မြစ်သားမြို့နယ်မှ လေ့လာစရာ ဖိုးအင်သဘာ၀ ကျောက်လိုဏ်ဂူ

မြစ်သား ၂၆ အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ဖိုးအင်ရွာအနီးတွင် ဖိုးအင် သဘာဝကျောက်လိုဏ်ဂူ နှစ်ခုတည်ရှိရာ လိုဏ်ဂူများအတွင်း အလွယ်တကူ ဝင်ရောက်လေ့လာနိုင်သည်။

ဖိုးအင်ကျေးရွာအနီးတွင် မူလက ဖိုးအင်ဂူတစ်ခုသာ ရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဒုတိယ သဘာ၀လိုဏ်ဂူ ထပ်မံတွေ့ရှိခဲ့သည်။ ထိုဂူများကို အလွယ်တကူ သွားရောက်လေ့လာနိုင်ရန်အတွက် မြစ်သားလူငယ်အဖွဲ့မှ လမ်းဖောက်ခြင်း၊ မီးစက်များ လှူဒါန်းခြင်းများ ပြုလုပ်ကာ လာရောက်လေ့လာသော ဧည့်သည်များ သွားလာနိုင်ရန်အတွက် မီးထွန်းပေးနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

ကျောက်လိုဏ်ဂူနှစ်ခုမှာ အဝင်၀ လူနှစ်ကိုယ်စာသာရှိပြီး အတွင်းပိုင်းတွင်မူ ကျယ်ပြန့်သန့်ရှင်းပြီး လှပသော ကျောက်စက်ပန်းဆွဲများနှင့် စွဲဆောင်မှုရှိလှသည်။ ကျောက်နံရံများ ကျောက်စက်ပန်းဆွဲများမှာ သဘာဝအတိုင်း ပုံသဏ္ဌာန်မျိုးစုံဖြင့် သဘာဝပန်းချီပြခန်းကြီးသဖွယ် ဖြစ်နေသည်။ နံရံတိုင်းတွင်ရှိသော ကျောက်စက်ပန်းဆွဲများမှာ သဘာဝအတိုင်း မပျက်မယွင်း တည်ရှိနေသည့်အတွက် အလှပဆုံးမြင်တွေ့နိုင်သည်။

ဂူများအတွင်း အလွယ်တကူ လေ့လာနိုင်ရန် ဖိုးအင်ဒုတိယဂူသို့ သွားရာလမ်းတစ်လျောက်တွင် ကွန်ကရစ်လမ်းဖောက်လုပ်ခြင်း၊ ဂူအဝင်ဝတွင် သံလှေခါးတပ်ဆင်ပေးခြင်း၊ ဂူသို့သွားရာ လမ်းဘေးတွင် စေတီငယ် တည်ထားကိုးကွယ်ခြင်းများကို ငွေကျပ်သိန်း (၃၇၀) အကုန်ကျခံကာ ပြုလုပ်ထားပြီးဖြစ်သည့်အတွက် အလွယ်တကူ သွားရောက်လေ့လာနိုင်သည်။

ဖိုးအင် သဘာဝကျောက်လိုဏ်ဂူ နှစ်ဂူမှာ ကျယ်ပြန့်စွာတည်ရှိသည်။ ဖိုးအင်ပထမဂူကို ၂၀၁၅-၂၀၁၆ တွင် နိုင်ငံခြားသားများ လာရောက်သုတေသနပြုကာ အောက်ဆီဂျင်ဘူးများဖြင့် ဆင်းကြည့်ဖူးကြောင်း သိရပြီး ဖိုးအင်ရေထွက်အထိ လမ်းပေါက်သော ကျောက်ဂူပင်ဖြစ်သည်။

ဒုတိယဂူကိုမူ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် မြစ်သားလူငယ်အဖွဲ့ စတင်လေ့လာခဲ့ပြီး လာရောက်လည်ပတ်လေ့လာသူများ အလွယ်တကူ သွားလာလေ့လာနိုင်ရန်အတွက် လျှပ်စစ်မီးကြိုးသွယ်တန်းကာ မီးစက်များဖြင့် မီးထွန်းပေးထားခဲ့သည်။ လက်ရှိကာလတွင် ဖိုးအင်ရွာအနီးရှိ ဖိုးအင် ဂူနှစ်ဂူကို အလွယ်တကူ လေ့လာနိုင်ပြီဖြစ်ကြောင်း သိရသည်။

တိမ်တမန်