မေတ္တာစိတ် တာဝန်ယူစိတ်နှင့် အသိဉာဏ်ပညာ

လူငယ်ဆရာဝန်တစ်ဦး ကူးစက်ရောဂါ ဖြစ်ပွားနေမှုများကြားသို့ သွားရောက် တာဝန်ထမ်းဆောင်ရန် မိသားစုကို နှုတ်ဆက်နေသည့် အဖြစ်အပျက်ကို မြင်ရသူတိုင်းက မျက်ရည်စို့ရသည်။ ယင်းနှင့်အတူ ထိုသို့ တာဝန်ယူဆောင်ရွက်နေကြသော ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးအကူဝန်ထမ်းများ အစရှိသည့် ရောဂါကူးစက်မှု ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းနှင့် ဆက်နွယ်ပတ်သက်နေသူ အားလုံးကို လေးစားကြ၊ ချီးကျူးအားပေး သာဓုအနုမောဒနာ ခေါ်ဖြစ်ကြလေသည်။ ဤသည်က ကမ္ဘာတစ်ဝန်းရှိ နေရာများစွာ နိုင်ငံများစွာတွင် တွေ့ကြုံနေရသည့် မြင်ကွင်းလည်းဖြစ်၏။

 

သာဓု သာဓု သာဓု။

           

ယခုဖြစ်ပွားနေသော ကပ်ရောဂါဖြစ်ပွား ပြန့်နှံ့ကူးစက်မှုသည် ရှောင်လွှဲ၍မရနိုင်သည့် ဆိုးရွားလှသော ကပ်ရောဂါဘေးဖြစ်၏။ ယင်းကို ရဲရဲရင့်ရင့် ရင်ဆိုင်ကြသည်ကို မြင်ရသူတိုင်း ချီးမွမ်းထောမနာ မပြုဘဲမနေနိုင်။ အသက်ဘေးအန္တရာယ်နှင့် နီးကပ်လှသည့် ရှေ့တန်းတိုက်ပွဲဆီသို့ တာဝန်သိမှုအရ သာမက အများပြည်သူအတွက် ထမ်းဆောင်လိုသည့်၊ လောကအကျိုးကို ဦးစားပေး ဆောင်ရွက်လိုသည့် ပရဟိတစိတ်ဓာတ်၊ လောကဟိတစိတ်ဓာတ်ပင် ဖြစ်ပါ၏။ ထိုစိတ်ဓာတ်သည် လူသားဆန်သည့် နှလုံးသားကို ဖော်ကျူးနေသည့် မြင့်မြတ်ဂုဏ်ယူဖွယ် စိတ်ဓာတ်ပင်တည်း။

           

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားကာ ကပ်ရောဂါတစ်ခု ဖြစ်လာသည့်အခါ လူ့အဖွဲ့အစည်းတွင်း လူသားဆန်မှုကို တန်ဖိုးထားသည့် လူသားပီသစိတ်က ပိုမိုထင်ရှား ပေါ်လွင်လာလေသည်။ အခက်အခဲ အကျပ်အတည်း ဒုက္ခဘေးတို့ဖြင့် ကြုံလာရသည့်အခါ ကမ္ဘာပေါ်ရှိ နိုင်ငံအမျိုးမျိုး လူအမျိုးမျိုးတို့သည် တစ်ဦး နှင့် တစ်ဦး မိမိတတ်နိုင်သည့်နေရာမှ မိမိတတ်နိုင်သည့် ပုံစံဖြင့် တာဝန်ယူ ဆောင်ရွက်နေကြသည်ကိုလည်းကောင်း၊ ကူညီပေးနေကြသည်ကိုလည်းကောင်း၊ ကူညီပေးနေသူများကို ဝမ်းမြောက် ဝမ်းသာ သာဓုခေါ်ကြရင်း လက်ခုပ်တီးကြ၊ ဂုဏ်ပြုနေကြခြင်းသည် လည်းကောင်း၊ လူသားချင်း စာနာနားလည်ခြင်း ကူညီအားပေးခြင်းတို့၏ မြင့်မြတ်မှုကို ဖော်ပြနေခြင်းဖြစ်ပေသည်။

           

လူတို့၏ နေ့စဉ်ဘဝများမှာ နိစ္စဓူဝ လှုပ်ရှားလုပ်ကိုင်နေသည့် ပုံမှန်အခြေအနေတွင် တစ်ဦးချင်း ရင်တွင်းတွင် ကိန်းအောင်းနေသည့် သီလ၊ သမာဓိ၊ ပညာ၊ စိတ်နေ သဘောထား၊ အရည်အချင်း၊ ကိုယ်ရည်ကိုယ်သွေး စသည်တို့ကို သိသာထင်ရှားမြင်သာမှု ရှိချင်မှ ရှိမည်ဖြစ်၏။ သို့သော်လည်း အရေးရယ်အ ကြောင်းရယ်ဟူ၍ ဘေးအန္တရာယ်နှင့် ကြုံတွေ့လာရသည့် အရေးပေါ် အခြေအနေမျိုးတွင်မူ လူတို့၏ ပင်ကိုယ်မူလအတွင်းအဇ္ဈတ္တက ထင်သာမြင်သာ ပေါ်ထွက် လာတတ်ချေ၏။

           

အချို့သောသူတို့၏ ဣဿာမစ္ဆရိယစိတ်၊ လောဘ၊ ဒေါသ၊ မောဟ၊ မာန အစရှိသည့် အကုသိုလ်စိတ်များ တိုးထွက်လာသည်တို့ကို တွေ့မြင်ရသော်လည်း လူအများစုတို့၏ မေတ္တာစိတ်၊ ကရုဏာစိတ်၊ မုဒိတာစိတ်၊ ဥပက္ခာစိတ် စသည့် ဗြဟ္မစိုရ်စိတ်များ ရှေ့တန်းတိုးထွက်လာသည်မှာ ကြားသိရသူတိုင်း ဝမ်းမြောက်ပီတိ ဖြစ်ကြရသည့် အဆိုးကြားက ရတနာကောက်ရသလို ဖြစ်ကြပါသည်။

           

အသက်ဘေးအန္တရာယ် ထိခိုက်နိုင်သည်ထိ ဖြစ်ပွားနေချိန်တွင် အများအကျိုးကို ဦးစားပေး ထမ်းဆောင်လိုသော စိတ်ခွန်အားသည် လူတို့၏ရင်တွင်း၌ ကိန်းဝပ်နေသော မေတ္တာစိတ် ကရုဏာစိတ် ကိုယ်ချင်းစာနာစိတ်နှင့် တာဝန်ယူစိတ်တို့က ပေါက်ဖွားလာခြင်း ဖြစ်၏။

           

မိမိမဟုတ်သော အခြားသူတစ်ဦး၏ အကျိုးစီးပွားကို လိုလားစိတ်သည် မေတ္တာစိတ်ပေါ်တွင် အခြေတည်၏။ ထိုမေတ္တာစိတ်သည် သူတစ်ပါး အကျိုးဖြစ်သည်ကို လိုလား၏။ သူတစ်ပါး ဝမ်းမြောက် ဝမ်းသာဖြစ်သည်ကို မြင်လို၏။ သူတစ်ပါး အကျိုးဖြစ်သည့်အပေါ်၊ သူတစ်ပါး ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုကိုဆင်ခြင်ကာ ဝမ်းသာကြည်နူးဖြစ်၏။ သူတစ်ပါး အဆင်မပြေ အခက်အခဲတွေ့သည်ကို ကိုယ်တိုင်ခံစားရသကဲ့သို့ နာကြင်၏။ သူတစ်ပါး ဘေး ဒုက္ခနှင့် တွေ့နေသည်ကို စိတ်ထိခိုက်ခြင်းဖြစ်၏။

           

ထိုထိုသောမေတ္တာစိတ် ကရုဏာစိတ်တို့ဖြင့် အခြားသူတစ်ပါး ရင်ဆိုင်နေရသော အခက်အခဲ အကျပ်အတည်းနှင့် ဒုက္ခဘေးဒဏ်တို့ကို ကူညီဖြေရှင်းလို၏။ ထိုသို့ကူညီဖြေရှင်းလိုသည့် စိတ်ဆန္ဒ အတိုင်း လက်တွေ့ဆောင်ရွက်၏။ ယင်းသည် မေတ္တာစိတ်နှင့် ယှဉ်သော တာဝန်ယူစိတ်ကြောင့် ဖြစ်၏။

           

မေတ္တာစိတ်က အတ္တကို ပါးလျားစေ၏။ လောဘ ဒေါသကို လျော့နည်းစေ၏။ အတ္တ၊ လောဘ၊ ဒေါသ၊ မာနတို့ လျော့နည်းပါးလျားခြင်းကို တာဝန်ယူစိတ်ဖြင့် ပေါင်းစပ်ပြီးသည့်နောက် ယခုလို အခက်အခဲ အကျပ်အတည်းများကို ရဲရဲရင့်ရင့် ရင်ဆိုင်ကျော်ဖြတ်ရန် အင်အားများဖြစ်လာ၏။ ထိုစိတ်ဓာတ် အင်အားတို့ဖြင့် ကာကွယ်ဆေး ကုသဆေးများကို ရှာဖွေတီထွင်ရန် အားထုတ်ကြ၏။ ကူးစက် ပြန့်ပွားမှုနှုန်း မြန်ဆန်နေမှုကို ကာကွယ်တားဆီးရန် ပြင်ဆင်နေကြ၏။ လူတစ်ဦးချင်းစီ၏ အသိဉာဏ်မြင့်မားရေးကို မြှင့်တင်ကာ ဒုက္ခဘေးက ကျော်လွှားရန် လုံ့လပြု၏။

           

ယခု တွေ့ကြုံနေကြရသည့် ဒုက္ခဘေးသည် တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့် အကျပ်အတည်းဖြစ်၏။ လူ့အဖွဲ့အစည်းတစ်ခုလုံး ရင်ဆိုင်နေရသည့် ဒုက္ခဘေးဒဏ်ဖြစ်၏။

           

လူတစ်ဦးချင်းစီတွင်တည်သော မေတ္တာစိတ်၊ တာဝန်ယူစိတ် နှင့် ကျယ်ပြန့် မြင့်မားသော အသိဉာဏ်ပညာတို့သည်ကား ယနေ့ ကြုံတွေ့နေရသည့် ဒုက္ခဘေးဒဏ်နှင့် အကျပ်အတည်းတို့မှ အမှန်တကယ် ကျော်လွှားအောင်မြင်နိုင်မည့် အင်အားအစစ်အမှန် ဖြစ်ချေသည်တည်း။

 

မြန်မာ့အလင်း