မဘိမ်းမြို့နယ်၊ ငါးအိုးတိုက်နယ်ဆေးရုံတွင် သုံးမွှာပူးကလေးငယ်များ အောင်မြင်စွာမွေးဖွား

မဘိမ်း  ၄  ဒီဇင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ငါးအိုးတိုက်နယ်ဆေးရုံတွင် ဒီဇင်ဘာ ၃ ရက် ည ၆ နာရီ ၄၅ မိနစ်က သုံးမွှာပူးကလေးငယ်များ အောင်မြင်စွာဖွားမြင်နိုင်ခဲ့ကြောင်း ငါးအိုးတိုက်နယ်ဆေးရုံ၊ လက်ထောက် ဆရာဝန် ဒေါက်တာဝင်းမင်းဦးထံမှ သိရသည်။ 

အဆိုပါ သုံးမွှာပူးကလေးမိခင်မှာ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာအုပ်စု၊ ကောင်းကင်သာကျေးရွာမှ အသက်(၃၀) နှစ်အရွယ် မခင်စန်းနွယ်ဖြစ်ပြီး ၄င်းကို ငါးအိုးတိုက်နယ်ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာဝင်းမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ ည ၆ နာရီ ၄၅ မိနစ်က ပထမကလေးငယ်ကို လည်းကောင်း၊ ည ၆ နာရီ ၅၀ မိနစ်က ဒုတိယကလေးငယ်ကို လည်းကောင်း၊ ည ၇ နာရီ ၆ မိနစ်က တတိယကလေးငယ်ကိုလည်းကောင်း အသီးသီးအောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်းသိရပြီး ကလေးငယ်သုံးဦးမှာ ယောကျ်ားလေး နှစ်ဦးနှင့် မိန်းကလေး တစ်ဦးဖြစ်ကြောင်း၊ ကလေးများပေါင်ချိန်ပြည့်မီပြီး မိခင်ပါကျန်းမာလျက်ရှိကြောင်း ငါးအိုးတိုက်နယ် ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာဝင်းမင်းဦးက ပြောကြားသည်။ 

မျိုးမင်း (ပြန်/ဆက်)