မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၄)ဦး ထပ်မံတွေ့ရှိသဖြင့် ရောဂါပိုးရှိသူ (၉)ဦးအထိရှိလာကာ အားလုံးကျန်းမာရေးကောင်းမွန်လျက်ရှိ

မြိတ် ၁၉ စက်တင်ဘာ  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၁၈ ရက် စစ်ဆေးချက်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ (၄)ဦး ထပ်မံတွေ့ရှိခဲ့ရာ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၉)ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး စတင်စစ်ဆေးတွေ့ရှိသူ (၂)ဦးသည် ရန်ကုန်တိုင်းဒေသကြီးသို့ ခရီးသွားရာဇဝင်ရှိခဲ့ပြီး ၎င်းတို့မိသားစုဝင်(၃)ဦး ရောဂါပိုးထပ်မံတွေ့ရှိခဲ့ကြောင်း၊ စက်တင်ဘာ ၁၈ ရက် ရောဂါပိုး တွေ့ရှိသူ(၄)ဦးသည် ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာသူများဖြစ်ကြ၍ မြိတ်မြို့ Quarantine Center တွင် အသွားအလာကန့်သတ်၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိပြီး  ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ရာမှ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ကျန်းမာရေးကောင်းမွန်ကြပါတယ်။ ရောဂါပိုးစစ်ဆေးတွေ့ရှိသူ (၄)ဦးက Quarantine Center မှ လာတာပါ။ ဒီ(၄)ယောက်နဲ့ အရင်(၅)ယောက်ရော ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါတယ်။ ရောဂါပိုးရှိတာကလွဲလို့ ရောဂါလက္ခဏာတစ်ခုမှ မရှိပါဘူး။ ကျန်းကျန်းမာမာ ရှိကြပါတယ်” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းက ပြောသည်။

ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိသူ (၄)ဦးမှာ အသက်(၄၈)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၂၂)နှစ်အရွယ် အမျိုးသမီးတစ်ဉီးနှင့် အသက်(၁၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြကာ  ၎င်းတို့နှင့်အတူ ခရီးသွားလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Quarantine Center သို့ ပို့ဆောင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)