မာလဲနတ်​​တောင်​ ​ရေ​လှောင်​တမံမှ ယခုနှစ် နွေသီးနှံစိုက်ဧက ၈၀၀ ကျော်အတွက် စိုက်ပျိုးရေများ ပေးဝေသွားမည်

မန္တ​လေး၊  ၁၇  ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်​အတွင်းရှိ မာလဲနတ်​​တောင်​ ​ရေ​လှောင်​တမံအား  တောင်သူများအတွက်​ စိုက်​ပျိုး​ရေပြည့်ဝစွာ​ ပေး​ဝေနိုင်​ရန်​ ပြုပြင်​​မှုများ ဆောင်​ရွက်​ပြီးဖြစ်၍  နွေသီးနှံစိုက်​ဧက ၈၀၀ ကျော်အတွက်​​​ လာမည့်  ဖေဖော်ဝါရီ ပထမပတ်မှစ၍ စိုက်ပျိုးရေများ ပေး​ဝေ​သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်​​မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ​ရေး ဦးစီးဌာနမှ လက်​​ထောက်​ညွှန်​ကြား​ရေးမှူး ဦးစံမင်းထွန်းက ပြောကြားသည်​။

 

အဆိုပါ နွေသီးနှံစိုက်ဧကများအတွက် မာလဲနတ်​​တောင်​ ရေ​လှောင်​တမံအတွင်း ရေလှောင်ကန် ပမာဏမှာ ၁၇၀၈၀ ဧကပေ၊ ရေသေပမာဏမှာ ၇၄၁၀ ဧကပေ၊ စိုက်ပျိုးရေးအတွက် အသုံးပြုနိုင်သော ရေပမာဏ မှာ  ၉၆၇၀ ဧကဖြစ်ပြီး၊ ယင်းရေလှောင်ကန် ပမာဏပေါ်မူတည်၍  ယခု ဘဏ္ဍာနှစ်တွင် နွေစပါး ၇၆၅ ဧကနှင့် နွေနှမ်း ဧက ၁၀၀  လျာထားပြီး စိုက်ပျိုးရေးများ ပေးဝေသွားမည်ဖြစ်ကြောင်း ထို့အတူ လာမည့် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးကြမည့် ပျိုးထောင်ရေအတွက်လည်း ချန်ထားပြီးဖြစ်ကြောင်း သိရသည်။ 

 

“တောင်​သူ​တွေအတွက်​ ​စိုက်​ပျိုး​ရေများပြည့်ဝစွာ​ ပေးနိုင်​​အောင်​ မာလဲနတ်​​တောင်​ကို အဆင်​မြှင့်တင်​​ပြုပြင်ခြင်း လုပ်ငန်းတွေ ဆောင်​ရွက်​​ပြီးပါပြီ။ နောက်ဆို မိုးရွာသွန်းမှုပေါ် မူတည်ပြီးတော့ တောင်သူတွေအတွက် စိုက်ပျိုးရေများကို ပြည့်ဝစွာပေးသွားမှာပါ။ ယခုနွေသီးနှံတွေအတွက်လည်း စိုက်ပျိုးရေ ပေးဝေသွားတော့မှာပါ။ တောင်သူတွေ အနေနဲ့ကလည်း ရေကိုစနစ်တကျနဲ့ ချွေတာသုံးစွဲကြဖို့လိုပါတယ်။ ဒါမှရေတွေ အလေအလွင့်မရှိဘဲနဲ့ တောင်သူတွေ အဆင်ပြေစွာသုံးစွဲနိုင် ကြမှာပါ။ နွေ၊ မိုးရာသီအလိုက် တောင်သူတွေအတွက် စိုက်ပျိုးရေများ ကို ပေးဝေသွားမှာပါ” ဟု ၎င်းကရှင်းပြသည်။  

 

ထိုမာလဲနတ်တောင် ရေလှောင်တမံမှ ရေပေးဝေနိုင်မှုအတွက် စနစ်တကျ အဆင့်မြင့်တင်ပြီးဖြစ်၍ ဆည်ရေသောက် ဧရိယာဧက ၆၅၀၀ အတွက် အပြည့်အဝ ပေးဝေနိုင်တော့မည်ဖြစ်ကြောင်း၊ အဆိုပါ စိုက်ပျိုးရေများကို မာလဲကျေးရွာ၊ နတ်တောင်ကျေးရွာ၊ လက်ပန်လှ၊ ဝါးရုံးကုန်း၊ ရှောက်ပင်ရိုး၊ ခူလယ်၊ ကုက္ကို၊ စဉ့်ကူး(၂)၊ ငွေတောင်နှင့် မင်း ရွာစသည့်ကျေးရွာများတွင် ယခင်ကထက် ဆည်ရေ အပြည့်အဝရရှိတော့မည်ဖြစ်ကြောင်း သိရသည်။ 

 

ထို့အတူ ဆည်​​တော်​ကြီးဆည်​မှလည်း ယခုနှစ်တွင် တောင်သူများ စိုက်ပျိုးမည့် နွေသီးနှံများဖြစ်သော နွေစပါး ၆၇၀၅၃ ဧကနှင့် နွေနှမ်း ၂၉၅ ဧကတို့အတွက် ရေပြည့်ဝစွာ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

မင်းထက်အောင်(မန်းကိုယ်ပွား)