပီးယား ဝန်ကြီးချုပ်ရဲ့ ထိပ်တန်းအကြံပေး မာမိုမီရက်သူကပြောကြားခဲ့ပါတယ်။

 

သွားရောက်နိုင်မှာမဟုတ်

 

အာဖရိက မောင်နှမတွေအနေနဲ့ တီဂရေး ခေါင်းဆောင်တွေ လက်နက်ချအညံ့ခံလာအောင် ပိုပြီးဖိအားပေးတာက ဒီထက်ပိုပြီး အကူအညီပေးရာရောက်လိမ့်မယ်။ ဒီအတွက်ကြောင့် ဘယ်သူကမှ တီဂရေး သို့မဟုတ် မက်ကီလီကို သွားဖို့မလိုဘူးလို့ မစ္စတာမာမို က ဆိုပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ အီသီယိုပီးယားသို့ ရောက်ရှိလာကြမယ့် မိုဇမ်ဘစ်၊ လိုက်ဘေးရီးယားနဲ့ တောင်အာဖရိက ခေါင်းဆောင်ဟောင်းတွေအနေနဲ့ တီဂရေးမှာ လက်ရှိလုပ်ဆောင်နေတဲ့ စစ်ဆင်ရေးကြောင့် အဲဒီကိုသွားရောက်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

 

ပဋိပက္ခတိုက်ပွဲတွေ စတင်ဖြစ်ပွားချိန်ကတည်းက ဆက်သွယ်ရေးလမ်းကြောင်းတွေနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု မှန်သမျှဟာလည်း အကြီးအကျယ် ပြတ်တောက်ခဲ့ပါတယ်။ တီဂရေးမှာရှိတဲ့ပြည်သူတွေဆီ လိုအပ်တဲ့ အရေးပေါ် အကူအညီတွေကို ကုလသမဂ္ဂ အေဂျင်စီတွေက ပေးပို့နိုင်ဖို့အတွက် အစိုးရက အတတ်နိုင်ဆုံး ကြိုးစားနေတယ်လို့ ဆိုပါတယ်။

 

ပဋိပက္ခဖြစ်ပွားရခြင်း အကြောင်းရင်း

 

တီဂရေး ပြည်သူ့လွတ်မြောက်ရေးတပ်ဦးအဖွဲ့နဲ့ အီသီယိုပီးယား ဗဟိုအစိုးရတို့အကြား ကြာမြင့်စွာ ဖြစ်ပွားနေခဲ့တဲ့ တင်းမာမှုကနေ ယခုပဋိပက္ခ ပေါက်ဖွားလာတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ နိုင်ငံအတွင်း ကိုဗစ် - ၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် ပြည်လုံးကျွတ် ရွေးကောက်ပွဲကို ဝန်ကြီးချုပ် မစ္စတာ အဘီက ရွှေ့ဆိုင်းလိုက်ရာကနေ တင်းမာမှုတွေ အရှိန်မြင့်ကြီးထွားလာခဲ့ရပါတယ်။ တီဂရေး လွတ်မြောက်ရေးတပ်ဦးက လုပ်ပိုင်ခွင့်အာဏာ လက်လွှတ်ရတော့မယ့် ဝန်ကြီးချုပ်မစ္စတာဘီရဲ့ ဗဟိုအစိုးရအဖွဲ့ကို တရားမဝင်ဘူးလို့ ရှုမြင်နေပါတယ်။

 

ထိုးစစ်ဆင်ကြောင်းကြေညာ

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်မှာ အီသီယို ပီးယားဝန်ကြီးချုပ်က တီဂရေးလွတ်မြောက်ရေး တပ်ဦးကို ထိုးစစ်ဆင်ကြောင်း ကြေညာခဲ့ပါတယ်။ TPLF တပ်ဖွဲ့တွေက မက်ကီလီမှာရှိတဲ့ စစ်တပ်ရဲ့ မြောက်ပိုင်းစစ်ရေးညွှန်ကြားမှုရုံးကို တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆင်ရေး ကြေညာလိုက်တာ ဖြစ်ပါတယ်။ တီဂရေးလွတ်မြောက်ရေးတပ်ဦးကတော့ စွပ်စွဲချက်ကို မဟုတ်ကြောင်း ငြင်းဆန်ထားပါတယ်။

 

အခုအချိန်အထိကတော့ ပဋိပက္ခဖြစ်ပွားရာဇုန်ထဲကို ဘယ်အကူအညီပေး အဖွဲ့အစည်းတွေကမှ ဝင်ရောက်ခွင့် မရှိသေးပါဘူး။ နိုဝင်ဘာလကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ ထောင်နဲ့ချီတဲ့ အပြစ်မဲ့ပြည်သူတွေ သေဆုံးသွားနိုင်တဲ့အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေက စိုးရိမ်ပူပန်နေပါတယ်။ နိုင်ငံအတွင်းက ဒုက္ခသည် ၃၃၀၀၀ ထက်မနည်းဟာ ဆူဒန်နိုင်ငံကို ထွက်ပြေးသွားကြပြီ လို့ သိရပါတယ်။ ။

 

ကိုးကား- အေအက်ဖ်ပီ၊ ဘီဘီစီ