MFF ဖူဆယ်လိဂ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

၂၂ ဇန်နဝါရီ

၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၅)ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ဆက်လက်ကျင်းပရာ ဇယားထိပ်ပိုင်းမှ အသင်းကြီးများ နိုင်ပွဲဆက်ခဲ့သည်။

ပွဲစဉ် (၁၅) တွင် ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည့် VUC အသင်းနှင့် MIU အသင်း၊ ယင်းနှစ်သင်းကို ဖိအားပေးနေသည့် GV အသင်းတို့ နိုင်ပွဲဆက်ခဲ့ပြီး ဇယားအောက်ပိုင်းမှ AMM Brothers အသင်းမှာလည်း နှစ်ပွဲဆက်အနိုင်ယူခဲ့သည်။ 

VUC အသင်းက On Doctor အသင်းကို ရှစ်ဂိုး-တစ်ဂိုး၊ MFF ယူ-၁၉ အသင်းက ဖူဆယ်ချစ်သူအသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊ GV အသင်းက Dream Team ကို ငါးဂိုး-နှစ်ဂိုး၊ လက်ရှိချန်ပီယံ MIU အသင်းက Do Do Ko Ko အသင်းကို ၁၀ ဂိုး-နှစ်ဂိုး၊ AMM Brothers အသင်းက မြို့မ JY အသင်းကို သုံးဂိုး-တစ်ဂိုး၊ Winner အသင်းက လက်ဝဲသုန္ဒရအသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ၁၃ ပွဲဆက်တိုက် နိုင်ပွဲမရခဲ့သည့် AMM Brothers အသင်းသည် နှစ်ပွဲဆက် အနိုင်ရလဒ်ကြောင့် အဆင့် ၁၀ နေရာအထိ တက်လှမ်းနိုင်ခဲ့သည်။ မြို့မ JY အသင်းမှာမူ ဇယားအောက်ပိုင်းမှ အသင်းများကို ထပ်မံအရေးနိမ့်ခဲ့ပြီး Winner အသင်းမှာလည်း On Doctors အသင်း၏ ရှုံးပွဲကို အသုံးချကာ အဆင့် (၄) နေရာသို့ တက်လှမ်းလာနိုင်ခဲ့သည်။

ပွဲစဉ် (၁၅) အပြီးတွင် VUC နှင့် MIU အသင်းတို့က ၄၃ မှတ်စီဖြင့် ထိပ်ဆုံးတွင် အပြိုင်ဖြစ်နေပြီး ဂိုးကွာခြားချက်ဖြင့် VUC အသင်းက ဆက်လက်ဦးဆောင်ကာ MIU အသင်းက ဒုတိယနေရာတွင် ရပ်တည်နေသည်။

GV အသင်းက ၃၉ မှတ်၊ Winner အသင်းက ၂၈ မှတ်၊ On Doctor အသင်းက ၂၅ မှတ်၊ မြို့မ JY အသင်းက ၂၁ မှတ်၊ MFF ယူ-၁၉ အသင်းက ၁၉ မှတ်၊ Do Do Ko Ko နှင့် Dream Team အသင်းတို့က ၁၅ မှတ်စီ၊ AMM Brothers အသင်းက ရှစ်မှတ်၊ လက်ဝဲသုန္ဒရအသင်းက ခြောက်မှတ်၊ ဖူဆယ်ချစ်သူအသင်းက လေးမှတ်ရရှိထားသည်။

ရဲရင့်ရှိုင်း