မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ ရယူသုံးစွဲလုပ်ကိုင်နိုင်ရေး

ကိုကိုဦး

 

နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား အသုံးပြု၍ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ၁၉၉၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် အမိန့် ကြော်ငြာစာအမှတ်(၄၄/၉၁)ဖြင့် ထုတ်ပြန်၍ စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ယင်းနှင့်ဆက်နွှယ်လျက်ရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လိုသည့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းနှင့် သမဝါယမအသင်းများ၊ ဖက်စပ်လုပ်ငန်းများ၊ အခြားအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကများက မြေယာလုပ်ပိုင်ခွင့်/ အသုံးပြုခွင့်အတွက် လျှောက်ထားလာခြင်းများကို စတင်ဖိတ်ခေါ် ဆောင်ရွက်ခဲ့ပါသည်။

 

ယခင် ပထမအကြိမ် ဒီမိုကရေစီကာလ ရောက်ရှိလာသည့်အခါ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနှင့်ပတ်သက် ၍ နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသားများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသော ရင်းနှီး မြှုပ်နှံသူများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့် နည်းဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပါသည်။

 

လက်ရှိအစိုးရကာလ ရောက်ရှိသည့်အခါ အဆိုပါ ဥပဒေ၏ အားနည်းချက်နှင့် လိုအပ်ချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းတို့အား ဆောင်ရွက်ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင် သည့်ဥပဒေ (၂၀၁၈) ကို ၂၀၁၈ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် (၂၄) ဖြင့် ပြဋ္ဌာန်းပေးနိုင်ခဲ့ပါသည်။

 

အထက်ပါပြဋ္ဌာန်းပေးချက်အရ ဒေသခံများ၊ မြေယာ မဲ့နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးကိစ္စအပါအဝင် နိုင်ငံသားအားလုံး အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား စနစ်တကျရယူလျှောက်ထား၍ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ရရှိနိုင်ပြီဖြစ်ပါသည်။ ထို့အပြင် ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာအရ သတ် မှတ်မြေများ၊ အများပြည်သူနှင့် တိုင်းရင်းသားများဆိုင်ရာ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့အတွက် လက်ရှိအသုံးပြုထားသည့် မြေများကိုလည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စာရင်းမှ နုတ်ပယ်နိုင်ရန် ပြဋ္ဌာန်းပေးနိုင်ခဲ့ပါသည်။ ယင်းအပြင် တည်ဆဲဥပဒေ၊ စည်းမျဉ်းနှင့်အညီ တောင်ယာ လုပ်ပိုင်ခွင့်ပေးထားသည့် မြေများကိုလည်း နုတ်ပယ်ပေးခဲ့ပါသည်။

 

လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်

 

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားရာတွင် ဧက ၃၀၀ နှင့် အောက် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဧက ၅၀ နှင့်အောက် မွေးမြူရေး လုပ်ငန်းဆောင်ရွက်လိုသူများအတွက် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်စီမံခန့်ခွဲ ရေးကော်မတီသို့ လျှောက်ထားရန်ဖြစ်ပြီး အထက်ပါစီမံ ခန့်ခွဲရေးကော်မတီများက ခွင့်ပြုနိုင်သော ဧကထက်ပိုမို၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လိုသူများ၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အစိုးရက ခွင့်ပြု ထားသော ဥပဒေနှင့်ညီညွတ်သော အခြားလုပ်ငန်းများအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ လျှောက်ထားရမည်ဖြစ်ပါသည်။

 

လျှောက်ထားလိုသူအနေဖြင့် လျှောက်လွှာပုံစံများကို နီးစပ်ရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးများတွင် အခမဲ့ရယူပြီး အထက်ဖော်ပြပါ ကော်မတီများ၌ သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ထုတ်ပေးသည့် မြေပုံကြမ်းနှစ်ပုံ၊ လုပ်ငန်းစီမံချက်၊ လုံလောက်သော အရင်းအနှီးရှိကြောင်း ဝန်ခံချက်များပူးတွဲ၍ လျှောက်ထား ရမည်ဖြစ်ပါသည်။ ဤနေရာ၌ ဒေသခံတောင်သူလယ် သမားများ တစ်ပိုင်တစ်နိုင်လုပ်ကွက်များ လျှောက်ထားရာ၌ လုံလောက်သောအရင်းအနှီးအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်မည့် မိမိတို့ပိုင်ဆိုင်သည့် ကျွဲ၊ နွား၊ ထွန်၊ ထယ်ကိရိယာနှင့် အိမ်ထောင်သားစုဝင်လုပ်ကိုင်နိုင်သည့် အင်အားရှိကြောင်း သက်ဆိုင်ရာရပ်ရွာမှ ထောက်ခံ ချက်အရ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

အများပြည်သူသိရှိအောင် ထုတ်ပြန်

 

အဆိုပါလျှောက်လွှာကို ဗဟိုကော်မတီနှင့် စီမံခန့်ခွဲ ရေးကော်မတီများမှ လက်ခံရရှိပါက သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ အဆင့်ဆင့်ပေးပို့၍ မြို့နယ်ဦးစီးဌာနမှူးရုံးသည် လျှောက် လွှာနှင့်စပ်လျဉ်းသည့် အချက်အလက်များကိုစိစစ်ကာ လျှောက်ထားချက်နှင့်စပ်လျဉ်းပြီး ကန့်ကွက်လိုသူရှိပါက ခိုင်လုံသောအထောက်အထားတင်ပြ၍ ရက်ပေါင်း ၃၀ အတွင်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာစာကို သက်ဆိုင်ရာ နေပြည်တော်ဦးစီးဌာနရုံး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာနရုံး၊ ခရိုင်ဦးစီး ဌာနရုံး၊ မြို့နယ်ဦးစီးဌာနရုံးနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းတည်ရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ် ရေးမှူးရုံးများ၌ အများပြည်သူသိရှိအောင် ထုတ်ပြန်ရ ပါသည်။ သတ်မှတ်ရက်ကုန်ဆုံးသည့်ရက်တိုင် ကန့်ကွက် ချက်မရှိပါက ခုနစ်ရက်အတွင်း သက်ဆိုင်ရာ ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ တင်ပြရပြီး ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးသည် သဘောထားမှတ်ချက်နှင့်အတူ သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးဌာနရုံးသို့ ခုနစ်ရက်အတွင်း ဆက်လက်တင်ပြပြီး ၎င်းမှတစ်ဆင့် သဘောထားမှတ်ချက်နှင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်စီမံခန့်ခွဲရေး ကော်မတီသို့ ခုနစ် ရက်အတွင်း ပေးပို့တင်ပြရပါသည်။

 

ငြင်းပယ်ခြင်းပြုရ

 

နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်စီမံခန့်ခွဲရေး ကော်မတီအနေဖြင့် လုပ်ငန်းစာတွဲကို ရရှိသည့်အခါ စိစစ် ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့သို့ သဘောထားမှတ်ချက်ရယူ၍ သဘောထားမှတ်ချက်ရရှိ သည့်နေ့မှ ခုနစ်ရက်အတွင်းခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းနှင့် ဗဟိုကော်မတီသို့ တင်ပြခြင်းများ ဆောင်ရွက်ရပါသည်။ ဗဟိုကော်မတီအနေဖြင့် စိစစ်ပြီး သက်ဆိုင်ရာလျှောက်ထားသည့် လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များ တောင်းခံရယူပြီး လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထား ခြင်းကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုရပါသည်။

 

၅၈ ရက်ခန့် ကြာမြင့်နိုင်

 

အထက်ဖော်ပြပါလုပ်ငန်းစဉ်အရ လျှောက်လွှာစတင် သည်မှ ဗဟိုကော်မတီသို့ ရောက်ရှိသည်အထိ ကြာမြင့်ချိန် သည် ကန့်ကွက်ချက်မရှိပါက အနည်းဆုံး ၅၈ ရက်ခန့် ကြာမြင့်နိုင်ပြီး ကန့်ကွက်ချက်တစ်စုံတစ်ရာရှိပါက အဆိုပါကန့်ကွက်ချက်အပေါ် ဗဟိုကော်မတီ၏ ခွင့်ပြုချက် ဖြင့် “သီးခြားအဖွဲ့” ဖွဲ့စည်း၍ ဆောင်ရွက်ရပါသဖြင့် ကန့်ကွက်ချက်အနေအထားပေါ်မူတည်၍ အချိန်ကြာမြင့်မှု ဖြစ်ပေါ်နိုင်ပါသည်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ဗဟိုအဆင့်များ၌ သက်ဆိုင်ရာ အဖွဲ့အစည်း၊ လုပ်ငန်းဌာနနှင့် ဝန်ကြီးဌာန များသို့ သဘောထားမှတ်ချက် တောင်းခံမှုများနှင့် ပတ်သက်၍လည်း အဆိုပါအဖွဲ့အစည်းများမှ စိစစ်ရသည့် လုပ်ငန်း အတိမ်အနက်အပေါ် မူတည်၍ ကာလတစ်ခု ကြာမြင့်ပါသည်။ စျေးကွက်စီးပွားရေး ဖော်ဆောင်နေသော ခေတ်၌ ခွင့်ပြုခြင်း/ မပြုခြင်းကို လျင်မြန်စွာ ဆုံးဖြတ်ပေး ရန် လိုအပ်သည့်နည်းတူ လူမှုပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများ မရှိစေရေးအတွက် ကော်မတီ များအနေဖြင့် ဂရုပြုရန်လိုအပ်ပါသည်။ နိုင်ငံတော်၏မူဝါဒ လမ်းစဉ်နှင့်အညီ ရေရှည်ဆောင်ရွက်ကြရမည့် လုပ်ငန်း များဖြစ်သည့်အတွက် နောင်တွင် အမှားအယွင်း မရှိစေရေး အချိန်ကို အကျိုးရှိစွာအသုံးပြု၍ မြန်ဆန်တိကျစွာဖြင့် စနစ်တကျစိစစ်ကြရန်လည်း လိုအပ်ပါသည်။

 

နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ နိုင်ငံသားတိုင်း မည်သူမဆို သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း လျှောက်ထားရယူ၍ မိမိတို့ဆောင်ရွက် လိုသည့် လုပ်ငန်းရပ်ကို အကျိုးရှိစွာ ဆောင်ရွက်နိုင်ကြပါ သည်။ နိုင်ငံသားအားလုံး လျှောက်ထားရယူအသုံးပြုလုပ် ကိုင်နိုင်သည့် တန်းတူရည်တူအခွင့်အရေးရှိပါသည်။ ထိုသို့ လျှောက်ထားရယူခြင်း၌ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပေးအပ်ခြင်းတွင် လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်ခြင်း ရှိ/ မရှိ ထိန်းကျောင်းနိုင်ရန်အတွက် အာမခံကြေး ပေးသွင်းစေပြီး အဆိုပြု လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပြီးပါက တင်သွင်းထားသည့် အာမခံကြေးကို ပြန်လည်ထုတ်ပေးသည့်အတွက် နိုင်ငံသားတိုင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကို အခမဲ့ရယူ နိုင်မည်ဖြစ်ပါသည်။

 

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ ဖြစ်

 

လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ချိန်၌ မြေခွန်တော်ကင်းလွတ်ခွင့်ကာလကုန်ဆုံးပြီး ကောက်ခံ သည့် မြေခွန်တော်ပမာဏသည်လည်း လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်နှိုင်းယှဉ်ပါက မပြောပလောက်သည့် ပမာဏသာဖြစ်ပါသည်။ ထို့အတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများအနေဖြင့်လည်း ကျသင့်သည့်မြေခွန်တော်ကို သတ်မှတ်ချိန်၌ မပျက်မကွက်ပေးသွင်းရန် လိုအပ်ပါသည်။ ပေးသွင်းရန်ပျက်ကွက်ပါက ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ပါသည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အမှန်တကယ်ဥပဒေနှင့်အညီ လုပ်ငန်းဆောင်ရွက်သူများအတွက် နိုင်ငံတော်က မြေအခမဲ့လုပ်ပိုင် ခွင့်၊ အသုံးပြုခွင့် ပေးထားခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက် သည့် လူပုဂ္ဂိုလ်/ အဖွဲ့အစည်းများ လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ပါက နိုင်ငံတော်အတွက်လည်း တစ်ဖက် တစ်လမ်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်သလို လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အသက်မွေးဝမ်း ကျောင်းမှုကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ပါ သည်။ ထို့အပြင် မြေကို ရောင်းကုန်သဖွယ် မဖြစ်စေရန် ဥပဒေဖြင့် ထိန်းကျောင်းခြင်းနှင့် စည်းကမ်းဖောက်ဖျက် မှုရှိပါက တင်သွင်းထားသည့် အာမခံကြေးကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကိုပါ ပြန်လည်ရုပ်သိမ်းမည်ဖြစ်ပါသည်။ လုပ်ငန်း ဆောင်ရွက်ရန်လျှောက်ထားသူ လူပုဂ္ဂိုလ်/ အဖွဲ့အစည်း များအနေဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လျှောက် ထားရာတွင် အချို့သော စီမံခန့်ခွဲရေးကော်မတီများနှင့် သဘောထားမှတ်ချက်ပေးရမည့် ဌာနများ၌ ကြန့်ကြာနေမှု များနှင့် တိကျပြတ်သားမှုမရှိသော သဘောထားမှတ်ချက်များ ပေးပို့လာမှုအတွက် ပြန်လည်မေးမြန်းရ၍ နှောင့်နှေးမှု များရှိနေကြောင်း သိရှိရသည့်အတွက် အဆိုပါကြန့်ကြာ နှောင့်နှေးမှုများ မရှိစေရေး ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်းနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ ကိစ္စရပ်နှင့်ပတ်သက်၍ သိရှိလိုသည်များနှင့် အကူအညီလိုအပ်ခြင်းများရှိပါက လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာန(ရုံးချုပ်)၏ မြေယာလုပ်ငန်း ဌာနခွဲ၊ တယ်လီဖုန်းအမှတ် ၀၆၇-၃၄၁၀၀၈၅ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ရေးသားတင်ပြလိုက်ရ ပါသည်။ ။