မြစ်ကြီးနား-တနိုင်း ကားလမ်း၌ မော်တော်ယာဉ်တစ်စီး မီးလောင်

ကာမိုင်း  ၁၁   ဇူလိုင် 

 

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီး၌ ယနေ့မွန်းလွဲပိုင်းက မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ကာမိုင်းနယ်မြေမီးသတ်စခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၂ နာရီခန့်က မြစ်ကြီးနားမှတနိုင်းသို့ လီဒိုလမ်းမကြီးအတိုင်း ယာဉ်မောင်း ရန်နိုင်ဦး မောင်းနှင်ကာ ခရီးသည်နှစ်ဦးလိုက်ပါလာသည့် HIACE အမျိုးအစား မော်တော်ယာဉ်သည် လဝါးကျေးရွာနှင့် ဒွန်ဘန်ကျေးရွာ မိုင်တိုင်အမှတ်(၃၁ ကီလို နှင့် ၃၂ ကီလို)ကြားအရောက်တွင် အင်ဂျင်အပူလွန်ကဲကာ မီးလောင်ကျွမ်းခဲ့သည်။

 

မီးလောင်ကျွမ်းရာနေရာသို့ ကာမိုင်းနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးမြတ်အောင် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ယာဉ်တစ်စီးဖြင့် သွားရောက်ငြှိမ်းသတ်ရာ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ရန်နိုင်ဦးအား ကာမိုင်းနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)