မိုင်းပျဉ်းမြို့၌ ဒေသထွက်ခေါပုတ်များ အရောင်းသွက်လျက်ရှိ

 

မိုင်းပျဉ်း အောက်တိုဘာ ၂၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ဒေသထွက်ခေါပုတ်များ အရောင်းသွက်လျက်ရှိ ကြောင်း ခေါပုတ်ပြုလုပ်ရောင်းချသူ အမျိုးသမီးတစ်ဉီးထံမှ သိရသည်။

 

ခေါပုတ်သည် ဒေသခံတိုင်းရင်းသားများ၏ ရိုးရာအစားအစာတစ်မျိုးဖြစ်ပြီး ရာသီမရွေးပြုလုပ်ရောင်းချ လျက်ရှိရာ ယခုအခါ ဆောင်းရာသီဝင်ခါစအချိန် ရာသီစာလည်းဖြစ်၊ ကြိုက်နှစ်သက်သူလည်း များပြားလာ သည့်အတွက် ယခင်က တစ်နေ့ကို တစ်ဆယ်ပိဿာ၊ အလွန်ဆုံး တစ်ဆယ့်ငါးပိဿာလောက်သာ ပြုလုပ်ရောင်းချရပြီး အခုအခါ တစ်နေ့ကို ပိဿာ ငါးဆယ်အထိ ပုံမှန်ရောင်းချရကြောင်းလည်း အဆိုပါ ခေါပုတ်ပြုလုပ်ရောင်းချသူ ဒေါ်နန်းယုန်းက ပြောသည်။  

 

“မိုင်းပျဉ်းခေါပုတ်ကတော့ ကျွန်မစားဖူးသမျှ ခေါပုတ်ထဲမှာအကောင်းဆုံးပါ၊ အချို့ခေါပုတ်တွေဆို တစ်ရက်၊ နှစ်ရက်လောက်ဆိုမာသွားပြီ၊ မိုင်းပျဉ်းခေါပုတ်ကတော့ သုံး၊ လေးရက်လောက်ကို အိပြီး ကင်စားစား၊ ကြော်စားစား နှမ်းထောင်းများများနဲ့ဆိုတော့ ကြွပ်ကြွပ်ရွရွလေးနဲ့ မွှေးပြီး အရမ်းစားကောင်းတယ်၊ အခုဆိုရင် ဆောင်းရာသီထဲဝင်လာပြီဆိုတော့ မနက်ခင်းအေးအေးမှာ ကော်ဖီပူပူလေးနဲ့ဆို အရမ်းလိုက်ဖက်တယ်” ဟု မိုင်းပျဉ်းမြို့သို့ တာဝန်ဖြင့်ရောက်ရှိနေသော ဝန်ထမ်းတစ်ဉီးက ပြောသည်။

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များတွင် မိုင်းပျဉ်းခေါပုတ်ကို ကြိုက်နှစ်သက်သူများပြားကြောင်း၊ ခေါပုတ် အဖြူ၊ အညို၊ နှမ်းကပ်ငချိတ်ခေါပုတ်ဟူ၍ သုံးမျိုးရှိပြီး နှမ်းကပ်ငချိတ်သည် ပို၍စားကောင်းကြောင်း၊ တစ်ပိဿာကို ငွေကျပ်လေးထောင်ဖြင့်ရောင်းချကြောင်း၊ အခြားမြို့နယ်များမှလည်း တစ်ဆင့်မှာယူရောင်းချ ကြကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)